ကော်ဖီခွက်

တစ်ခါက တက္ကသိုလ်ကျောင်းဆရာကြီး တစ်ယောက်ထံကို သူ့ရဲ့ တပည့်ဟောင်းတွေ အလည်ရောက်လာပါတယ်။ တပည့်တွေနဲ့ အေးအေးဆေးဆေး စကားပြောရအောင် ဆိုပြီး ဆရာကြီးက ကော်ဖီဖျော်တိုက်ပါတယ်။ ဆရာကြီးက ကော်ဖီကို ကိုယ်တိုင်ဖျော်သလို ကိုယ်တိုင်ပဲ ဧည့်ခံချပေးပါတယ်။

ဒါပေမဲ့ …
ဆရာကြီးချပေးတဲ့ ကော်ဖီခွက်တွေက တစ်ခွက်နဲ့တစ်ခွက် မတူညီပါဘူး။ ကြွေခွက်၊ ဖန်ခွက်၊ ပလတ်စတစ်ခွက် စသည်အားဖြင့် ဈေးမျိုးစုံ၊ အရောင်မျိုးစုံနဲ့ပါ။ ကော်ဖီ ခွက်တွေကို ချပြီးတာနဲ့ “ကိုယ့်ဟာကိုယ် ယူသောက်ကြ” ဆိုတော့ အားလုံးက အလုအယက် ယူသောက်ကြပါတယ်။

တစ်ချို့က ကောင်းတဲ့ခွက်မရလို့တောင်မှ အချင်းချင်းစိတ်ကောက်တဲ့ အမူအယာလေးတွေ ပြကြတယ်။ သူတို့တွေ ကော်ဖီခွက်ကိုယ်စီ ယူပြီးချိန်မှာ ဆရာကြီးက …

“မင်းတို့ကို ငါဖျော်ပေးတဲ့ ကော်ဖီက တစ်ခုတည်းပါ။ အရသာလည်း အတူတူ အရေအသွေးလည်း အတူတူပဲ”
“ဟုတ်ကဲ့ ဆရာကြီး”
“ဒါပေမဲ့ မင်းတို့ဟာ ကော်ဖီခွက်တွေကို ကောင်းတာကို လိုချင်နေကြတယ်။ မင်းတို့သောက်မှာ ကော်ဖီခွက်လား”
“ကော်ဖီပါ ဆရာ”

အဖြစ်အပျက်လေးကို ဒီနားမှာပဲ ရပ်နားလိုက်ရအောင်ပါ။ ပြောချင်တာက ဒီလိုပါ။

အောင်မြင်သူဆိုတာ ကော်ဖီနဲ့တူတဲ့ မိမိလုပ်ရမဲ့ အရာကိုပဲ စိတ်ဝင်စားသင့်ပါတယ်။ ခွက်နဲ့တူတဲ့ မလိုအပ်တာတွေကို စိတ်မဝင်စားသင့်ပါဘူး။

ကျွန်တော်က
လမ်းလျှောက်နှေးတဲ့သူတစ်ယောက်ပါ။
ဒါပေမဲ့
ကျွန်တော် ဘယ်တော့မှ
နောက်ကြောင်း ပြန်မလှည့်ခဲ့ပါဘူး။

(အေဗရာဟင်လင်ကွန်း)

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Related Posts