Can You SEE ME

ကျွန်တော် အိပ်ရာမှ နိုးလာသော်လည်း ထလို့ မရသေး၊ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ် တစ်ယောက်ယောက် တက်ထိုင်နေသည်။ မင်းဘယ်သူလဲ အော်ချင်ပေမယ့် အသံက ထွက်မလာ။ ရင်ဘတ်က နာလွန်းနေပြီ။ သူက ထိုင်လို့ ကောင်းတုန်း။ အမှတ်တမဲ့ သူအောက်ကို ငုံ့ကြည့်ရာ မျက်လုံးပွင့်နေသော ကျွန်တော့် ကို မြင်သွားသည်။

“မင်းတောင် နိုးလာပြီပဲ။”

စိတ်ပျက်ပျက်နှင့်ပင် သူ ပြောသည်။ ကျွန်တော်ကတော့ တစ်လုံးမှ ပြန်မပြောနိုင်။

“အိပ်လို့ ကောင်းရဲ့လားကွ…ငါ နှောင့်ယှက်သလိုများ ဖြစ်သွားလား…။ ငါလည်း လာချင်လို့ လာတာတော့ မဟုတ်ပါဘူးကွာ။” ပြောပြောဆိုဆိုနှင့်ပင် သူ ခေါင်းကုတ်နေသည်။ သူလက်မှာ အရေခန်းကာ အရိုးတွေပေါ်နေသည်။ မျက်နှာမှာလည်း ရွံရှာဖို့ ကောင်းလွန်းအောင် အမာရွတ်တွေနှင့် ပြည့်နေသည်။

မျက်လုံးများမှာမူ အရောင်လက်ကာ ဂနာမငြိမ် ဖြစ်နေသည်။

“မင်းငါနဲ့ လိုက်ခဲ့ဖို့ အဆင်သင့်ပဲလား။”

“ဘာ…ဒီကောင်ဘာတွေ ပြောနေတာလဲ။ ငါက သူ့နောက်ကို ဘာလို့ လိုက်ရမှာလဲ။ သူက ဘာကောင်လဲ။

ငါ…ဒီနေ့ အစည်းအဝေးတက်ရဦးမယ်။ ဘယ်အချိန်တောင် ရှိနေပြီလဲ။ ငါ့သားလေးကိုလည်း ကျောင်းလိုက်အပ်ပေးရဦးမယ်။ ဒီနေ့ ဆရာ့ကိုလည်း ညစာချက်ကျွေးဖို့ စီစဉ်ရဦးမယ်။ ဒီကောင်ကွာ…။”

သူကတော့ ဖင် တစ်ဒီဂရီတောင် မကြွ။

ကျွန်တော့်ကို စိုက်ကြည့်ကာ ပြုံးစပ်စပ်နှင့်။ “ကဲကွာ…ငါအချိန် သိပ်မရှိဘူး။ မင်းလိုက်ခဲ့ရတော့မယ်။

ခဏလေးကွာ။ မင်းကို အတည်ပြုဦးမယ်။”

“မင်းနာမည်က ဦးမင်းသူရ၊ အသက်က ၅၆။ ဟုတ်ပြီ။ မင်းမှာ သားတစ်ယောက်ရှိတယ်။ မင်းပထမဇနီးနဲ့ ရခဲ့တယ်။
ဒုတိယဇနီးနဲ့တော့ သားသမီး မထွန်းကားခဲ့ဘူး။

မင်းမှာ အလုပ်ကောင်းကောင်း ရှိတယ်။ အနာဂတ်ကလည်း သိပ်တော့ မဆိုး။ ဒါပေမယ့်…

အချိန်စေ့ပြီကွ။
သွားရအောင်ကွာ။
ဒါလူတိုင်း လျှောက်ခဲ့တဲ့ လမ်း၊ လျှောက်ကြရမယ့် လမ်းပဲလေကွာ။”

ကျွန်တော့် လည်ချောင်းထဲတွင် စကားလုံးများဆို့နင့်ကာ ပါးစပ်မှတော့ ထွက်ကျမလာ။

သူ ကျွန်တော့်ကို သနားသလို ကြည့်နေသည်။

“မင်း အစားအသောက်မှ မဆင်ခြင်ဘဲ။
မင်း မနေ့ညက မင်း တပည့်ကျွေးတဲ့ အသားကင်တွေ စားလိုက်တာပဲ။
မင်း ဆရာကို ပြန်ကျွေးချိန်တောင် မရလိုက်တော့ဘူး။”

“ကဲ…သွားမယ်ကွာ။”

သူ ကျွန်တော့် ရင်ဘတ်ပေါ်မှ ထသွားသည်။ ပြီးမှ….ရုတ်တရက် ကျွန်တော့်ဘက်ကို လှည့်ကြည့်ကာ
“မင်းငါ့ကို မှတ်မိသလားကွ။”

သူ့မျက်နှာက အမာရွက်တွေနှင့်မို့ သေချာကြည့်ရသည်။

မမှတ်မိပါ။ အသံမထွက်နိုင်သည်မို့ ခေါင်းယမ်းပြလိုက်သည်။

သူက မဲ့ပြကာ
“ငါမင်းတို့ကြားမှာ နေ့တိုင်း သွားလာနေတာပဲကွ။
မင်းတို့က သတိမှ မထားနိုင်ကြပဲ။”

သူ ကျွန်တော့် ကို ကျောပေးကာ ရှေ့သို့ ရွေ့လျားသွားသည်။ ကျွန်တော်လည်း  ရင်ဘတ်အောင့်လျက် ခြေချောင်းတို့ ကိုက်ခဲကာ သူ့နောက်သို့ လေးလေးဖင့်ဖင့်နှင့် တရွေ့ရွေ့လိုက်သွားရသည်။ နောက်ကို လှည့်ကြည့်ရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သား၊ ဇနီးသည်တို့နှင့်အတူ မလှုပ်မယှက် လဲလျောင်းနေသော ကျွန်တော့်ကိုယ်ခန္ဓာကို တွေ့ရသည်။

SwanHtet (HapEye.Net)

Related Posts