‌ထူးထူးခြားခြား ကြီးပွားချမ်းသာ အောင်မြင်ကျော်ကြားသူတွေ

‌ထူးထူးခြားခြား ကြီးပွားချမ်းသာ အောင်မြင်ကျော်ကြားသူတွေ နဲ့ အဲ့သလိုမဟုတ်သူတွေရဲ့ကြားမှာရှိတဲ့ ခြားနားမှုဟာ နာမည်ကြီးတာ၊ မကြီးတာနဲ့ စည်းစိမ်ချမ်းဥစ္စာရှိတာ မရှိတာ ကွာရုံလောက်သာမဟုတ်။ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ပုံနဲ့ နေထိုင်ပုံတွေမှာပါ ကွဲပြားနေတယ်။ စူပါ အောင်မြင်သူတွေရဲ့ ထူးခြားတဲ့လက္ခဏာ ၁၂ ရပ်ဟာ ဟော့ဒီလိုဖြစ်တယ်။

၁။ သူတို့ဟာ အားလပ်ရက်မှာ အနားယူ အပန်းဖြေရတာကို နှစ်ခြိုက်တယ်။ အားလပ်ရက် ကုန်သွားပြီးတဲ့နောက် လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါ သူတို့ရဲ့ ခါတိုင်းလုပ်နေကျပုံစံနဲ့ လျှောက်နေကြလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်တတ်ကြတယ်။၂။ သူတို့ရဲ့ ဝါသနာနဲ့အလုပ်ဟာ တစ်ထပ်တည်းကျနေလေ့ရှိကြတယ်။ အားလပ်ချိန်မှာ အားကစား ဒါမှမဟုတ် တခြား ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်တာထက် စာဖတ်တာလိုမျိုး ဉာဏကိစ္စတွေလုပ်ဖို့ ပိုပြီး အာသီသရှိတတ်တယ်။

၃။ သူတို့ဟာ အပေါင်းအသင်း ဝင်ဆံ့သူတွေဖြစ်တယ်။ ပွဲလမ်းတစ်ခုမှာ သိတဲ့သူ ဘယ်သူမှမရှိလို့ စိတ်မပျက်တတ်ကြဘူး။ အဲ့ဒီအစား သူတို့ကိုယ်သူတို့ စတင်မိတ်ဆက်ပြီး ဖော်ရွေစွာ မိတ်ဖွဲ့တတ်ကြတယ်။

၄။ သူတို့ဟာ အကောင်းမြင်သမားတွေ ဖြစ်သလို လက်တွေ့ကျကျဆောင်ရွက်တတ်ကြတယ်။ လုပ်ရင်ဖြစ်ရမယ် ဆိုတဲ့သဘောထားကို လက်ကိုင်ပြုတတ်ကြတယ်။ ဒါပေမယ့် လေထဲ တိုက်အိမ်ဆောက်တဲ့ မရေမရာစိတ်ကူးမျိုးနဲ့ဆောင်ရွက်တာထက် ဖြစ်မှာသေချာတဲ့လမ်းကြောင်းကိုသာ ရွေးချယ်လုပ်ကိုင်တတ်ကြတယ်။

၅။ သူတို့ဟာ လူနေချုံကြား၊ စိတ်နေဘုံဖျားသမားတွေ ဖြစ်တယ်။ အဆင်မသင့်တဲ့အခိုက် ဘယ်လိုပဲနိမ့်ကျနိမ့်ကျ စိတ်ဓာတ်မကျတတ်ဘူး။ သူဖုန်းစားဘဝကနေ ကုဋေကြွယ်သူဌေးဖြစ်တယ်ဆိုတဲ့ အိပ်မက်မျိုးဟာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြတယ်။

၆။ သူတို့ဟာ ကျန်းမာရေး အလွန်ကောင်းကြတယ်။ ဖျားနာခဲတယ်။

၇။ သူတို့ဟာ ငယ်စဉ်က စံပြကလေးတွေ မဟုတ်ကြဘူး။ ကလေးခေါင်းဆောင်တွေတော့ ဖြစ်တတ်ကြတယ်။ ဒါပေမယ့် လိမ်မာရေးခြားတော့ မရှိတတ်ကြဘဲ ကလေးဆိုးလည်း ဆိုးတတ်ကြတယ်။

၈။ သူတို့ဟာ သူတို့ကိုယ်သူတို့ ကံကောင်းသူတွေလို့ ထင်ထားကြတယ်။ နောင်လည်း ကံကောင်းနေဦးမယ်လို့ ယုံကြည်ထားတယ်။

၉။ သူတို့ဟာ အာရုံစူးစိုက်မှု အားကောင်းသူတွေဖြစ်တယ်။ လုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီး အားစိုက်ခွန်စိုက်လုပ်တတ်တယ်။

၁၀။ ဆုံးဖြတ်ချက်ချတဲ့အခါ အကြောင်းအကျိုး ဆက်စပ်မှုရှိတဲ့ သတင်းအချက်တွေကိုကော သူတို့ရဲ့ ထိုးထွင်းသိမြင်မှုဉာဏ်ကိုပါ ယှဉ်တွဲ အသုံးချတတ်ကြတယ်။

၁၁။ သူတို့ဟာ အလွှာပေါင်းစုံကလူတွေနဲ့ သိကြတယ်။ မိတ်ဆွေအပေါင်းအသင်း အလွန်များတယ်။ ဒါကြောင့် အသုံးဝင်တဲ့ အဆက်အသွယ်တွေ အများကြီးရှိတယ်လို့ ဆိုရမယ်။

၁၂။ သူတို့ဟာ အသေးအဖွဲတွေကြားမှာ နစ်မျောမနေဘဲ အားလုံးကို ခြုံငုံကြည့်ဖို့ ကြိုးစားတတ်ကြတယ်။

ဒီလို ဝိသေသထူးတွေရှိအောင် ကြိုးစားနိုင်ရင် စူပါအောင်မြင်သူဖြစ်ပြီလို့ မဆိုနိုင်ပေမယ့် စူပါအောင်မြင်သူဖြစ်လာဖို့ အစပြုပြီလို့တော့ ဆိုနိုင်တယ်။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ ဆရာမိုး(Follow Me, Ph.D)၏ အောင်မြင်တဲ့ဘဝရစေဖို့ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts