သင်္ဘောသီး

သင်္ဘောသီး ၏ ဆေးဖက်ဝင်စွမ်းအင်

သင်္ဘောသီး ဟာ ကျန်းမာသက်ရှည် နုပျိုစေတဲ့ အသီးတွေထဲမှာတော့ အဖိုးအတန်ဆုံး သစ်သီးပါ။ အရွယ်အစားအားဖြင့် ကြီးမားပြီး အချင်း ၅၀၊ ၆၀ စင်တီမီတာထိ ရှိ၍ အလေးချိန်ကတော့ ကီလိုဝက်ကနေ နှစ်ကီလိုဂရမ်အထိ ရှိတတ်ပါတယ်။ ဆလင်ဒါပုံ၊ သစ်တော်သီးပုံ စသည်ဖြင့် ပုံသဏ္ဍာန် အမျိုးမျိုးရှိပြီး အတွင်းသားမှာ ထူပြီး ရာပေါင်းများစွာသော အစေ့လေးများ တွယ်ကပ်နေတဲ့ အခေါင်းပေါက် ပါရှိတယ်။ တစ်ခါတစ်ရံမှာ အစေ့လုံးဝမပါတာမျိုးလည်း တွေ့ရပြီး ဆေးဖက်ဝင် အစွမ်းထက်တဲ့ အာနိသင်ကတော့ အတူတူပါပဲ။ သင်္ဘောသီး ရဲ့ အခွံဟာ ပါးလွှာပြီး အစိမ်းရင့်ရောင် ရှိပါတယ်။ မှည့်လာတဲ့အခါ အတွင်းသားက အရည်ရွှမ်း၍ နူးညံ့လာပြီး ပျော်ဝင်နိုင်စွမ်းရှိသည့် အဝါရောင် သို့မဟုတ် ပန်းရောင်သို့ ပြောင်းသွားပါတယ်။ ရနံ့မွှေးကြိုင်လာပြီး အရသာအလွန်ကို ရှိတဲ့အသီးပါ။

သင်္ဘောသီးအစနှင့် တွေ့ရှိရာဒေသ
သင်္ဘောသီး ကို မက္ကဆီကိုတောင်ပိုင်းနှင့် ကော့စတာရီကာမှာ စတင်တွေ့ရှိခဲ့ကြတယ်။ ၁၆ ရာစုမှာ စပိန်ကနေ မနီလာကို ရောက်ရှိပြီး အပူပိုင်းဒေသနိုင်ငံများသို့ ဆက်လက်ပျံ့ပွားသွားခြင်းပါပဲ။ ယခုအခါမှာတော့ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှား၊ မက္ကဆီကို၊ ဘရာဇီး၊ ပီရူး၊ ဗင်နီဇွဲလားနှင့် တောင်အာဖရိက၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ ပစိဖိတ်ကျွန်းနိုင်ငံအများအပြားမှာ သင်္ဘောသီးကို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြပါပြီ။

အာဟာရတန်ဖိုးနှင့် အမျိုးအမည်
သင်္ဘောသီးရဲ့ အာဟာရတန်ဖိုးက တန်ဖိုးမဖြတ်နိုင်အောင်ကို ရှိပါတယ်။ လူတွေရဲ့ နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ မရှိမဖြစ် အာဟာရ ပရိုတင်း၊ သတ္တုဓာတ်အမျိုးမျိုးနဲ့ ဗီတာမင်တွေဟာ သင်္ဘောသီးက ရနိုင်နေလို့ပါ။ သင်္ဘောသီးမှာလည်း များစွာပါဝင်ပြီး အစာကို ကြေလွယ်စေတဲ့ သတ္တိရှိပါတယ်။

သင်္ဘောသီး မှာ ပါဝင်တဲ့ အာဟာရတန်ဖိုးကို စစ်ဆေးကြည့်တဲ့အခါ သင်္ဘောသီး အသားချည်း ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရတွေက ရေဓာတ် ၉၀.၈%၊ ပရိုတင်း ဝ.၆%၊ အဆီ ဝ.၁%၊ သတ္တုဓာတ် ဝ.၅%၊ အမျှင်ဓာတ် ဝ.၈% နှင့် ကာဗိုဟိုက်ဒရိတ် ၇.၂% ပါဝင်ပါတယ်။ သတ္တုနဲ့ ဗီတာမင် ပါဝင်မှုကတော့ ကယ်လ်စီယမ် ၁၇ မီလီဂရမ်၊ မီးစုန်းဓာတ် ၁၃ မီလီဂရမ်၊ သံဓာတ် ဝ.၅ မီလီဂရမ်၊ ဗီတာမင်စီ ၅၇ မီလီဂရမ်၊ ဗီတာမင်ဓာတ်ပေါင်း အနည်းငယ် ပါဝင်ပါတယ်။ ကယ်လိုရီတန်ဖိုး ၃၂ ရှိပါတယ်။

သဘာဝအကျိုးကျေးဇူးနှင့် ရောဂါပျောက်ကင်းနိုင်စွမ်း
သင်္ဘောသီးမှာ ထူးခြားတဲံ ဆေးဖက်ဝင်အာနိသင်တွေ ပါတာကို ရှေးခေတ်အဆက်ဆက်ကတည်းက သတိပြုမိခဲ့ကြတာပါ။ အစာခြေရာမှာ အစွမ်းအထက်ဆုံးအသီးလည်း ဖြစ်တယ်။ သင်္ဘောသီးမှည့်ဟာ ကလေးငယ်များ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များ စတဲ့ နုနယ်သူများကို အဆိပ်အတောက် ကင်းပျောက်စေတဲ့နေရာမှာ အကောင်းဆုံးဖြစ်တယ်။

အစာကြေနိုင်စွမ်းအား
ခေတ်သစ်သိပ္ပံပညာရှင်များရဲ့ လေ့လာစုံစမ်းမှုအရ သင်္ဘောသီးကို ရှေးကျတဲ့ ခေတ်တွေကတည်းက ဆေးဖက်ဝင်အာနိသင်များစွာ သုံးခဲ့ကြတာကို သိရပါတယ်။ သင်္ဘောသီးတစ်မယ်နဲ့ ရောဂါမှန်သမျှကို ဆေးဖက်ဝင်ရလောက်အောင်ကို ဉာဏ်ရှိသလို သုံးလို့ရတယ်။ ဒါကြောင့် အမြင့်မြတ်ဆုံးသော အသီးလို့ တန်ဖိုးထားခဲ့တယ်။ သင်္ဘောစေးမှာ ပါဝင်တဲ့ အစာခြေရည်အင်ဇိုင်းတွေဟာ ဘာနဲ့မှ မယှဉ်သာအောင်ကို အစွမ်းထက်လှတယ်။ အစာအိမ်ထဲမှာ ရှိတဲ့ အစာအိမ်ရည် (pepsin) ထက် ပိုပြီး အစာတွေကို ကြေစေနိုင်စွမ်း ရှိနေတာကို တန်ဖိုးဖြတ်လို့မရသလို ဘယ်မှာမှ ရှာလို့ မရနိုင်ပါဘူး။ ပရိုတင်းတွေကို လွယ်ကူစွာ ကြေစေနိုင်စွမ်း ရှိတယ်။ အစားအစာတွေထဲက ခွန်အားနှင့် ခန္ဓာကိုယ်ကြီးထွားမှုအတွက် စွမ်းရည်ပေးအာဟာရတွေကို လွယ်ကူစွာ ရရှိစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

အစာအိမ်ရောဂါ
အစာအိမ်နဲ့ ပက်သက်သမျှ ရောဂါတွေပျောက်စေဖို့ရာ သင်္ဘောသီးစားပေးဖို့ လိုပါတယ်။ သင်္ဘောသီးအစိမ်းမှာ ပါဝင်တဲ့ Papain ခေါ် အင်ဇိုင်းဟာ အစာလမ်းကြောင်း၊ အစာအိမ်နံရံများမှာ ဖြစ်လာသမျှ ရောဂါတွေကို အမြန်ပျောက်ကင်းစေဖို့ ဆဲလ်အသစ် ဖြစ်စေနိုင်စွမ်း ရှိပါတယ်။ သင်္ဘောသီးမှည့်ကို မှန်မှန်စားပေးလျှင် ဝမ်းချုပ်ခြင်း၊ ရက်ရှည်ဝမ်းလျှောဝမ်းကိုက်ခြင်း၊ လိပ်ခေါင်းရောဂါဖြစ်ခြင်း စတဲ့ ရောဂါတွေ ကင်းစေပါတယ်။

