စပျစ်သီး

နုပျိုကျန်းမာ ရောဂါကင်းစေသည့် စပျစ်သီး

နုပျိုစေနိူင်စွမ်း

စပျစ်သီး က အာဟာရပြည့်ဝပြီး တန်ဖိုးအရှိဆုံး အသီးတွေထဲမှာ ပါဝင်တဲ့ အသီးတစ်မည်ပါ။ စပျစ်သီး ဟာ အရသာရှိပြီး အားအင်ဖြစ်စေတဲ့ အပြင် အစာကို ကြေလွယ်စေနိူင်စွမ်းအား မြင့်မားတဲ့အတွက် ကျန်းမာသက်ရှည်မှုကို အထောက်အကူ ပြုတယ်။ လူသားတွေကို နုပျိုစေဖို့ သဘာဝက ဖန်တီးပေးထားတဲ့ အဖိုးတန် လက်ဆောင် သစ်သီး ဆိုရင်လည်း မမှားပါဘူး။ ပုံသဏ္ဍာန်အားဖြင့် လုံးလုံး ဝိုင်းဝိုင်းရော၊ ဘဲဥပုံရှည်မျောမျောလေးတွေရော တွေ့နိူင်ပါတယ်။ အရွယ်အစားအားဖြင့် ပဲစေ့အရွယ်လေးကနေ ဆီးသီးအရွယ်လောက် ထိပဲ ကြီးပါတယ်။ အရောင်အသွေးက အစိမ်း၊ အနီ၊ အပြာ၊ အနက် စသဖြင့် အမျိုးမျိုး တွေ့ရတယ်။

စပျစ်ပင်မျိုးအစ ရှေးရှေးက

စပျစ်သီး ကို လူသားတွေ ထွန်ယက်စိုက်ပျိုးခဲ့တဲ့ သစ်သီးတွေထဲမှာ ရှေးအကျဆုံးဖြစ်တယ်လို့ အခိုင်အမာ သိရပါတယ်။ အီဂျစ်နိူင်ငံမှာရှိတဲ့ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ ကျော်က ကျောက်တိုင်ကြီးမှာ စပျစ်သီးပုံတွေ တွင်းထုထားသော ယနေ့ထက်ထိ တွေ့မြင်နိူင်သော သာဓကပါပဲ။ စပျစ်ပင်တွေရဲ့ ဇစ်မြစ်ကို ဆန်းစစ်တဲ့အခါ ကော့ကေးရှ မှာ စပြီးတွေ့ရပါတယ်။ ထိုမှ အနောက်အာရှ၊ ဥရောပတောင်ပိုင်း၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကိုစတဲ့ နိူင်ငံတွေကို ပြန့်ပွားသွားပါတယ်။ အိန္ဒိယ နိူင်ငံကိုတော့ အဲသည်နိုင်ငံတွေထက် စောပြီး ရောက်ပါတယ်။

အာဟာရတန်ဖိုးနဲ့ အမျိုးအမည်

စပျစ်သီးကို ရုက္ခဗေဒအရ Vitis Vinifera Linn လို့ခေါ်ပြီး အိန္ဒိယအမည် Angoor လို့ ခေါ်ပါတယ်။ စပျစ်သီး ဟာ သစ်သီးတွေထဲမှာ ဂလူးကို့စ်သကြားဓာတ်များစွာ ပါဝင်တဲ့ အသီးလည်း ဖြစ်ပါတယ်။ စပျစ်သီးမှာ ဂလူးဂို့စ် ပါဝင်တဲ့နှုန်းဟာ အခြားသီးနှံတွေမှာ ပါဝင်နှုန်းထက် ၁၅ရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းထိ ပိုပြီး ပါဝင်ပါတယ်။

ဒါကြောင့် စပျစ်သီးရဲ့ စွမ်းရည်က စားသုံးသမျှ အစာတွေကို ချေဖျက်နိုင်စွမ်းနဲ့ လိုအပ်တဲ့ အာဟာရ စုပ်ယူနိူင်စွမ်းနဲ့ လိုအပ်တဲ့ အာဟာရ စုပ်ယူနိုင်စွမ်းမှာ ထိရောက်လှပါတယ်။ အချိန်တို အတွင်းမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အပူနဲ့ စွမ်းအင်ကို ထုတ်ပေးနိူင်တာကတော့ စပျစ်သီးပါပဲ။

သဘာဝအကျိုးများနှင့် ဆေးကုသနိုင်စွမ်းအား

စပျစ်သီး တန်ဖိုးမှာ အဓိကအားဖြင့် ဂလူးဂို့စ်သကြားဓာတ် ကြွယ်ဝမှုကြောင့်ပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ဖြစ်စေပြီး နှလုံးအပါအဝင် ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အားလုံးကို အကျိုးပြုနိူင်စွမ်း ထူးခြားစွာ ပါဝင်ပါတယ်။ ဖျားနာပြီး အားအင်ဆုတ်ယုတ်သူ အတွက် အားပြည့်ကျန်းမာစေသလို အစာလည်း ကြေလွယ် စေတယ်။ နေ့စဉ် အစာထဲမှာ စပျစ်သီးကို မပျက်မကွက်ထည့်ပြီး စားလေ့ရှိသူဟာ ကျန်းမာသက်ရှည်စေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဝမ်းချုပ်ခြင်း ပျောက်ကင်းချမ်းသာ

စပျစ်သီးမှာ ပါဝင်တဲ့ ဆဲလ်လူလို့စ်၊ သကြားနဲ့ အော်ဂဲနစ်အက်ဆစ် ဒြပ်ပေါင်းတွေက ဝမ်းနူးပြီး ဝမ်းသွားရလွယ်စေပါတယ်။ အူလမ်းကြောင်း တစ်လျှောက်နဲ့ အစာအိမ် အတွင်း သန့်ရှင်း သွားစေနိူင် စွမ်းအားရှိတဲ့အပြင် နာတာရှည် ဝမ်းချုပ်ရောဂါ ရှိသူများကို ဝမ်နူးလွယ်စေ ပါတယ်။ ဝမ်းချုပ်ရောဂါ စွဲနေသူများ အတွက်တော့ တစ်နေ့ကို စပျစ်သီး ၃၅၀ဂရမ် မှ အရည်ကို သောက်သုံးပေးရပါမယ်။ လတ်ဆတ်တဲ့ စပျစ်သီးကို မရခဲ့ရင် စပျစ်သီးခြောက်ကို ရေထဲမှာ စိမ်ပြီး အသုံးပြုနိူင်ပါတယ်။

အစာမကြေ လေပွခြင်းအတွက် အားထား

အစာမကြေ လေပွရောဂါအတွက် တန်ဖိုးရှိလှတဲ့ အသီးပါ။ အစာအိမ်နာပြီး အစာမကြေ လေအောင့်တဲ့အခါ စပျစ်သီးကို သရေစာအဖြစ်နဲ့ စားပေးလိုက်ပါ။ အချိန် အနည်းငယ် အတွင်းမှာ ယူပစ်လိုက်သလို ပျောက်ကင်းသက်သာ စေပါတယ်။

စပျစ်သီး

စပျစ်ရည်သောက် နှလုံးရောဂါပျောက်

စပျစ်သီးဟာ နှလုံးရောဂါရှင်တွေ အတွက်လည်း အထူး သင့်လျော်ပါတယ်။ နှလုံးတုန်ခြင်း၊ နှလုံးနာခြင်း၊ နှလုံးဒဏ်ရာ ရခြင်းများကို သိသာစွာ သက်သာစေနိုင်စွမ်း ရှိပါတယ်။ နှလုံးရောဂါ ဝေဒနာရှင် ခံစားနေရသူကို စပျစ်ရည် နေ့စဉ် မှန်မှန် တိုက်ပေးလျှင် ရက်အနည်းငယ် အတွင်းမှာ ဝေဒနာ သက်သာ လာခြင်းကို ခံစားရမှာပါ။

ခေါင်းတခြမ်းကိုက် စပျစ်သီးမှည့်တိုက်

ခေါင်းတခြမ်းကိုက်သူများ ခေါင်းကိုက်ရောဂါ စွဲနေသူများ အတွက် စပျစ်ရည်ကို ဆေးတစ်ခွက်အဖြစ် သောက်ပေးနိူင်ပါတယ်။ စပျစ်သီးမှည့် အရည်ကို မှန်မှန်သောက်ပေးလျှင် ဘာဆေးမှ သောက်စရာ မလိုဘဲ ခေါင်းကိုက်စွဲနေရာက အရှင်း ပျောက်သွားတာကို ဘုရင်ဂျမ်ရှတ် ကစပြီး လက်တွေ့သိခဲ့ပါတယ်။ သူက စပျစ်ရည်တွေကို ပုလင်းတစ်လုံးထဲမှာ အမှတ်မထင် ထည့်ထားရာက အချိန်ကြာလာတဲ့အခါ မူလ အရောင်အနံ့ မဟုတ်ဘဲ ပြောင်းလဲမှုတွေကြောင့် ပြင်းထန်တဲ့ အဆိပ်လို့ သတ်မှတ်ပြီး အန္တရာယ် ကာကွယ်ဖို့ ထားခဲ့တယ်။ ဘုရင်မကြီးက ရုတ်တရက် ခေါင်းကြီးကိုက်ရောဂါစွဲပြီး မခံမရပ်နိူင်လွန်းတဲ့ အဆုံးမှာ သေချင်လည်း သေဆိုပြီး ဘာဆေးမှ မသောက်တော့ဘဲ အဲသည် အဆိပ်ဆိုတဲ့ စပျစ်ရည်တွေကိုပဲ နည်းနည်းချင်း ယူသောက်ရာက မသေတဲ့အပြင် သူမရဲ့ ခေါင်းကိုက်ရောဂါဟာ ယူပစ်လိုက်သလို ပျောက်သွားခဲ့တာကို လက်တွေ့ကြုံခဲ့ ရဖူးပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ စပျစ်ရည် သောက်သုံး နိူင်ပါတယ်လို့ အခိုင်အမာဆိုနိူင်ခြင်းပါ။

ကျောက်ကပ်ရောဂါမှန်သမျှ အားထားစရာ

စပျစ်သီးဟာ ကျောက်ကပ်ကိုလည်း အကျိုးပြုပါတယ်။ ကျောက်ကပ် ရောင်ရမ်းခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါ အမျိုးမျိုး အပြင် ကျောက်ကပ်တွင် ကျောက်တည်သူများ အတွက် အားထားနိူင်တဲ့ အကောင်းဆုံး ဆေးဖက်ဝင် အသီးဟာ စပျစ်သီးပါပဲ။  

အသည်း၊ သည်းခြေနှင့် စပျစ်ရည်

စပျစ်ရည် သောက်ပေးခြင်းဖြင့် အသည်းရောဂါ၊ သည်းခြေရောဂါ မှန်သမျှအတွက် အကျိုး ဖြစ်ထွန်းစေပါတယ်။

ကလေးသူငယ်အတွက်လည်း အားပြည့်

စပျစ်ရည်ကို နို့စို့အရွယ် ကလေးငယ်များ သွေးအား ကောင်းစေဖို့နဲ့ အားပြည့် ကျန်းမာ စေဖို့ရာ တိုက်ကျွေးနိူင်ပါတယ်။ သန့်ရှင်း လတ်ဆတ်တဲ့ စပျစ်ရည်ကို ပုလင်းထဲမှာ တာရှည်ခံအောင် သိုလှောင်ထားပြီး ကလေးငယ် ဝမ်းချုပ်တဲ့အခါ သုံးနိူင်ပါတယ်။ စပျစ်ရည်တိုက်ကျွေးခြင်းဟာ နို့စို့ကလေးငယ်များ ဝမ်းချုပ်လွန်းပြီး တက်ခြင်းမှ ကာကွယ်ပေးပါတယ်။ သွားပေါက်ချိန် အခက်အခဲ တွေလည်း စပျစ်ရည် တိုက်ပေးခြင်းဖြင့် မနာမကျင်ဘဲ ထိရောက်စွာ အကျိုးပြုတာ တွေ့နိူင်ပါတယ်။

ရေစီးကမ်းပြို အတွက် စပျစ်ရည်ကိုသောက်

စပျစ်ရည်မှာ ပါဝင်တဲ့ အော်ဂဲနစ်အက်ဆစ်တွေဟာ ရောဂါပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့အတွက် သွားဖုံးနဲ့ သွားမှာဖြစ်တတ်တဲ့ ရေစီးကမ်းပြို ရောဂါကို သက်သာစေနိူင်ပါတယ်။ စပျစ်ရည်ကို ရက်အနည်းငယ် စွဲသောက်သုံးရုံနဲ့ သွားတိုင်းရဲ့ ကြားမှာ ရှိသမျှ ရောဂါပိုးတွေ သေကြေစေပြီး ရောဂါပိုးပြန့်ပွားမှုကို ရပ်တန့်စေပြီး ရောဂါလုံးဝ ပျောက်သွားစေနိူင်တယ်လို့ ဖော်ပြထားပါတယ်။

အရက်ဖြတ်ဖို့ စပျစ်ရည်သောက်စို့

အရက်စွဲနေသူအတွက် အရက်သောက်ချင်စိတ် အများဆုံး ပြေပျောက်စေနိူင်တာလည်း စပျစ်ရည်ပါပဲ။ အရက်ဖြတ်သူများ အတွက် တန်ဖိုးအရှိဆုံး အစားထိုးအစာအဖြစ် စပျစ်ရည်ကို အသုံးပြုနိူင်ပါတယ်။

အနာပျောက်ကင်း အသားလှစေ

အပေါ်ယံ အရေပြားမှာ ထိခိုက်ရှနာဖြစ်ခဲ့လျှင် စပျစ်သီးကို ဆေးအဖြစ် အားကိုးနိူင်ပါတယ်။ အဖုအကျိတ် အနာတွေကို ဆေးအဖြစ် အုံပေးဖို့အတွက် စပျစ်သီးကို ညက်နေအောင် ကြိတ်ခြေပြီး အနာပေါ်မှာ ဖြန့်အုံပေးပါ။ ပြီးလျှင် ပိတ်စနဲ့စည်းပြီး ခြောက်သွေ့တဲ့ ပတ်တီးနဲ့ စည်းထားပါ။ စပျစ်သီး အနှစ်တွေက အနာအတွင်းက အညစ်အကြေး၊ အဆိပ်အတောက်၊ ဆားငန်ရည် တွေကို စုပ်ယူပစ်ပြီး သက်သာပျောက်ကင်း သွားစေပါတယ်။

သောက်သုံးဖို့ရာ ပြင်ဆင်ပါ

စပျစ်သီးရဲ့ အာနိသင်က အစွမ်းရှိသလောက် အထားခံတဲ့ အသီးတော့ မဟုတ်ပါဘူး။ ဒါကြောင့် စပျစ်သီးကို လတ်လတ်ဆတ်ဆတ် ဝယ်ပြီး ချက်ချင်းအသုံးပြုတာ အကောင်းဆုံးပါပဲ။ အအေးခန်းထဲမှာ မပျက်စီးအောင် သိုလှောင်ထားပြီးလည်း စားသုံးနိူင်ပါတယ်။ စိမ်းလွန်းတဲ့အသီး၊ အမှည့်လွန်တဲ့အသီး မဖြစ်စေဘဲ ကောင်းမွန်စွာ မှည့်ပြီး လတ်ဆတ်တာကို ရွေးချယ်သိမ်းထားသင့်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

Open More Online

Related Posts