Potato

အာလူး ၏ ဆေးနည်းအစွမ်းများ

အာလူး က လူနဲ့တည့်တဲ့ အစာဖြစ်သလို မကြိုက်သူ မရှိသလောက် ပါပဲ။ ကမ္ဘာသုံး တွဲဖက်အစားအစာဖြစ်ပြီး တစ်နှစ်ပတ်လုံး ရနိူင်တဲ့ သီးနှံဖြစ်ပါတယ်။ အာလူး ကို နေ့စဉ်စားသုံးရင် အန္တရာယ် မဖြစ်နိူင်တဲ့အပြင် အဟာရ ဖြစ်စေပါတယ်။ အာလူးကို ရှေးနှစ်ပေါင်းများစွာကတည်းက တောင်အမေရိကမှာ စတင် စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ ၁၆ ရာစုနောက်ပိုင်းမှာ ဥရောပနိုင်ငံများသို့ ပျံ့နှံ့လာပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာ ခန့်ကတော့ အာလူးမှာ ထွက်လာတတ်တဲ့ မျက်စိများက အဆိပ်အတောက် ဖြစ်စေနိူင်တယ်လို့ သံသယ ရှိလာကြပါတယ်။ ဒါပေမဲ့ ပြင်သစ်နိုင်ငံမှာတော့ ၁၇၇၁ ခုနစ်ကစပြီး ဖြည့်စွက်စာထဲမှာ အကောင်းဆုံးလို့ ယူဆကာ စားသုံးသူ များလာပါတယ်။ ယူနိုက်တက်စတိတ်မှာတော့ ၁၇၁၉ ခုနစ်ကစပြီး အိုင်းရစ်လူမျိုးများက စတင်သုံးလာကြပါတယ်။ ဖိလစ်ပိုင်နိူင်ငံက သည့်ထက်ပိုစောပြီး စားသုံးကြကာ အိန္ဒိယနိူင်ငံက ၁၇ ရာစုနှစ် ထဲမှာပဲ စတင် စားသုံးလာပါတယ်။ ဒါပေမဲ့ အရှေ့အာဖရိက နိူင်ငံဘက်ကိုတော့ ၁၉ ရာစုနှစ်ကုန်ပိုင်းမှ စပြီး ရောက်ရှိသွားတယ်။ မည်သို့ဆိုစေ ယခုအခါမှာတော့ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ ရောက်ရှိသွားပြီး ကလေးလူကြီး နှစ်ခြိုက်တဲ့ အာဟာရ ဖြည့်အစာ ဖြစ်နေပါပြီ။

အာဟာရတန်ဖိုး

အာလူးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးကို လေ့လာတဲ့အခါ အာလူး ၁၀၀ ဂရန်မှာ ရေဓာတ် ၇၄.၇ ရာခိုင်နှုန်း၊ ပရိုတင်း ၁.၆ ရာခိုင်နှုန်း၊ အဆီ ဝ.၁ ရာခိုင်နှုန်း၊ သတ္တုဓာတ် ဝ.၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ဝ.၄ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒြိတ် ၂၂.၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သတ္တုနဲ့ ဗီတာမင်ပါဝင်မှုမှာတော့ ကယ်လ်စီယမ် ၁၀ မီလီဂရမ်၊ ဖော့စဖရပ် ၄၀ မီလီဂရမ်၊ သံဓာတ် ဝ.၇ မီလီဂရမ်၊ ဗီတာမင်စီ ၁၇ မီလီဂရမ်၊ ဗီတာမင်ဘီ ဓာတ်ပေါင်းစု အနည်းငယ် ပါဝင်ပါတယ်။

အာလူးကို မီးဖုတ်၍ဖြစ်စေ၊ ပြုတ်ကြော်၊ ပေါင်း၊ ချက် စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် အခြားဟင်းသီးဟင်းရွက် သားငါးရောစပ်ကာ တွဲဖက်စားသုံးလေ့ရှိပါတယ်။ အာလူးကို အခွံမနွှာဘဲ ရေစင်စင်ဆေးပြီး ချက်ပြုတ်စားရင် ပရိုတင်းနဲ့ သတ္တုဓာတ်များ ပိုပြီး ရရှိစေပါတယ်။ အယ်လ်ကာလိုင်း များစွာပါရှိပြီး ခန္ဓာကိုယ်အတွက် အားဖြစ်စေပါတယ်။

အာလူးမှာ ဆေးဖက်ဝင် အာနိသင် များစွာ ပါဝင်ပါတယ်။ အစားအစာတွေထဲမှာ အယ်လ်ကာလိုင်း အများဆုံးပါဝင်တဲ့ အစာတမျိုး ဖြစ်တာကြောင့် ခန္ဓာကိုယ်တည်ဆောက်မှု အတွက် လိုအပ်တဲ့ အယ်လ်ကာလီတွေ ထိန်းသိမ်းပေးပါတယ်။ သွေးအက်စစ်တိုးခြင်း၊ အက်စစ်အဆိပ်တက်ခြင်းအတွက် သဘာဝ အဆိပ်ဖြေဆေးလည်း ဖြစ်ပါတယ်။ အစာအိမ် အချဉ်ပေါက်ခြင်းကို ကာကွယ်နိူင်ပြီး အစာခြေအင်္ဂါတွင်း အကျိုးပြုပိုးများကို အထောက်အကူ ဖြစ်စေပါတယ်။ အာလူးမီးဖုတ်မှာ အဆီမပါဘဲ လူတိုင်းနဲ့ တည့်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ အဝလွန်သူများ ရှောင်သင့်တဲ့ အစားအစာ ဖြစ်ပါတယ်။ ကာလသားရောဂါ ရှိသူများနှင့် ကာမစိတ်ကြွဆေး သုံးသူများလည်း မစားအပ်ပါဘူး။

အာလူးမှာ solanine လို့ ခေါ်တဲ့ အယ်လ်ကာလွိုက် အဆိပ်ရည် ပါရှိပါတယ်။ လိင်အဂါင်္ဆိုင်ရာ ထိန်းချုပ်မှုပြုတဲ့ နာ့ဗ်ကြောများကို အကျိုးသက်ရောက်စေတယ်။ အထူးသဖြင့် အလွန်စိမ်းတဲ့ အစိမ်းရောင်အာလူးတွေမှာ solanine အဆိပ်တွေ ပျံ့နှံ့ ပါဝင် နေတတ်ပါတယ်။ အသားနဲ့ အာလူးစိမ်းကို ချက်စားတဲ့ အခါမှာလည်း အခန့်မသင့်ရင် လိင်အင်္ဂါများ ယားယံပြီး ဓာတ်မတည့်မှု ဖြစ်စေနိူင်ပါတယ်။ ဒါ့ကြောင့် အစိမ်းရောင်အာလူးနဲ့ မျက်စိများတဲ့ အာလူးကို သတိထား ရှောင်ရှားသင့်ပါတယ်။

စကာဗီရောဂါ

အာလူးကို စကာဗီရောဂါ ဝေဒနာရှင်များ စားပေးသင့် ပါတယ်။ ဥရောပနိူင်ငံများမှာတော့ စကာဗီ ရောဂါရှင်တွေ အတွက် အာလူးကို အများအပြား စိုက်ပျိုးစားသုံးစေပါတယ်။ အာလူးတုံးချိန်မှာ စားပေးဖို့ G.F Still က အာလူးကို ခရင်မ်ပြုလုပ်ထားပြီး၊ Dr.A.F ltess ကတော့ အာလူးအနှစ်မှုန့်လုပ်ပြီး တာရှည်ခံအစားအစာအဖြစ် သူ့ရဲ့လူနာ စကာဗီဝေဒနာရှင်တွေကို ကျွေးမွေးကုသပေးပါတယ်။

ရူမတစ်ဇင် (အရိုးဆစ်ရောဂါ)

အာလူးအစိမ်းရည်က အရိုးအဆစ်နဲ့ ပတ်သတ်တဲ့ rheumatism ရောဂါအတွက် စားသင့်တဲ့ အစားအစာပါ။ အာလူးအစိမ်းလိုက်ကို ကြိတ်ခြေကာ အနှစ်ပြုပြီး အစာမစားမီမှာ လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်း စားပေးပါ။ အက်စစ်ပါဝင်မှု အခြေအနေကို ဖယ်ရှားဖို့ အထောက်အကူ ဖြစ်စေတဲ့အတွက် ရူမတစ်ဇစ်ရောဂါကို ပျောက်ကင်းသက်သာစေပါတယ်။

ဗြိတိန်နိူင်ငံ တချို့နေရာဒေသတွေမှာတော့ ရူမတစ်ဇင် ဝေဒနာရှင်တွေက အာလူးကို ယုံယုံကြည်ကြည်နဲ့ သူတို့အိတ်ထောင်ထဲမှာ သွားလေရာ ထည့်ထားလေ့ ရှိပါတယ်။
အာလူးက ဝေဒနာရှင်ရဲ့ ခန္ဓာကိုယ်ထဲက အက်စစ်တွေကို စုပ်ယူတဲ့အတွက် ဝေဒနာ သက်သာတယ်လို့ ယုံကြည်ကြတဲ့ အတွက်ပါ။ ရက်ကြာသွားတဲ့အခါ အာလူးအသစ်တစ်လုံးလဲပြီး ထည့်ကြပါတယ်။

အာလူးအခွံကလည်း ရူမတစ်ဇင်ရောဂါကို သက်သာစေတယ်။ အခွံမှာ အရေးကြီးတဲ့ သတ္တုဓာတ်ဆားများ ပါဝင်တဲ့အတွက် အခွံကို ရေနဲ့ပြုတ်ပြီး ရရှိတဲ့ ပြုတ်ရည်ဟာ အဆစ်အမြစ်ကိုက်ပြီး ဖျားနာခြင်း အတွက် အကောင်းဆုံးဆေးပါ။ အထူးသဖြင့် အက်စစ်များသူတွေကို သက်သာစေပါတယ်။ အာလူးအခွံများကို ရေဖြင့် ညင်သာစွာ ဆေးပြီး မိနစ်အနည်းငယ်ကြာအောင် ပြုတ်ပါ။ ပြီးရင် အနည်မပါအောင် စစ်ပြီး တစ်ကြိမ်သောက်ရင် ဖန်ခွက်နဲ့ တစ်ခွက် တစ်နေ့ကို သုံးလေးကြိမ် သောက်ပေးရပါမယ်။

အစာအိမ်ရောဂါ (Digestive System Dosorders)

အစာအိမ်ရောဂါအတွက် အာလူးအရည်က အဖိုးတန် ဆေးတစ်ခွက် ပါပဲ။ အစာအိမ်အနာဖြစ်ခြင်း အတွက် အာလူးစိမ်းအရည်လုပ်ပြီး သောက်ရင်ပျောက်ပါတယ်။ ဆေးနည်းကတော့ အာလူးစိမ်းကို အရည်ပြုပြီး လက်ဖက်ရည်ပန်းကန် တစ်ဝက်တိတိကို အစာမစားမီ နာရီဝက်ခြားပြီး နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် သောက်ပေးပါ။ အစာအိမ်အတွင်း အဆိပ်အတောက်ဖြစ်ခြင်း၊ အချဉ်ပေါက်ခြင်း များကို သက်သာစေသကဲ့သို့ အစာအိမ်လမ်းကြောင်း အတွင်း ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

အရေပြားပေါ်မှ အနာများ (Skin Blemish)

အရေပြားပေါ်မှာ အပြစ်အနာအဆာဖြစ်လာတဲ့အခါမှာလည်း အာလူးအစိမ်းရည်က သက်သာစေပါတယ်။ အာလူးမှာ ပိုတက်စီယမ်၊ ဆာလ်ဖာ၊ ဖော့စဖရပ်နဲ့ ကလိုရင်းပါတဲ့အတွက် အရေပြားကို သန့်စင်စေနိူင်ခြင်းပါ။ အာလူးအစိမ်းလိုက် သုံးရခြင်းက သက်ရှိအော်ဂဲနစ် အဏုမြူ ပေါင်းစပ်ပါဝင်နေလို့ပါ။ အာလူးကို ချက်ပြုတ်လိုက်တဲ့အခါမှာတော့ အင်အော်ဂဲနစ် အဏုမြူ အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အတွက် အားဖြစ်စေရုံ အထောက်အကူပြုရုံသက်သက်သာ အကျိုးပြုပါတယ်။

အာလူး

အာလူးကို အစိတ်စိတ် အမြွာမြွာဖြစ်အောင် ခြေပြီး ရလာတဲ့အရည်ကို အရေပြားမှာ ပေါ်လာတဲ့ အိုမင်းလက္ခဏာ မှန်သမျှ ( ဥပမာ ပါးရေနားရေတွန့်ခြင်း၊ အမည်းကွက် ပေါ်ခြင်းတွေ ) မှာ သုတ်လိမ်းပေးလျှင် ပျောက်ကင်းစေပါတယ်။ အိပ်ရာမဝင်မီမှာ အာလူးကို ခြမ်းပြီး အခြမ်းလိုက် မျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပါးရေတွန့်တဲ့နေရာကို သုတ်လိမ်းပေးရင် အိုမင်းလက္ခဏာ သက်သာပြီး နုပျိုသက်ရှည်တဲ့ အသားအရေကို ရစေပါတယ်။ အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်နဲ့ ဗီတာမင်စီက အရေပြားကို အာဟာရ ပြည့်စေပြီး ဆဲလ်များ တည်ဆောင်မှုကို အားပေးပါတယ်။ အယ်လ်ကာလီအရည်ကတော့ ရောဂါပိုးတွေကို သေစေနိူင်တဲ့အတွက် ကြည်လင်သန့်ရှင်းပြီး ရောဂါကင်းတဲ့ အသားအရေကို ရစေနိူင်ခြင်းပါ။

ရောင်ကိုင်းခြင်း၊ ဖူးရောင်ခြင်း (Swelling)

အာလူးကို အစိမ်းလိုက်ခြမ်းပြီး ပွတ်ပေးခြင်းဖြင့် အဆစ်များနဲ့ ကြွက်သားများ ရောင်ကိုင်းလာခြင်းကို သက်သာ ပျောက်ကင်းသွားစေမှာ ဖြစ်ပါတယ်။ အာလူးအရည်ကို ငါးပုံတစ်ပုံကျန်အောင် ကျိုရင် အာလူးအဆီ ရပါတယ်။ အဲသည်အဆီကို ဂလစ်ဆရင်းအနည်းငယ် ရောပြီး သိမ်းထားရင် အဆစ်အမြစ်တွေ ကိုက်တဲ့အခါ၊ အကြောတက်တဲ့အခါ၊ ကြွက်သားများ တောင့်တင်းနေတဲ့အခါ လင်နမ်င်လို သုံးနိူင်ပါတယ်။ နာကျင်တဲ့နေရာကို သုံးနာရီခြားတစ်ခါ လိမ်းပေးပါ။ အရောင်လျော့သွားပြီး နာကျင်မှုကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

Open More Online

Related Posts