အစာခြေစနစ်ကျန်းမာရေး

အစာခြေစနစ်ကျန်းမာရေးကို ထိခိုက်နိုင်မည့် နေ့စဉ် အမူအကျင့်များ

အစာခြေစနစ်ကျန်းမာရေးကို ထိခိုက်နိုင်မည့် နေ့စဉ် အမူအကျင့်များ

အူလမ်းကြောင်းက ခုခံအားစနစ်ရဲ့ အလယ်ဗဟိုဌာနလို့ ခေါ်ဆိုလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်က အသုံးပြုနေတဲ့ ဆီရိုတိုနင်ရဲ့ ၇၀-၈၀ ရာခိုင်နှုန်းကို အူလမ်းကြောင်းကနေ ထုတ်လုပ်ပေးတာကြောင့်ပါ။ အူလမ်းကြောင်းကျန်းမာရေးဟာ ဝက်ခြံထွက်တာ၊ စိတ်ဓာတ်ကျတာကအစပြုပြီး စိတ်အာရုံစူးစိုက်မှု ပြဿနာတွေအထိ ဝေဒနာမျိုးစုံအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် သူ့ကျန်းမာရေးကောင်းမွန်ပါမှ သင်စားလိုက်တဲ့အစားအစာနဲ့ အာဟာရတွေကို ခန္ဓာကိုယ်က ကောင်းမွန်စွာ စုပ်ယူနိုင်ပါမှ သင်စားလိုက်တဲ့ အစားအစာနဲ့ အာဟာရတွေကို ခန္ဓာကိုယ်က ကောင်းမွန်စွာ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲက အကျိုးပြုဘက်တီးရီးယားတွေနဲ့ လူကို ဒုက္ခပေးတဲ့ဘက်တီးရီးယားတွေက မွေးကတည်းက ပါဝင်လာတတ်ပြီး ကျွန်မတို့ရဲ့ အနေအထိုင်၊ အပြုအမူတွေကြောင့် ပါဝင်တဲ့အချိုးအစားတွေ ပြောင်းလဲသွားနိုင်ပါတယ်။

လူ့အကျိုးပြုဘက်တီးရီးယားတွေက အစားအစာမှ အာဟာရတွေ ဓာတ်ပြုဖို့ကူညီပေးပြီး ရောဂါပိုးကိုကာကွယ်ပေးကာ သွေးခဲစေတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးပါတယ်။ လူကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကတော့ လေပွပြီး အဝလွန်တာတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် အင်ဆူလင်ခံနိုင်ရည်လျော့ကျစေပြီး အူမကြီးကင်ဆာ ဒါမှမဟုတ် အူမကြီးရောင်ရမ်းရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဒီဘက်တီးရီးယားနှစ်မျိုးရဲ့ အချိုးတွေ ကမောက်ကမ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှု များလွန်းခြင်း
စိတ်ဖိစီးမှုများတဲ့အခါမှာ ခန္ဓာကိုယ်က ဖိစီးမှုဟော်မုန်းကော်တီစောနဲ့ အဒရီနယ်လင်တွေ ထွက်လာပြီး Fight or Fight အခြေအနေကို ရောက်ရှိသွားပါတယ်။ ဒီလိုအခြေအနေအတွက် အဆင်သင့်ဖြစ်အောင် အူထဲရောက်နေတဲ့သွေးတွေက ရောဂါကို ပြန်လည်တွန်းလှန်နိုင်မယ့်နေရာတွေဆီ ရောက်ရှိသွားပါတယ်။ ဒီလိုအူထဲမှာ သွေးတွေနည်းသွားတာကြောင့် အစာခြေရည်တွေ ထွက်ရှိမှုနည်းသွားပြီး အူလှုပ်ရှားမှု နှေးကွေးသွားပါတယ်။

အချိန်အကြာကြီး ထိုင်ခြင်း
တစ်နေကုန်ထိုင်နေတာကလည်း အစာခြေစနစ်အတွက် မကောင်းလှပါဘူး။ လေ့လာမှုတွေအရ လှုပ်လှုပ်ရှားရှားနေတာက အူထဲက ဘက်တီးရီးယားအချိုးအစားတွေ မျှတစေပြီး အူကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့သိရပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ ထိုင်နေရင် အူထဲက အဆိပ်အတောက်၊ အညစ်အကြေးတွေ ရွေ့လျားနိုင်ဖို့ ခက်ခဲသွားတဲ့အတွက် ဝမ်းချုပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ကော်ဖီအလွန်အကျွံသောက်ခြင်း
စိတ်ဖိစီးမှုများလွန်းတာကြောင့် ဖိစီးမှုဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်သလို ကဖင်းရရှိမှုများတာကြောင့်လည်း ဒီဟော်မုန်းတွေ ထွက်လာနိုင်ပါတယ်။

မလိုအပ်ဘဲ ပဋိဇီဝဆေးဝါးများ မှီဝဲခြင်း
ပဋိဇီဝဆေးဝါးတွေက ဘက်တီးရီးယားပိုးမွှားတွေ သေစေဖို့အတွက်သာ အသုံးပြုရတာပါ။ မလိုအပ်ဘဲ အဲဒီဆေးဝါးတွေကို မကြာခဏအသုံးပြုတာကြောင့် ဆေးမတိုးနိုင်တော့ဘူး။ ဒါ့အပြင် ဒီဆေးဝါးတွေကြောင့် အူထဲမှာရှိတဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေ သေဆုံးသွားနိုင်ပါတယ်။ လူ့အကျိုးပြုဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲ များများရှိတာက ခုခံအားစနစ်ကို အထောက်အပံ့ရရှိစေနိုင်ပါတယ်။

အယ်လ်ကာလီအစားအစာများ မစားသုံးခြင်း
အယ်လ်ကာလီအစားအစာတွေက စားချဉ့်ပြန်တာနဲ့ အစာအိမ်ရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အစိမ်းရင့်ရောင်ဟင်းရွက်၊ မုန်လာဥနီနဲ့ မုန်လာဥဝါလိုမျိုး အမြစ်အမျိုးအစားဟင်းသီးဟင်းရွက်နဲ့ ပန်းသီးရှလကာရည်တွေက အယ်လ်ကာလီအစားအစာတွေ ဖြစ်ပါတယ်။

အစာစားရာတွင် မြန်လွန်းခြင်း
အစာကို များများဝါးစားလေလေ၊ အစာခြေဖို့ လွယ်ကူပြီး အစာခြေစနစ်အတွင်း လေထွက်နှုန်း နည်းလေလေပါ။ ထမင်းစားဖို့ မိနစ် ၂၀-၃၀ လောက်အချိန်ယူသင့်ပါတယ်။ ဒါမှသာ အစာအိမ်ကနေ ဗိုက်ပြည့်တင်းနေကြောင်း ဦးနှောက်ကို အချက်ပြဖို့ အချိန်ရမှာပါ။ အစာမြန်မြန်စားတာကြောင့် အစာလွန်ကျူးမှုဖြစ်ပြီး အစာအိမ်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လေတွေကိုပါ မျိုချပြီး စားလိုက်သလိုဖြစ်တာကြောင့် လေထတာ၊ လေထိုးလေအောင့်ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။

အစာစားသည့် ပမာဏများလွန်းခြင်း
တစ်ခါတည်းနဲ့ အစာများများစားတာ ဒါမှမဟုတ် ရေသောက်တာတွေကြောင့် ဗိုက်တင်းကားလာပြီး လေပွတာ၊ စားချဉ့်ပြန်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ကြိမ်စားရင် နည်းနည်းနဲ့ မကြာခဏစားပေးတာက အစာခြေဖို့ လွယ်ကူနိုင်ပါတယ်။

မကြာခဏ အစာစားခြင်း
တစ်နေ့တာလုံးအတွက် အစာခြေစနစ်ကို အနားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့တွေဟာ များသောအားဖြင့် အစာကြီး သုံးနပ်ကို စားသုံးကြပြီး ကြားထဲမှာလည်း အဆာပြေအစားအစာတွေကို စားလေ့ရှိပါတယ်။ ညစာနဲ့ နံနက်စာကြားမှာ ညလယ်စာအတွက် အစာမစားသင့်တော့ပါဘူး။ ညဉ့်နက်မှ အစာစားတာကြောင့် စားချဉ့်ပြန်ပြီး ရင်ပူရင်နာဖြစ်လာနိုင်ပါတယ်။

အစာနှင့်အတူ ဖျော်ရည်သောက်ခြင်း
အစာနှင့်အတူ ရေ၊ လက်ဖက်ရည် ဒါမှမဟုတ် အချိုရည်၊ ဆော်ဒါဖျော်ရည်တွေ သောက်သုံးတာကြောင့် လေပွနိုင်ပါတယ်။ အစာအိမ်ထဲမှာ အစာတွေ ပြည့်နေတဲ့အတွက် အစာမျိုပြွန်ကို အစာတွေ ဆန်တက်လာနိုင်ကာ စားချဉ့်ပြန်တာတွေ ဖြစ်လာနိုင်ပါတယ်။

အမျှင်ဓာတ်လုံလုံလောက်လောက် မစားသုံးခြင်း
အမျှင်ဓာတ်က အစာခြေစနစ်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး အမျှင်ဓာတ် ၂၅ ဂရမ်လောက်ရရှိဖို့ လိုအပ်ပါတယ်။ အမျှင်ဓာတ်လုံလုံလောက်လောက်ရရှိတာကြောင့် အူရွေ့လျားမှု ပုံမှန်ဖြစ်စေပြီး ဝမ်းချုပ်တဲ့ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အူမကြီးနဲ့ စအိုကင်ဆာဖြစ်နိုင်ခြေလည်း လျော့နည်းစေနိုင်ပါတယ်။

သကြားနှင့် အဆင်သင့်စာများ အစားများလွန်းခြင်း
သကြားဟာအူမကြီးအတွက် ပြဿနာအလွန်ပေးနိုင်တဲ့ အစားအစာပါ။ သကြားအစားများလွန်းတာက ရောင်ရမ်းမှုဖြစ်တာနဲ့ဆက်စပ်မှုရှိပြီး ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် သကြားက ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေ အလွန်ကြိုက်နှစ်သက်တဲ့ အစားအစာလည်း ဖြစ်ပါတယ်။ အဆင်သင့်စာတွေ စားသုံးတာကလည်း အူအတွင်းက ဘက်တီးရီးယားအချိုးအစားတွေ ကမောက်ကမဖြစ်စေနိုင်ပါတယ်။

ပီကေဝါးခြင်း
ပီကေဝါးတာက ခံတွင်းရနံ့အတွက် ကောင်းမွန်ပေမယ့် သူ့ကို ဝါးတာကြောင့် လေတွေ အများကြီး မျိုချသလိုဖြစ်နိုင်ကာ လေပွတာ၊ လေထိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ သကြားလုံးစားတာကြောင့်လည်း ဒီလိုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ရေလုံလုံလောက်လောက် မသောက်ခြင်း
ရေက ဝမ်း(မစင်)ကို ပျော့ပျောင်းစေပါတယ်။ သူကလည်း အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံးရေရှစ်ခွက်ပြည့်အောင် သောက်ရပါမယ်။ ရေဓာတ်ပြည့်ပြည့်ဝဝရှိမှ အူရဲ့လုပ်ဆောင်ချက်တွေ ကောင်းမွန်လာပြီး အစာဟောင်းတွေကို အလွယ်တကူ စွန့်ပစ်နိုင်မှာပါ။ ရေသောက်တာကြောင့် လိပ်ခေါင်းရောဂါ ဒါမှမဟုတ် စအိုကွဲတာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အဆီများသည့်အစားအစာများ စားသုံးခြင်း
အဆီက အူရဲ့ အမြှေးပါးတွေကို ပျက်စီးစေနိုင်ပြီး တချို့ဘက်တီးရီးယားတွေကို သွေးထဲအလွယ်တကူ ရောက်ရှိသွားစေနိုင်ပါတယ်။ လေ့လာမှုအရ အဆီများတဲ့ အစားအစာစားသုံးတာကြောင့် အူမကြီးကင်ဆာနဲ့ အဆီကို ချေဖျက်နှုန်းနှေးကွေးတာလိုမျိုး ပြဿနာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ခဲ့ရင် လေပွတာ၊ ဝမ်းချုပ်တာ၊ ရင်ပူနာနဲ့ လေထိုးလေအောင့်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဝက်အူချောင်း၊ ဘေကွန်၊ ဆလာမီနဲ့ အနှစ်များတဲ့ဟင်း၊ ဆီကြော်စာတွေကို ရှောင်ကြဉ်ပါ။

အရက်အလွန်အကျွံသောက်ခြင်း
အရက်သောက်တာများလွန်းတာကြောင့် အစာအိမ်အမြှေးပါးကို ထိခိုက်နိုင်ပြီး အစာအိမ်နဲ့ အစာမျိုးပြွန်ကြားက အဆို့ရှင်ပျက်စီးနိုင်ပါတယ်။ ဒီအဆို့ရှင်က အစာအိမ်ထဲက အက်စစ်တွေ အစာမျိုပြွန်အတွင်း ဆန်မတက်အောင် ကာကွယ်ထားပါတယ်။ ဒါ့အပြင် အရက်က ရေဓာတ်ချို့တဲ့နိုင်ပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ အရက်ကြောင့် အစာအိမ်အနာဖြစ်တာ ဒါမှမဟုတ် ဖြစ်ပြီးသား အစာအိမ်အနာပျောက်ကင်းနှုန်း နှေးကွေးတာတွေ ဖြစ်နိုင်ပါတယ်။ အရက်သောက်လွန်းသူတချို့မှာ ဝမ်းပျက်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့်လည်း အစာအိမ်အနာနဲ့ ရင်ပူနာအပါအဝင် အစာခြေစနစ် ပြဿနာအများစု ဖြစ်ပေါ်နိုင်ပါတယ်။

လူ့အကျိုးပြုဘက်တီးရီးယားပါဝင်သည့် အားဖြည့်ဆေးမမှီဝဲခြင်း
Probiotic လို့ခေါ်တဲ့ လူ့အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ အားဖြည့်ဆေးတွေက ခန္ဓာကိုယ်အတွင်း လူ့အကျိုးပြုဘက်တီးရီးယားတွေ များပြားလာနိုင်ပါတယ်။ ဒိန်ချဉ် ဒါမှမဟုတ် အချဉ်ဖောက်ထားတဲ့အစားအစာတွေမှာ လူ့အကျိုးပြု ဘက်တီးရီးယားတွေ များစွာ ပါဝင်ပါတယ်။

ဝမ်းသွားချင်သည်ကို အောင့်ထားခြင်း
ဝမ်းသွားချင်ရင် အောင့်မထားဘဲ ချက်ချင်းသွားလိုက်ပါ။ ဒီလိုအောင့်ထားတာကြောင့် ဝမ်းချုပ်သွားနိုင်ပါတယ်။

ဝမ်းနုတ်ဆေးကို မကြာခဏအသုံးပြုခြင်း
တချို့လူတွေက အူသန့်စင်ဖို့အတွက် မကြာခဏ ဝမ်းနုတ်ဆေးသောက်ပြီး ဝမ်းနုတ်တတ်ကြပါတယ်။ ကျန်းမာနေစဉ်အခါမှာ သင့်အူတွေက သူ့အလိုလို ဝမ်းသန့်စင်တဲ့စနစ်ကို ကျင့်သုံးပါတယ်။ ဝမ်းနုတ်ဆေးတွေက စွဲလမ်းစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဝမ်းနုတ်ဆေးအသုံးပြုမယ့်အစား ဝမ်းသွားတာနဲ့ပက်သက်တဲ့ မကောင်းတဲ့အကျင့်တွေကို ရှောင်ကြဉ်လိုက်ပါ။

အကိုက်အခဲပျောက်ဆေးများ မှီဝဲလွန်းခြင်း
အကိုက်အခဲပျောက်ဆေးတွေက ကိုက်ခဲနာကျင်မှုဝေဒနာတွေ သက်သာဖို့အတွက်သာ အသုံးဝင်ပါတယ်။ ဒါပေမဲ့လည်း သူ့ကို မှီဝဲတာများလွန်းရင် အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်အတွင်းမှာ အနာတွေ ဖြစ်လာနိုင်ပါတယ်။

အူမကြီးကို မှန်ပြောင်းဖြင့် မစစ်ဆေးခြင်း
အူမကြီးကို မှန်ပြောင်းနဲ့ စစ်ဆေးတာက သင့်အသက်အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။ ဒီလိုစစ်ဆေးလို့ အူမကြီးမှာ အသီးအကျိတ်လေးတွေ တွေ့ခဲ့လို့ စောစောကုသရင် အူမကြီးကင်ဆာကြောင့် သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။ အသက် ၅၀ အရွယ်ကစတင်ပြီး အူမကြီးကို မှန်ပြောင်းနဲ့ စစ်ဆေးသင့်ပါတယ်။ မိသားစုဝင်ထဲမှာ အူမကြီးကင်ဆာဖြစ်သူရှိရင် ဒါမှမဟုတ် သင်ဝမ်းသွားရာမှာ သွေးပါလို့ ကင်ဆာဖြစ်မှာကို စိုးရိမ်နေရင် စောစောစီးစီး စစ်ဆေးမှုခံယူသင့်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts