သန့်ရှင်းပြီး

သန့်ရှင်းပြီး အာဟာရရှိသော အစားအသောက်များကို မျှတစွာ စားပါ

ဖွံ့ဖြိုးတိုးတက်လိုသူတစ်ဦးအတွက် သန့်ရှင်းပြီး အာဟာရရှိသော အစားအသောက်ကို မျှတစွာ စားသောက်ရန် အရေးကြီးဆုံး ဖြစ်ပါတယ်။ တချို့ကလည်း အစားအသောက်ကို အလွန်အကျွံ တချို့ကလည်း တွေ့ကရာ စားတယ်။ တချို့ကလည်း တောင်းစားတယ်။ တချို့က အသက်ရှင်သန်ရုံပဲ စားတယ်။ ဒီအယူအဆ အားလုံးဟာ အလွန်လွဲမှားသော အယူအဆများသာ ဖြစ်ပါတယ်။ အဓိကအချက်က အစားအသောက်ကို ဘာကြောင့် စားရသလဲ၊ ဘာတွေ စားကြမလဲဆိုတာကို သိဖို့ လိုပါတယ်။
          လူတွေဟာ အစားအသောက်တွေကို စွမ်းအင် Energy ရဖို့ စားရတာ ဖြစ်တယ်။ စွမ်းအင်ရှိမှ လူတွေဟာ ရှင်သန်နိုင်မယ်။ လှုပ်ရှားနိုင်မယ်။ ကြီးထွားလာနိုင်တာ ဖြစ်တယ်။ လူဆိုတာက အခြေခံအားဖြင့် အသား၊ အရိုး၊ သွေး၊ ရေဓာတ်၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒီတော့ စွမ်းအင်အပြင် ဒီအသား၊ အရိုး၊ သွေး၊ ရေဓာတ်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ လိုတဲ့ အစားအစာတွေပါ စားဖို့လိုတယ်။
          စွမ်းအင် Energy အတွက်ဆိုရင်တော့ အနှံကထွက်တဲ့ အစားအစာ Grain တွေကို စားရတယ်။ အနှံကထွက်တဲ့ အစားအစာတွေမှာက ဆန်၊ ဂျုံ၊ ပြောင်း အစရှိတဲ့ အခြေခံအစားအစာများ ဖြစ်တယ်။ ဆန်တွေ၊ ဂျုံတွေပါတော့ ထမင်းတို့၊ ခေါက်ဆွဲတို့၊ ကြာဇံတို့ ပါဝင်တာ ဖြစ်တယ်။ ဒါတွေက ကစီဓာတ် ကာဗွန်ဟိုက်ဒရိတ်ကို ပေးပါတယ်။ ဒီကာဗွန်ဟိုက်ဒရိတ်ဓာတ်က သကြားဓာတ်ဘက်ကို ပြောင်းပါတယ်။ သကြားဓာတ်ဖြစ်တယ်ဆိုရင် အရက်ပါ ချက်လို့ရတာ ဖြစ်တယ်။ လူငယ်တွေအတွက် စွမ်းအင်ကိုဖြစ်စေတဲ့ အစားအစာတွေ များများစားဖို့ လိုပါတယ်။ သို့သော် အသက်အရွယ် ကြီးလာသူများ၊ ဆီးချိုရောဂါ ရှိသူများအတွက်ကတော့ ကစီဓာတ် နည်းနည်းသာစားဖို့ လိုပါတယ်။
          နောက်. . .လူက အသားနဲ့၊ အသွေးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒီတော့ အသားနဲ့ သွေးကို အားပေးတဲ့ အသားဓာတ် Protein လိုတယ်။ အသားဓာတ်ကို ဘယ်ကရသလဲဆိုရင် တိရစ္ဆာန် အသားတွေက ရတယ်။ ဥတွေက ရတယ်။ ပဲအမျိုးမျိုးကလည်း ရပါတယ်။ အသား meat မှာ (၄)မျိုး ရှိတယ်။ အမဲသား Beef၊ သိုးသား Lamb၊ ဆိတ်သား Mutton နဲ့ ဝက်သား Pork တို့ ဖြစ်တယ်။ ပင်လယ်စာ Seafood မှုာကတော့ ပင်လယ်ထဲက ထွက်တဲ့ ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး အစရှိသည်တို့တွင် ပါဝင်ပါတယ်။ ဂိမ်းသား Game ကတော့ ရေဘဲ၊ စစ္စလီ၊ ငှက် အစရှိသည်တို့တွင် ပါဝင်ပါတယ်။
          နောက်. . .ဥအမျိုးမျိုး ပါဝင်ပါတယ်။ အသားမစားချင်ရင်တော့ ပဲအမျိုးမျိုးမှာ အသားဓာတ် ပါဝင်ပါတယ်။ အသားနဲ့ပဲ ရောစားတာကတော့ အကောင်းဆုံးဖြစ်တယ်။ လူတွေအတွက် အသားဓာတ်လိုတယ်ဆိုပေမယ့် အသားကိုတော့ အလွန်အကျူး မစားရဘူး။ အသားက လူတွေရဲ့ အူထဲမှာ အပုပ်မြန်တော့ အစာအိမ်ကင်ဆာ၊ အူကင်ဆာတွေ ဖြစ်တတ်တယ်။ အသားတွေအားလုံးမှာ အဆီဓာတ်ပါတယ်။ အဆီဓာတ်ကလည်း စွမ်းအင်ကို ဖြစ်စေတယ်။ သို့သော် ဒီအဆီဓာတ်တွေက နှလုံးသွေးကြောတွေကို ပိတ်တတ်တယ်။ ဒါကြောင့် အဆီအများဆုံး ပါဝင်တဲ့ ဝက်သားလိုမျိုးကို ရှောင်ကြဉ်သင့်တယ်။ အကောင်းဆုံးကတော့ ပင်လယ်ကထွက်တဲ့ Seafood တွေမှာ အဆီပါဝင်မှု နည်းတယ်။ ဒီ Seafood က အဆီကလည်း လူကို အကျိုးပြုတယ်။
          လူကို အရိုးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒီတော့ အရိုးတွေ ကြီးထွားဖို့ ထုံးဓာတ် Calcium လိုပါတယ်။ ဒီထုံးဓာတ်ကို နွားနို့မှ ရပါတယ်။ ဒါကြောင့် လူတွေကြီးထွားလာဖို့ နွားနို့သောက်ရမယ်။ ဒိန်ချဉ် သောက်ကို သောက်ရမှာ ဖြစ်တယ်။
          လူမှာ အရေပြား၊ မျက်စိ၊ နား၊ နှာခေါင်း၊ အူ၊ အစာအိမ်နဲ့ အတွင်းကလီဇာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းတွေအားလုံးဟာ ဗီတာမင်ဓာတ်မျိုးစုံနဲ့ အမျှင်ဓာတ်လိုအပ်တာ ဖြစ်တယ်။ ဒီဗီတာမင်ဓာတ်တွေနဲ့ အမျှင်ဓာတ်တွေကို ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများမှ ရရှိပါတယ်။ ဥပမာ- လူရဲ့ကိုယ်ခံအားကို ဖြစ်စေတဲ့ ဗီတာမင်စီဆိုရင် ချဉ်တဲ့အသီးတွေ၊ ရှောက်သီး၊ သံပုရာသီးတွေက ရတယ်။ ဒါကြောင့် အရွက်တွေ၊ အသီးတွေ များများစားဖို့ လိုပါတယ်။ အမျှင်ဓာတ်က ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။
          လူကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒါကြောင့် တစ်ရက်ကို ရေအနည်းဆုံး (၈)ခွက်
သောက်ကြရန် လိုတယ်။
          အခုစားရမယ့် ကစီဓာတ်တွေ၊ အသားဓာတ်တွေ၊ ထုံးဓာတ်တွေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို မျှတအောင်စားဖို့ လိုပါတယ်။ ဟန်ချက်ညီဖို့ လိုပါတယ်။ ကစီဓာတ်တစ်မျိုးလည်း စားလို့မရသလို အသားဓာတ်တစ်မျိုးတည်းလည်း စားလို့မရပါ။ သူ့အချိုးနဲ့သူ ပါဝင်ရန် လိုအပ်ပါတယ်။ ငယ်ရွယ်သူများအတွက်က ကစီဓာတ်၊ အသားဓာတ်၊ ထုံးဓာတ်တွေ များများလိုပေမယ့် အသက်အရွယ်ကြီးလာသူတွေအတွက် ဗီတာမင်နဲ့ အမျှင်ဓာတ်တွေက ပိုလိုနေတာ ဖြစ်ပါတယ်။
          ဘာပဲစားစား အစားအသောက်တွေဟာ သန့်ရှင်းဖို့ လိုပါတယ်။ သန့်ရှင်းတယ်ဆိုတာက မလိုအပ်တာတွေ ရောပါမနေဖို့၊ လတ်ဆတ်ဖို့ ဖြစ်တယ်။ အထူးသဖြင့် အသားတွေ စားမယ်ဆိုရင် အသားတွေဟာ လတ်ဆတ်ရမယ်။ ပုပ်သိုးနေတဲ့အသားတွေ မဖြစ်ရဘူး။ အသေကောင်တွေ မဖြစ်ရဘူး။ ဗိုင်းရပ်ပိုးတွေ ကူးစက်နေတဲ့ အသားတွေ မဖြစ်ရဘူး။ ဒါကြောင့် အသားတွေ ထုတ်လုပ်တဲ့ သားသတ်ရုံတွေက သန့်ရှင်းဖို့လိုတယ်။ သတ်နည်းမှန်ဖို့ လိုတယ်။ သတ်နည်းမမှန်ရင် မကောင်းတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ပြန့်နှံ့နိုင်တယ်။ နောက်. . .အသားတွေကို သိမ်းဆည်းမယ့် ရေခဲသေတ္တာ၊ ဖရီဇာ အစရှိသည်တို့ ကောင်းမွန်ရမှာ ဖြစ်တယ်။
          ဟင်းသီးဟင်းရွက်နဲ့၊ အသီးတွေနဲ့ ပက်သက်လို့လည်း ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများကို အလွန်အကျွံ သုံးစွဲနေမှုကြောင့် လူသားတွေအတွက် အလွန်အန္တရာယ်ကြီးတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ အသီးတွေ မစားခင် သေသေချာချာ ဆေးကြောကြရမယ်။ လိုအပ်ရင် ရေနွေးဖျောကြရမယ်။
          လူတွေ အနည်းဆုံး စားသောက်ရမယ့် အစားအစာကတော့ ဆီ၊ အငန်ဓာတ်၊ အချိုဓာတ်တို့ ဖြစ်တယ်။ ဆီမှာက အမျိုးမျိုး ရှိတယ်။ ပဲဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီ၊ သံလွင်ဆီတို့ ဖြစ်တယ်။ အဆိုးဆုံးကတော့ စားအုန်းဆီ ဖြစ်တယ်။ စားအုန်းဆီကို လုံးဝ မစားရဘူး။ နောက်. . .ထပ်ခါထပ်ခါ ကြော်ထားတဲ့ ဆီတွေကို မစားရဘူး။ ပဲဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီကို စားမယ်ဆိုရင်လည်း အစစ်ဖြစ်ဖို့ လိုတယ်။ ဆီမပါဘဲ ချက်ပြုတ်နည်းတွေ ဖြစ်တဲ့ ကင်ခြင်း၊ ပေါင်းခြင်းတွေကို များများ အသုံးပြုရမယ်။ အငန်ဓာတ်နဲ့ အချိုဓာတ်ပါတာတွေကို အနည်းဆုံးသာ စားသုံးရမယ်။
          လူအချို့က ကုန်ဈေးနှုန်းကြီးလို့ မစားနိုင်ကြောင်း ပြောပါတယ်။ တချို့က လစာမလောက်လို့ မစားနိုင်ကြောင်း ပြောပါတယ်။ တချို့ကလည်း ဟိုတယ်ပဲ တက်စားနေပါတယ်။ ဒါတွေက အဓိက မဟုတ်ပါဘူး။ ကိုယ် ဘာကြောင့်စားရမယ်ဆိုတာ သိဖို့လိုတယ်။ ဘာစားရမယ်ဆိုတာ သိဖို့လိုတယ်။ မိမိရဲ့ ဝင်ငွေနဲ့ တိုင်းထွာပြီး လိုအပ်တာကို စားဖို့လိုတယ်။ အကောင်းစားတွေ စားသောက်နေဖို့ မဟုတ်ဘူး။ မသန့်ရှင်းတဲ့ အစားအစာတွေကိုစားရင် အစာအဆိပ်သင့်မယ်။ ဝမ်းလျှောဝမ်းပျက်မယ်။ ကျောက်ကပ်ပျက်စီးပြီး ဘဝပျက်မယ်။ အသက်ပါဆုံးရှုံးပါမယ်။ အာဟာရမရှိတဲ့ အစားအစာတွေကို စားနေရင်တော့ လူစဉ်မမီတော့ဘူး။ လူတွေဟာ တဖြည်းဖြည်း သေးကွေးလာမယ်။ အင်အားချိနဲ့လာမယ်။ ခွန်နဲ့အားနဲ့ လုပ်ရမယ့် အလုပ်တွေ မလုပ်နိုင်တော့ဘူး။ ရောဂါရမယ်။ ရောဂါရတာနဲ့ နာကျင်မယ်။ ဝင်ငွေမရှိတော့ဘူး။ ဝင်ငွေမရှိတော့ လူမှုဒုက္ခတွေ ပိုရောက်မယ်။ နောက်. . .သက်တမ်းတိုတာ ဖြစ်လာမယ်။ ဒါကြောင့် သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားတတ်ကြဖို့ ရေးသားလိုက်ရပါတယ်။ 

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts

Leave a Reply

Your email address will not be published.