ပညာကြေးပါ

ဒီပုံပြင်လေးကတော့ တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။ မကြားဖူသူများအတွက် ရေးလိုက်တာပါ။ စက်ရုံမှူးတစ်ယောက်ဟာ တစ်နေ့မှာ သူ့စက်ရုံရဲ့ ဘွိုင်လာအိုး (ရေနွေးငွေ့ပေါင်းအိုး) ပျက်သွားလို့ ဘွိုင်လာကျွမ်းကျင် ပညာရှင်တစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။

မကြာခင် ပညာရှင် စက်ရုံကိုရောက်လာပြီး ဘွိုင်လာအိုးကို စက်ရုံမှူးနဲ့ သွားကြည့်ကြပါတယ်။ ဘွိုင်လာအိုးရှိတဲ့နေရာရောက်တာနဲ့ ပညာရှင်ဟာ သူ့ပစ္စည်းကိရိယာထည့်တဲ့ သေတ္တာလေးထဲက တူသေးလေးတစ်လက်ကို ထုတ်လိုက်ပါတယ်။ ပြီးတော့ ဘွိုင်လာဘေးဘက် နေရာအနည်းငယ်မှာ သူ့တူလေးနဲ့ လေး၊ ငါးချက်လောက် ခေါက်လိုက်ပါတယ်။ ပြီးတာနဲ့ ပညာရှင်က စက်ရုံမှူးကိုပြောလိုက်တယ်။ “ဒီနေရာမှာ အပေါက်တစ်ခု ရှိနေတယ်။ အပေါက်ကနေ လေစိမ့်ထွက်နေတယ်။ ဖာလိုက်ရင် ကောင်းသွားမှာပါ”တဲ့။

စက်ရုံမှူးလည်း ဘွိုင်လာအပြစ်ကို လွယ်လွယ်ကူကူရှာတွေ့ပြီး ခက်ခက်ခဲခဲ ပြင်စရာမလိုတာကြောင့် အတော်လေးဝမ်းသာသွားတယ်။

“ဆရာ ဒီစစ်ဆေးခအတွက် ဘယ်လောက်ကျပါသလဲ ခင်ဗျာ” လို့ မေးလိုက်တယ်။ ပညာရှင်က ဒေါ်လာ (၅၀၀) ကျပါတယ်လို့ ပြန်ပြောပါတယ်။ စက်ရုံမှူးလည်း အတော်လေးအံ့အားသင့်ပြီး ဒေါသလည်း ထွက်သွားတယ်။ ဒါကြောင့် သူက “ဆရာရယ် တူလေး လေး၊ငါးချက် ခေါက်ပြီး ဒေါ်လာ (၅၀၀) တောင် တောင်းတာ မလွန်လွန်းဘူးလားဗျာ” လို့ ပြောလိုက်တယ်။

ပညာရှင်က အေးအေးဆေးဆေးပဲ အခုလိုပြောလိုက်ပါတယ်။ “ဟုတ်ပါတယ်။ တူခေါက်ခက ဒေါ်လာ (၂၀)ပဲကျပါတယ်။ ကျန်တဲ့ဒေါ်လာ (၄၈၀)ကတော့ ဘယ်နေရာမှာ တူခေါက်ရမလဲဆိုတာသိအောင် လေ့လာခဲ့ရတဲ့ ပညာကြေးပါ”တဲ့။

ပညာသင်ယူတဲ့အချိန်မှာ အရမ်းပင်ပန်းပါတယ်။ ကြိုးစားကျက်မှတ်ရတယ်။ လေ့လာရတယ်။ ဒါပေမဲ့ ပညာတတ်သွားလို့ ပညာနဲ့ လုပ်ကိုင် စားသောက်ရတဲ့ အချိန်ကျရင်တော့ ပညာမတတ်သူတွေထက် ဝင်ငွေပိုကောင်းသလို ပညာမတတ်သူတွေလိုလည်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ မနေရပါဘူး။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts