hapeye

အိမ်ထောင်ပြုခြင်းသည် လူသားတို့ကို တစ်ဆင့်မြင့်မားစေသည်

 Marriage ဆိုတာကတော့ Legal relationship between husband and wife လို့ ဆိုပါတယ်။ ခင်ပွန်းနဲ့ ဇနီးအကြား တရားဥပဒေလမ်းကြောင်းနဲ့ ပက်သက်နှီးနွယ်လာတဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ တချို့ကတော့ Union between two person လို့လည်း ယူပါတယ်။ မြန်မာဘာသာစကားမှာကတော့ အိမ်ထောင်ဆိုတဲ့ စကားကို အသုံးပြုကြပါတယ်။ တချို့ကလည်း အိမ်ထောင်ကျတယ်လို့ ဆိုကြပြန်ပါတယ်။ အိမ်ထောင်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း အမျိုးမျိုး ဖွင့်ကြတယ်။ အချို့က ထောင်နဲ့တူတယ်၊ ပြန်ထွက်မရတော့ဘူး။ ဒါကြောင့် အိမ်ထောင်လို့ ခေါ်တယ်လို့ ပြောတယ်။ တချို့ကလည်း အိမ်ယာသစ်ထူထောင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ယူတယ်။ ဒါပေမယ့် ဒီအဓိပ္ပာယ်က မဟုတ်လောက်ဘူး။ ကျတယ်လို့ သုံးရင်တော့ ထောင်နဲ့တူလို့ပဲ ဖြစ်မယ်။
          တချို့ကလည်း ‘မယားနေစ ကြောင်သေမတို့၊ လင်နေစ ဆင်သေမတို့’ အစရှိသည်ဖြင့် ပြောတာရှိတယ်။ ဆိုလိုတာကတော့ တစ်ဦးကိုတစ်ဦး စတင်လွှမ်းမိုးခြင်းပဲ ဖြစ်ပါတယ်။ လင်ရယ် မယားရယ် ဖြစ်လာရင် မတူညီတဲ့မိသားစု Culture တွေ ညှိကြမယ်။ လင်ကလည်း လင်အလျောက် လွှမ်းမိုးလိုတယ်။ မယားကလည်း မယားအလျောက် လင်အပေါ် သြဇာရှိချင်တယ်။ တချို့ကလည်း အိမ်ထောင်ပြုတယ်ဆိုတာ အရင်းအနှီးရှာဖို့၊ လုပ်ငန်းတွေ ပူးပေါင်းဖို့လောက်ပဲ ယူဆတယ်။ လုပ်ငန်းချင်း ဆက်စပ်သူတွေကို ပေးစားကြတယ်။ အဆင်မပြေရင် ကွဲပြဲကြတာပဲ။ တချို့ကလည်း နောင်လာမယ့် အလားအလာတွေကို တွက်ဆပြီး ဆုံးဖြတ်ကြတယ်။ တွက်ဆမှုတွေက လွဲတာများပါတယ်။ လူတွေဆိုတာက ပြောင်းလဲနေသူတွေပါ။
          တကယ်တော့ မင်္ဂလာဆောင်ခြင်းလို့ခေါ်တာ အကောင်းဆုံးပါပဲ။ လူသားတိုင်းဟာ အရာရာပြည့်စုံနေသူမျိုး မရှိပါဘူး။ အမျိုးသားကလည်း အမျိုးသားအလျောက် အားနည်းချက်တွေ ရှိနေတယ်။ အမျိုးသမီးကလည်း အမျိုးသမီးအလျောက် အားနည်းချက်တွေ ရှိနေတယ်။ အားနည်းချက်တွေ ရှိသူတွေ ပေါင်းဖက်ကြပြီး ပြည့်စုံသူများ ဖြစ်လာအောင် ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် မင်္ဂလာပြုခြင်းဟာ အလွန်မြင့်မြတ်သော အကြောင်းအရာ ဖြစ်တယ်။ လူသားတွေကို နောက်အဆင့်တစ်ဆင့်ကို မြှင့်တင်ပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့် မင်္ဂလာပြုခြင်းဟာ ညစ်ညမ်းခြင်းမဟုတ်ဘူး။ ရှက်ရွံ့စရာမဟုတ်ဘူး။ လူသားတိုင်း လုပ်ဆောင်သွားကြရမယ်။ လူသားမျိုးုနွယ်တွေကို တိုးပွားအောင် လုပ်ဆောင်နေရမယ်။
          သို့သော်လည်း လူသားတွေမှာ အရွယ်ဆိုတာ ရှိတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အရေးကြီးတယ်။ အရွယ်ရှိတုန်း မင်္ဂလာပြုကြရမယ်။ ဒါမှ ဉာဏ်ရည်ပြည့်မီတဲ့ သားသမီးများ ရရှိနိုင်မယ်။ အကြောင်းကြောင်းကြောင့် ဘဝမှာ မင်္ဂလာမပြုခဲ့ကြသူတွေလည်း စိတ်ပျက်အားငယ်ရန် မလိုပါဘူး။ မိမိ မိသားစုနဲ့ အများအကျိုးလုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ အချိန်အများကြီး ပေးနိုင်လာကြတယ်။ သေချာတာကတော့ ငွေကြေးတွေ၊ အလားအလာတွေ၊ ကျော်ကြားမှုတွေကို အခြေခံတဲ့ မင်္ဂလာများဟာ အမင်္ဂလာများနဲ့ပဲ အဆုံးသတ်သွားလေ့ ရှိတယ်။ မင်္ဂလာရဲ့သဘောဟာ ရှည်လျားခြင်း သဘောရှိတယ်။ မပြောင်းလဲခြင်းသဘော ရှိတယ်။ ရေရှည်ခံသော မင်္ဂလာများရဲ့အခြေခံဟာ မေတ္တာတရားသာ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts