Recycable Life

ကျွန်တော် မျက်စိ မှိတ်ထားပေမယ့် တစ်ယောက်ယောက်ကို မြင်နေရတယ်။ သူက ရယ်ပြတယ်။ ကျွန်တော်ကတော့ ပြန်မရယ်နိုင်ပါဘူး။ ကျွန်တော့်ကျောကို တစ်ယောက်ယောက်လာပုတ်တယ်။ သူငိုနေတယ်။ ကျွန်တော် သူ့ကိုလည်း မချော့နိုင်သေးပါဘူး။

ခြေတစ်လှမ်း လှမ်းခါနီး အော်သံတစ်ခုကြားရတယ်။ ” ငါ့ကို မသတ်ပါနဲ့” ။ နောက်လှည့် မကြည့်နိုင်တော့ဘဲ ပြေးထွက်လာခဲ့တယ်။

ကလေးလေးတွေက လှေကားထစ်တွေ တက်နေတယ်။ လှေကားအဆုံးမှာ လူကြီးတွေက မခုန်ချရဲလို့ ငိုနေကြတယ်။

ကျွန်တော့်ရှေ့မှာ လမ်းကျဉ်းလေးတစ်ခု။ လူတွေ တိုးဝှေ့လျှောက်သွားနေကြတယ်။ ဘေးနားက လမ်းမကျယ်ကြီးမှာတော့ ဘယ်သူမှ မရှိ။

လမ်းမကြီးပေါ်တက်ပြေးနေတုန်း ကျွမ်းထိုးနေတဲ့ ကလေးတွေကို တွေ့တယ်။ ကျွန်တော်လည်းလိုက်ထိုးရော…ခဲနဲ့ ဝိုင်းပစ်ကြပါရော။

ရှေ့မှာ ရေကန်လေး…။ ရေနစ်နေကြတဲ့သူတွေ ကျွန်တော့်ကို ကြည့်နေကြတယ်။ မကယ်ဆယ်နိုင်ဘဲ လက်ပစ်ကူးပြီး ဖြတ်သန်းလာခဲ့တယ်။ ရေပေါ်ကအတက် ကျွန်တော့် ကျောပေါ်မှာ ကလေးတွေ ပါလာခဲ့တယ်။

ရှေ့မှာ တောင်တန်းကြီးတစ်ခု၊ ကျွန်တော် အားရပါးရတက်တယ်။ တောင်ထိပ်ကို ရောက်တော့ ကလေးတွေက နေခဲ့ကြတယ်။ ကျွန်တော် အောက်ကို ဆက်ဆင်းသွားခဲ့တယ်။

ကျွန်တော့်ရှေ့မှာ ကျွန်တော် ကိုယ်တိုင် လှဲလျောင်းနေတယ်။ “ဟေ့ကောင်…ပြေးဟ ငါတို့မှာ အချိန်မရှိဘူး။” ကျွန်တော် အော်ပြောလိုက်ပါတယ်။ ဒါပေမယ့်…ကျွန်တော် မပါလာခဲ့ပါဘူး။

ပြေးရင်း…ပြေးရင်းနဲ့
နောက်ဆုံး နေရောင်ခြည်ကို ကျွန်တော် တွေ့ခဲ့ရတယ်။ မျက်စိကျိန်းလွန်းတာကြောင့် ကျွန်တော် ရှေ့ဆက်မတိုးဘဲ ရပ်နေတော့တယ်။  

ဒါပေမယ့်… ကျွန်တော့် နောက်မှာ ခြေသံတွေ။ လှည့်ကြည့်လိုက်တော့…လူအုပ်ကြီး။ အထုပ်တွေပိုက်ပြီး ကျွန်တော့် ဆီပြေးလာကြပြီ။ ချွေးသီးချွေးပေါက်တွေနဲ့ ကျွန်တော်ဆက်ပြေးတယ်။ ဘယ်လောက်ပြေးပြေး…သူတို့ လိုက်နေတုန်းပဲ။

လွတ်အောင်ပြေးရင်းနဲ့ လမ်းဆုံးသွားပြီ။ အောက်မှာ ချောက်ကမ်းပါးကြီး… အဆုံးသတ်ကို သေချာ မမြင်ရဘူး။ ခုန်ချလိုက်ရမလား။ အထုပ်တွေနဲ့ လူအုပ်ကြီးကလည်း ကျွန်တော့်ကို မှီတော့မယ်။
ကျွန်တော် စဉ်းစားနေတုန်း…
ကျွန်တော် ပြုတ်ကျသွားတယ်။ ကျနေတယ်။ ကျနေတုန်းပဲ။

အဆုံးသတ်ကို မသိနိုင်ဘဲ…
  အခုထက်ထိ အောက်ကို…
    ကျွန်တော်ကျဆင်းနေတုန်းပါပဲ။

Swan Htet (HapEye.Net)

#OpenYourBusinessOnline

Related Posts