လွတ်လပ်သော လူသားများ

လွတ်လပ်သော လူသားများ

လွတ်လပ်သော လူသားများ ~~~~
ဖွံ့ဖြိုးတိုးတက်လိုသူတွေဟာ လွတ်လပ်သော လူသားများ ဖြစ်ရန်လိုပါတယ်။ လွတ်လပ်သောဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ရန် လိုပါတယ်။

မြန်မာစကားလုံးမှာက လွတ်လပ်တယ်ဆိုတာ ရှိတယ်။ လွတ်မြောက်တယ်ဆိုတာ ရှိတယ်။ ဒီအဓိပ္ပာယ်နှစ်ခုက နည်းနည်းကွာတယ်။ အင်္ဂလိပ်စကားလုံးမှာတော့ Free ဆိုတာရှိတယ်။ Independent ဆိုတာရှိတယ်။ Liberate ဆိုတာ ရှိတယ်။ ဒီစကားတွေရဲ့ အဓိပ္ပာယ်က နည်းနည်းစီကွာပါတယ်။

Free ဆိုတာကလည်း လွတ်လပ်တာပဲ။ အချုပ်အနှောင်တွေ၊ ထောင်တွေ၊ ဖမ်းဆီးထားတာတွေ၊ အကျဉ်းအကျပ်တွေကြားက လွတ်မြောက်တာမျိုး ဖြစ်တယ်။ Independent ဆိုတာကလည်း လွတ်လပ်ရေးပါပဲ။ အမှီအခိုကင်းတယ်။ သူတစ်ပါးရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်တာပါပဲ။ ဒါက လူထုလူတန်းစားအချင်းချင်း ဖိနှိပ်မှုကနေ လွတ်မြောက်တာ၊ အနှောင်အဖွဲ့ကနေ လွတ်မြောက်တာကို ခေါ်ပါတယ်။ ဒီတော့ လွတ်လပ်တယ်ဆိုတာ အမျိုးမျိုး ရှိတယ်။

လွတ်လပ်တဲ့လူသားဆိုတာကတော့ ဒါတွေနဲ့ သိပ်မတူပါဘူး။ လူတွေဟာ မွေးလာကတည်းက လူ့တာဝန်တွေ ရှိတယ်။ မိသားစုဆိုရင် မိသားစုတာဝန်တွေ ရှိတယ်။ ဝန်ထမ်းဆိုရင် ဝန်ထမ်းတာဝန်တွေ ရှိတယ်။ နိုင်ငံသားဆိုရင် နိုင်ငံသားတာဝန်တွေ ရှိပါတယ်။ အားလုံးကနေ လွတ်လပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လူသားတွေမှာက အသိစိတ်လိပ်ပြာ Consience ဆိုတာ ရှိတယ်။ အကောင်အထည်ပြလို့ မရပေမယ့် ဘယ်သူတွေကို လိမ်ပြောပြော၊ ဘယ်သူမှ မသိအောင် လုပ်လုပ် ဒီအသိစိတ်က သိနေတာဖြစ်တယ်။ မိမိကိုယ်မိမိ လိမ်လို့မရဘူး။ လွတ်လပ်တဲ့ လူ့တာဝန်တွေ၊ ဝန်ထမ်းတာဝန်တွေ၊ ဖိနှိပ်မှုတွေ၊ လူတန်းစားခွဲခြားမှုတွေက လွတ်လပ်နေတာ မဟုတ်ဘူး။ ဒီအသိစိတ်မှာ လွတ်လပ်နေတာ။ ဒါကို Clear Conscious လို့ ခေါ်တယ်။ သူက ရှင်းပြီးနေတယ်။ ဒီလိုလူမျိုးသာလျှင် ဖွံ့ဖြိုးတိုးတက်နိုင်တယ်။

ဘယ်လိုလူမျိုးတွေက လွတ်လပ်နေလဲ၊ Clear Conscious ဖြစ်နေလဲဆိုရင် ရိုးသားတဲ့ လူတွေမှာ ဖြစ်တယ်။ မျှတတဲ့သူတွေမှာ ဖြစ်တယ်။ ကိုယ့်အားကိုယ်ကိုးသူတွေမှာ ဖြစ်တယ်။ တစ်ခုခုကို ဖုံးကွယ်ထားရရင် မဖြစ်တော့ဘူး။ တစ်ခုခု အမှားလုပ်ထားရင် မဖြစ်တော့ဘူး။ တစ်ခုခုလိမ်ထားရင် မဖြစ်တော့ဘူး။ မတရားတာတစ်ခု လုပ်ထားရင် မဖြစ်တော့ဘူး။ သူများကို အားကိုးနေရင် သူများမျက်နှာကို ကြည့်နေရတော့တာပဲ။ မလွတ်လပ်တော့ဘူး။

လွတ်လပ်တဲ့သူတွေ ဖြစ်မှသာလျှင် ရဲရဲတင်းတင်း ပြောရဲတယ်။ လေ့လာတယ်၊ သိလာတယ်၊ ဇွဲရှိလာတယ်။ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာတာ ဖြစ်တယ်။ တာဝန်သိခြင်း၊ တာဝန်ခံတဲ့ စိတ်တွေ ဖြစ်လာတာ ဖြစ်တယ်။ လူရယ်ဖြစ်လာရင် ဘာလုပ်လုပ် တာဝန်ကို သိဖို့ လိုတယ်။ တာဝန်ခံဖို့ လိုတယ်။ တာဝန်သိခြင်းအခြေအမြစ်ရှိမှ လွတ်လပ်စွာ ပျံသန်းနိုင်မယ့် အတောင်ပံတစ်စုံကို ရရှိလာမှာ ဖြစ်တယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts