မျှတပါ

မျှတပါ ~~~~
ဖွံ့ဖြိုးတိုးတက်လိုသူတစ်ဦးဟာ မျှတဖို့ လိုပါတယ်။ မမျှတသူတွေဟာ ချမ်းသာကြွယ်ဝသူ ဖြစ်ရင်ဖြစ်မယ်။ ဖွံ့ဖြိုးတိုးတက်မှုတော့ ရှိမလာဘူး။
          မျှတတယ်ဆိုတာက သူတစ်ပါးထက် အခွင့်အရေးပိုမယူခြင်း ဖြစ်တယ်။ သူများပိုင်ပစ္စည်းကို မတော်မတရား မယူခြင်း ဖြစ်တယ်။ သူတစ်ပါးရဲ့ လုပ်အားကို ထိုက်တန်စွာ ပေးအပ်ခြင်း ဖြစ်တယ်။ မိမိထက် အားငယ်သူကို မနှိပ်စက်ခြင်း ဖြစ်တယ်။ မိမိလောက် မကျွမ်းကျင်သူကို အခွင့်အရေး ပိုပေးခြင်း ဖြစ်တယ်။ မိမိနဲ့ အင်အားမတူသူနဲ့ မတိုက်ခိုက်ခြင်း ဖြစ်တယ်။
          မမျှတတဲ့သူတွေကတော့ ပြောင်းပြန်ဖြစ်တယ်။ ဘယ်နေရာမဆို သူများထက် အခွင့်အရေး ပိုယူချင်တယ်။ သူများပိုင်ပစ္စည်းကို မတော်မတရား မယူခြင်း ဖြစ်တယ်။ သူတစ်ပါး လုပ်အားကို အလကား လိုချင်တယ်။ မိမိထက် အားငယ်သူဆိုရင် နှိပ်စက်မယ်။ မိမိထက် အားနည်းသူတွေကို တိုက်ခိုက်ခြင်း ဖြစ်တယ်။ လာဘ်ပေး လာဘ်ယူမှုတွေ လုပ်တာပါပဲ။
          မျှတတဲ့သူတွေဟာ အသိစိတ်လိပ်ပြာ Conscience မှာ ရှင်းနေတယ်။ ဒီတော့ ဒီလူတွေဟာ ပိုရှာဖွေနိုင်တယ်။ ပိုသိနိုင်တယ်။ ပိုဇွဲရှိလာတယ်။ ပိုစည်းကမ်းရှိလာတယ်။ ပိုကျွမ်းကျင်တတ်မြောက်သူတွေ ဖြစ်လာတယ်။ ချမ်းသာမှုထက်စာရင် ပိုကောင်းမွန်တဲ့ ဘဝကို ရရှိလာကြတာ ဖြစ်တယ်။ သူတစ်ပါးက မိမိအပေါ်လာလုပ်ရင် မကြိုက်တဲ့ အပြုအမူမျိုးကို အခြားသူတွေကို မလုပ်ကြတာ ဖြစ်တယ်။
          မျှတသူတွေဟာ ဦးစားပေးတွေကို လေးစားလိုက်နာကြတယ်။ တန်းစီပြီး မိမိအလှည့်မှ မိမိကိစ္စ ဆောင်ရွက်တယ်။ အခြားဦးစားပေးရမယ့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ နာမကျန်းသူတွေ၊ ဒုက္ခိတတွေ၊ မပြည့်စုံသူတွေကို လေးလေးစားစား ဦးစားပေးကြတယ်။
          မျှတသူများ ဖြစ်မှသာလျှင် ကောင်းမွန်သော လူ့အသိုင်းအဝိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်သော လူသားများ ဖြစ်လာနိုင်တယ်။

မျှတပါ

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

#Open More Online

Related Posts