သင်္ဘောသီးအစေ့အရည်ကတော့ အစာအိမ်ရောဂါနှင့် လိပ်ခေါင်းသွေးကျရောဂါကို ပျောက်ကင်းစေပါတယ်လို့ J.F Dastur ရေး Medicinal Plants of India and Parkistan စာအုပ်မှာ ဖော်ပြထားပါတယ်။

သန်ကောင်ရောဂါ
သင်္ဘောသီးစိမ်းအစေးမှာ ပါဝင်တဲ့ Papain ခေါ် အစာခြေအင်ဇိုင်းဟာ သန်ကောင်ကိုလည်း ကြေပျက်နိုင်စွမ်းရှိတာကို လေ့လာသိရှိကြရပါတယ်။ လတ်ဆတ်တဲ့ သင်္ဘောသီးစိမ်းအရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည်ဆတူ၊ ရေနွေးလေးဇွန်းနှင့် ရောပြီး သန်ကောင်ရှိသူများ (လူကြီး) ကို တိုက်ပါ။ ဆေးတိုက်ပြီး နောက်ထပ် နှစ်နာရီကြာတဲ့အခါ အထက်ပါ နည်းအတိုင်း ထပ်ဖျော်ထားတဲ့ သင်္ဘောရည်ကို ကြက်ဆူဆီ ၃၀ မီလီဂရမ်၊ နွားနို့ခပ်နွေးနွေး ၂၅၀ မီလီဂရမ် ရောပြီး သောက်ပေးပါ။ ဝမ်းချုပ်လွန်းသူဖြစ်ပြီး လိုအပ်မယ်ဆိုရင် နှစ်ရက် ဆက်သောက်ပေးပါ။ အသက်ခုနစ်နှစ်မှ ၁၀ နှစ်အရွယ် ကလေးများကို အထက်ပါဆေးနည်းကို ထက်ဝက်ချိုး စီစဉ်၍ တိုက်ပါ။ သုံးနှစ်အောက်ကလေးများကို ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတိုက်ရုံဖြင့် သန်ကောင်မှာ သေပြီး ကျစေနိုင်ပါတယ်။

အရေပြားရောဂါ
သင်္ဘောအစေး သို့မဟုတ် သင်္ဘောသီးအစိမ်းဟာ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေမှန်သမျှ သက်သာပျောက်ကင်းစေပါတယ်။ အသားမာကြွက်နို့၊ ပွေး စတဲ့ ပျောက်ခဲတဲ့ အနာတွေကို မှန်မှန်ပွတ်ပေးရုံနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။ ဝက်ခြံ၊ အနာစက် စတဲ့ ကူးစက်လွယ်တဲ့ အရေပြားအနာတွေအပြင် နေလောင်၍ ဖြစ်ပေါ်လာတဲ့ အညိုကွက်၊ အဖြူကွက်၊ ညှင်း စသည်တို့ကိုလည်း ပျောက်ကင်း၍ အသားအရေကို ချောမွေ့စေတယ်။

မီးယပ်ရောဂါ
အပျိုဖော်ဝင်စ မီးယပ် မမှန်ကြလျှင်ဖြစ်စေ၊ အအေးမိပြီး မီးယပ်ထိမ်၍ ကိုက်ခဲလျှင်ဖြစ်စေ သင်္ဘောသီးအစိမ်းကို စားပေးလျှင် ရာသီပေါ်၍ နာကျင်ကိုက်ခဲခြင်း ကင်းစေပါတယ်။

အသည်းရောဂါ
အသည်းအမာရွတ်စွဲခြင်း၊ အသည်းကြွပ်ရောဂါ ရခြင်းအတွက် အစွမ်းထက်ဆေးဖော်ဖို့ သင်္ဘောစေ့လေးများကို အသုံးပြုရပါမယ်။ အရက် အလွန်အကျွံ စွဲသောက်သောကြောင့်ဖြစ်စေ၊ အာဟာရမပြည့်ဝ၍ ဖြစ်စေ အသည်းရောဂါ စွဲကပ်လာတဲ့အခါ သင်္ဘောစေ့ကို စက်ဖြင့် ကြိတ်ချေပြီး သံပရာရည် ၁၀ စက်ခန့် ရော၍ စားပွဲဇွန်းဖြင့် တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် တစ်လပြည့်အောင် နေ့စဉ် မှန်မှန်သောက်လျှင် ရောဂါပျောက်ကင်းစေပါတယ်။

လည်ချောင်းရောဂါ
သင်္ဘောသီးစိမ်းအရည်ကို ပျားရည်နှင့်ရောပြီး ပါးသိရောင်ခြင်း (tonesils)၊ ဆုံဆို့နာနှင့် အခြားလည်ချောင်းရောဂါအမျိုးမျိုးကြောင့် ရောင်နေခြင်းကို လိမ်းပေးလျှင် သက်သာပျောက်ကင်းစေပါတယ်။ ဆုံဆို့နာဖြစ်လျှင် သင်္ဘောသီးအစိမ်းကို ခြစ်၍ သုပ်စားပါ။ ရောဂါပိုးတွေကို သေစေပြီး ကူးစက်ခြင်းမှ ကာကွယ်ပေးပါတယ်။

သရက်ရွက်ကြီးခြင်း
သရက်ရွက်ကြီးခြင်း၊ သရက်ရွက်ရောင်ခြင်း (splenitis) အတွက် သင်္ဘောသီးမှည့်က ဆေးစွမ်းထက်လှပါတယ်။ သင်္ဘောသီးမှည့်တစ်လုံးကို အခွံနွှာပြီး အနေတော်အတုံးလေးများ သင့်သလို တုံးပြီး ရှာလကာရည်အထဲမှာ တစ်ပတ်ကြာအောင် စိမ်ထားပါ။ ရှာလကာရည် စိမ်ပြီး အလေးချိန် ၂၀ ဂရမ်ခန့်ရှိတဲ့ သင်္ဘောသီးများကို အစာဖြင့် တစ်နေ့နှစ်ကြိမ် စားပေးလျှင် ရောဂါပျောက်ကင်းစေပါတယ်။ သင်္ဘောသီးအစိမ်းကို အခွံနွှာအတုံးလေးများ တုံးပြီး ဖာလာစေ့၊ ငရုတ်ကောင်းတို့နဲ့ နေ့စဉ် တစ်နေ့ တစ်အောင်စ စားပေးလျှင် ငှက်ဖျားရောဂါ ဖြစ်၍ သရက်ရွက်ကြီးလာခြင်းကို ပျောက်ကင်းစေပါတယ်။

သင်္ဘောသီးရဲ့ ဆေးနည်းအသုံးဝင်ပုံဟာ ရှေးခေတ်အဆက်ဆက်ကနေ သည်ကနေ့ထိ မကုန်နိုင်အောင်ကို များလှပါတယ်။ နံနက်တိုင်း သင်္ဘောသီးမှည့်၊ သင်္ဘောသီးဖျော်ရည် စားသုံးသူ အစာစားပြီး အချိုတည်းစာအဖြစ် စားလေ့ရှိသူတွေမှာ အနာရောဂါကင်းပြီး သက်ရှည်ကျန်းမာခြင်းနဲ့ ပြည့်စုံနေတာ တွေ့ရပါတယ်။ သင်္ဘောသီးအစိမ်းနဲ့ သင်္ဘောသီးရွမ်းပြင်းဟာ တို့စရာအဖြစ် စားသုံးလို့လည်း ရပါတယ်။ ယိုထိုးပြီး ထားစားလို့ ရသလို စည်သွပ်ဘူးဖြင့် အရည်၊ အနှစ်၊ အတုံးအမျိုးမျိုးထားပြီး စားသုံးနိုင်တယ်။ ဘယ်လိုပဲ စားသည်ဖြစ်စေ အစာကြေစေပြီး ရောဂါကင်း၍ နုပျိုစွာ အသက်ရှည်စေပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts