Comfort Zone

အကျင့်တစ်ခုကိုပြင်ချင်ရင်

အကျင့်တစ်ခုကိုပြင်ချင်ရင် မိမိမှာ မကောင်းတဲ့ အကျင့်လေးတွေရှိနေတယ်။ မကောင်းတဲ့ အကျင့်ဆိုတာ ဘာတွေလဲဆိုတာ အများသိကြပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အိပ်ယာထနောက်ကျတာ၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတာ၊ အိပ်ရာထဲမှာခွေနေပြီး Facebook ကို ညဉ့်နက်သန်းခေါင်အထိ ကြည့်နေတာ၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းမလုပ်တာ စတာတွေပေါ့။

ဒီအကျင့်တွေက မကောင်းမှန်းသိတယ်။ ကိုယ့်ဘ၀ တိုးတက်စေရေးအတွက် အထောက်အကူ မဖြစ်စေဘူးဆိုတာ သိကြပါတယ်။ တစ်နေ့တစ်နေ့ အဲဒါတွေနဲ့ အချိန်ကုန်မယ့်အစား ကျောင်းစာလုပ်မယ်၊ အင်္ဂလိပ်စာ လေ့လာမယ်။ အလုပ်လုပ်နေသူကလည်း မိမိအလုပ်နဲ့ဆိုင်တဲ့ စာအုပ်ဖတ်မယ်။ အင်တာနက်ကနေ ဗဟုသုတတွေ ရှာဖွေဖတ်ရှုနေမယ်ဆိုရင် နှစ်အနည်းငယ်အကြာမှာ မိမိဘ၀ ပြောင်းလဲ တိုးတက်လာမယ်ဆိုတာလည်း ကောင်းကောင်းသိကြတယ်။

သိနေရင် ဘာလို့မလုပ်ကြတာလဲ။ အကျင့်ဟောင်းတွေကို ဘာလို့ မစွန့်နိုင်ရတာလဲ။ လူရဲ့ ပင်ကိုယ်သဘာ၀ဟာ ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ နေချင်တယ်။ မသက်မသာဖြစ်မယ့် ကိစ္စဆိုရင် မလုပ်ချင်ဘူး။ သက်တောင့်သက်သာနေချင်တဲ့ အခြေအနေကို အင်္ဂလိပ်လို Comfort Zone လို့ခေါ်တယ်။ လူတွေဟာအဲဒီ Zone ထဲမှာပဲနေချင်တယ်။ မကောင်းတဲ့ အကျင့်လေးတွေနဲ့ ဇိမ်ကျနေတာကိုး။

တချို့က ဒီအတိုင်းနေရင် ငါ့ဘ၀တိုးတက်မှာ မဟုတ်ဘူး။ အဲဒီတော့ မကောင်းတဲ့အကျင့်တွေကို ကောင်းတဲ့အကျင့်နဲ့ အစားထိုးမယ်ဆိုပြီး စလုပ်တယ်။ ဥပမာတစ်ခုပြောရရင် အဆီအဆိမ့်တွေစားပြီး ၀နေသူတစ်ယောက်ဟာ သူ့ဝိတ်ချဖို့ သူ့နေထိုင်ပုံစားသောက်ပုံ အကျင့်တွေကို ပြင်ဖို့ဆုံးဖြတ်လိုက်တယ်။ ညနေတိုင်းပြေးမယ်၊ လေ့ကျင့်ခန်းလုပ်မယ်။ အဆီအဆိမ့်မစားဘဲ ထမင်းနည်းနည်းနဲ့ အသီးအရွက် များများစားမယ်။ အဲဒီအတိုင်းလုပ်တယ်။ လုပ်နေကျမဟုတ်တော့ သူ့ကိုယ်တွေလက်တွေ ရိုက်ထားသလို နာကျင်ကိုက်ခဲလာတယ်။ စားနေကျ ပါးစပ်အရသာတွေမစားရတော့ ဗိုက်ကစာလောင်လာနေတယ်။ စိတ်တိုနေတယ်။ ဒါတွေဟာ Uncomfort Zone မသက်သာတဲ့ အခြေအနေထဲ ရောက်သွားလို့ ကိုယ်ရောစိတ်ပါ မသက်မသာ ခံစားနေရတာပါ။

တစ်ပတ်ကြာတော့ အဲဒီလူဟာ ဒီလိုမသက်မသာခံစားနေရတာကို ဆက်မခံစားချင်တော့လို့ အရင်သက်တောင့်သက်သာ နေရတဲ့ Comfort Zone ကို ပြန်သွားလိုက်တယ်။ လေ့ကျင့်ခန်းလုပ်တာကို ရပ်လိုက်ပြီး အရင်အတိုင်းပြန်စားတော့တယ်။ အခု သက်တောင့်သက်သာ နေနိုင်သွားပြီ။ အရင်အကျင့် ပြန်ဖြစ်သွားပြီ။ အကျင့်အသစ်ကို မပြောင်းနိုင်ခဲ့ဘူး။ ၀မြဲ ၀လျက်ပါပဲ။ ဘာမှမပြောင်းလဲပါဘူး။ ဘာဖြစ်လို့ သူဟာ အကျင့်ဟောင်းကနေ အကျင့်သစ်ကို ပြောင်းလဲမရတာလဲ။

လူတစ်ယောက်ဟာ အကျင့် တစ်ခုဖြစ်ဖို့ အနည်းဆုံး(၂၁)ရက်ကနေ (၃)လလောက် အချိန်လိုပါတယ်။ အဲဒီအချိန်ထိ ပုံမှန်လုပ်နေမှ အဲဒီအကျင့်သစ်ဟာ Comfort Zone အမြဲတမ်းထဲ ရောက်သွားမယ်၊ အကျင့်သစ်နဲ့ အသားကျသွားပြီ။ သက်တောင့်သက်သာ နေလို့ရသွားပြီ။ ဒါဆိုရင် ဦးနှောက်ထဲမှာ အဲဒီအကျင့် စွဲသွားပြီမို့ ဖျောက်ဖို့ခက်သွားပြီ။ ဒီလိုဖြစ်ဖို့ စိတ်ရှည်ဖို့ ဇွဲရှိဖို့ လိုပါတယ်။ တစ်ခု သတိပေးပါရစေ။ အဲဒီအကျင့်တစ်ခုကို အချိန်အတော်ကြာကြာ မလုပ်ပဲထားလိုက်ရင် အရင်အကျင့်ဟောင်းဆီ ပြန်ရောက်သွားနိုင်ပါတယ်။

Highly Successful people have learnt to develop good habits. အောင်မြင်တဲ့ထင်းရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းတဲ့အကျင့် လုပ်တတ်ကြတယ်။ သူတို့ဟာ Comfort Zone ထဲမှာ နေလေ့မရှိကြဘူး။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts