သခွားသီး

သခွားသီး စား၍ ပျောက်ကင်းသွားစေမည့် ရောဂါများ

သခွားသီး၏ ဆေးဖက်ဝင်စွမ်းအင်

သခွားသီး က အသားအရေကို နုပျိုစိုပြည်လှပစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တစ်မယ်ပါ။ သခွားသီး ဟာ အသားအရေ အေးမြစေပြီး ချောမွေ့လှပစေတဲ့အတွက်လည်း လှချင်သူတိုင်းရဲ့ မျက်နှာမှာ သခွားသီးစိပ်လေးတွေကို အဝိုင်းလိုက်လှီးပြီး ကပ်ထားတတ်တာ တွေ့ဖူးကြမှာပါ။ အိန္ဒိယနိုင်ငံမှာတော့ ဟင်းသီးဟင်းရွက်တွေထဲမှာ သခွားသီးက ပေါ်ပြူလာအဖြစ်ဆုံးဖြစ်ပြီး အများဆုံး စိုက်ပျိုးကြတဲ့ အသီးတစ်မယ် ဖြစ်တယ်။ သခွားသီးကို အရေပြားပေါ်မှာ ကပ်ရုံနဲ့ အေးမြလန်းဆန်းသွားသလို စားသုံးတဲ့အခါမှာလည်း ကျေနပ်အားရစေတယ်။ သခွားသီးမှာ အရွယ်အစား ပုံသဏ္ဍာန်များသာမက အရောင်လည်း အမျိုးမျိုးရှိပါတယ်။ အစိမ်းနုရောင်၊ အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ ညိုဝါရောင် စသည်ဖြင့် အနုအရင့် အမှည့်ကိုလိုက်ပြီး အရောင်အမျိုးမျိုး ကွာခြားနေတယ်။ တူညီတဲ့ အချက်ကတော့ အသားနူးညံ့ပြီး အရည်ရွှမ်းတဲ့အသီး ဖြစ်တယ်ဆိုတာပါပဲ။ အသေးဆုံး ၈ စင်တီကနေ စင်တီမီတာ ၃၀ လောက်ကြီးတဲ့ သခွားသီးကြီးတွေအထိ တွေ့နိုင်ပါတယ်။ အခွံအစိမ်းရင့်ရောင် ရှိတဲ့ သခွားသီးတွေကိုတော့ အကောင်းဆုံးအမျိုးအစားလို့ ဆိုနိုင်ပါတယ်။

စတင်တွေ့ရှိရာဒေသ

သခွားသီးကို စပြီးတွေ့ခဲ့ရတဲ့နေရာက အိန္ဒိယမြောက်ပိုင်းဒေသတွေမှာ ဖြစ်ပါတယ်။ ရှေးကျတဲ့ အီဂျစ်၊ ဂရိ၊ ရောမနိုင်ငံတွေမှာ စတွေ့ခဲ့ရပြီး AD ၆ ရာစုလောက် ရောက်တဲ့အခါ တရုတ်နိုင်ငံမှာ စတွေ့ခဲ့တယ်။ အဲဒီကမှ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ရောက်ရှိသွားခဲ့တာပါ။ အရှေ့တောင်အာရှနိုင်ငံများအပြင် အာဖရိကအလယ်ပိုင်း၊ အမေရိကတောင်ပိုင်းနဲ့ ကာရေဗီယံဒေသတွေမှာလည်း ကျယ်ပြန့်စွာ စိုက်ပျိုးကြတာကို တွေ့မြင်ကြရပါတယ်။

အာဟာရတန်ဖိုးနှင့် သဘာဝအကျိုး

သခွားသီးမှာ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ သခွားသီးအခွံဟာ ဗီတာမင်များစွာ ပါဝင်ပြီး တန်ဖိုးရှိလှတာကြောင့် သခွားသီးကို အခွံမနွှာဘဲ စားသင့်ပါတယ်။ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ ဆီလီကွန်၊ ကလိုရင်းနဲ့ ဖလူအိုရင်းဓာတ်တွေ ပါဝင်တာ တွေ့ရပါတယ်။ သခွားသီးကို အခြား ဟင်းသီးဟင်းရွက်၊ ဂျုံစေ့၊ သစ်သီးများ၊ အစေ့အဆန်များ စသည်တို့နဲ့ ရောပြီး သုပ်စားလေ့ရှိတယ်။ တချို့က မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မုန်လာဥဖြူ၊ ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အာဟာရဖြစ်စေအောင် သုပ်ပြီး စားကြပါတယ်။ အရသာရှိလွန်းတာကြောင့် သခွားသီးသုပ်ကို လူတိုင်း ကြိုက်နှစ်သက်တယ်။

သခွားသီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရတန်ဖိုးကတော့ ရေဓာတ် ၉၆.၃ ရာခိုင်နှုန်း၊ ပရိုတင်း ဝ.၄ ရာခိုင်နှုန်း၊ အဆီ ဝ.၁ ရာခိုင်နှုန်း၊ သတ္တုဓာတ်များ ဝ.၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ဝ.၄ ရာခိုင်နှုန်းနဲ့ ကာဗိုဟိုက်ဒရိတ် ၂.၅% ပါဝင်ပါတယ်။ သတ္တုနဲ့ ဗီတာမင်ဓာတ်များကို ဖော်ပြရရင်တော့ ကယ်လ်စီယမ် ၁၀ မီလီဂရမ်၊ ဖော့စဖရပ် ၁၅ မီလီဂရမ်၊ သံဓာတ် ၁.၅ မီလီဂရမ်၊ ဗီတာမင်စီ ၇ မီလီဂရမ်၊ မီတာမင်ဘီ အနည်းငယ် စသည်ဖြင့် ပါဝင်ပါတယ်။ သခွားသီးရဲ့ လျှို့ဝှက်တဲ့ အာနိသင်တစ်ခုကတော့ ဆီးကို ကောင်းစွာ သွားစေတဲ့အတွက် ကျန်းမာရေးအတွက် အလွန်အကျိုးပြုပါတယ်။ ဖြစ်နိုင်ရင် သခွားသီးကို အစိမ်းလိုက် ရေစင်စင်ဆေးပြီး စားသုံးတာက ပိုတက်စီယမ်နဲ့ ဖော့စဖရပ်တွေ ဆုံးရှုံးမှုမှ ကာကွယ်ပေးပါတယ်။

သခွားသီးစား၍ ပျောက်ကင်းသွားစေမည့် ရောဂါများ

သခွားသီး က အစာအိမ်၊ အစာလမ်းကြောင်းနဲ့ ပက်သက်တဲ့ ရောဂါများ၊ ဝမ်းချုပ်ခြင်း၊ ရိုးဆက်ရောင်ရမ်းနာ၊ ဂေါက်ရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကာလဝမ်းရောဂါ၊ အဖုအပိမ့်များ ထွက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ဝမ်းချုပ်ခြင်း (Constipation)

သခွားသီး ဟာ ဝမ်းပျော့စေတဲ့ အစားအစာပါ။ သခွားသီး သုပ်စားခြင်း၊ သခွားသီးအစိမ်း တို့စားခြင်းတို့အပြင် သခွားသီးမှည့်စားခြင်း၊ ဖျော်သောက်ခြင်းက ဝမ်းချုပ်သူကို ဝမ်းမှန်စေပါတယ်။ ဘယ်လောက်ပဲ ဝမ်းချုပ်တတ်သူ ဖြစ်ပါစေ တစ်နေ့ကို သခွားသီးဖျော်ရည် သို့မဟုတ် အစိမ်းသက်သက် နှစ်ကြိမ် မှန်မှန်စားပေးရင် ဝမ်းချုပ်ခြင်း ရှင်းရှင်းပျောက်စေပါလိမ့်မယ်။

သခွားသီး

အစာအိမ်ရောဂါများ (Stomach disorders)

သခွားသီးရည်ဟာ အစာအိမ်အတွင်း အက်စစ်လွန်ကဲများပြားနေခြင်း၊ အစာအိမ် အနာခွက်ဖြစ်ခြင်း၊ အူသိမ်ဦးပိုင်း အူအတက်အနာဖြစ်ခြင်း စတဲ့ အစာအိမ်ဆိုင်ရာ ရောဂါအားလုံးအတွက် အဖိုးတန်တဲ့ ဆေးတစ်ခွက် ဖြစ်ပါတယ်။ အစာအိမ်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှအတွက် လတ်ဆတ်သန့်ရှင်းတဲ့ သခွားရည်ကို ၄ အောင်စကနေ ၆ အောင်စအထိ နှစ်နာရီခြားတစ်ခါ သောက်ပေးရင် လက်ငင်းသိသာစွာ သက်သာစေပါတယ်။ သခွားရည်စစ်စစ် ၉၆ ရာခိုင်နှုန်း ပါဝင်အောင် ထုတ်ယူထားတဲ့ သခွားရည်ကို တိုက်ရင်တော့ အထိရောက်ဆုံး ဖြစ်ပါတယ်။

အရိုးအဆစ်ရောင်ရောဂါ (Rheumatic Arthritis)

သခွားရည်ကို မုန်လာဥနီရည်၊ တရုတ်နံနံအရည်နဲ့ ရောပြီး သောက်ရင် အရိုးအဆစ် ကိုက်ခဲနာကျင်တဲ့ ရောဂါမှန်သမျှ သက်သာစေပါတယ်။ ရိုးဆက်ရောင်ရမ်းနာနဲ့ ဂေါက်ရောဂါလို နာတာရှည်ကိုက်ခဲနေသမျှတွေအတွက် သိသာစွာ သက်သာသွားလောက်အောင် ယူရစ်အက်စစ်ကို လျှော့ချနိုင်စွမ်း ရှိပါတယ်။

ဆီးရောဂါ (Urinary disorders)

သခွားစေ့မှာ ပိုတက်ဆီယမ်များစွာ ပါရှိပါတယ်။ ဆီးကျောက်တည်ခြင်း အပါအဝင် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် အလွန် ဆေးစွမ်းထက်တာ တွေ့ရပါတယ်။ သခွားစေ့ရဲ့ အာနိသင်က ဆီးကျောက်ကို ပျော်စေနိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် ဆီးကျောက်တည်ရောဂါ နုစဉ်မှာ သောက်ပေးရင် ကောင်းစွာ ပျောက်ပြီး ကျောက်မတည်အောင်လည်း ကာကွယ်နိုင်ပါတယ်။ သခွားသီးကို အစေ့အပါအဝင် အနှစ်ပြုပြီး ဒိန်ချဉ်နဲ့ ရောမွှေ၍ သောက်ပေးလျှင် ဆီးထဲမှာ ယူရစ်အက်စစ် လွန်ကဲခြင်းကို လျော့ကျစေပြီး ကျောက်တည်နေလျှင်လည်း ပျော်ကျသွားစေနိုင်ပါတယ်။

ကာလဝမ်းရောဂါ (Cholera)

ကာလဝမ်းရောဂါ ဖြစ်နေသူအတွက် သခွားရွက်သတ္တုရည် တစ်ဖန်ခွက်ကို အုန်းစိမ်းရည် အနည်းငယ်ရောပြီး တစ်နာရီခြားတစ်ခါ တစ်အောင်စ သို့မဟုတ် နှစ်အောင်စ တိုက်ပေးပါ။ ကာလဝမ်းရောဂါရှင်ကို ရေငတ်ပြေစေပြီး သိသာစွာ သက်သာလာစေပါတယ်။ ခန္ဓာကိုယ်ထဲ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်ပေးပြီး ဝေဒနာကို အမြန်ဆုံး နာလန်ထစေပါလိမ့်မယ်။

အဖုအပိမ့်ထွက်ခြင်း (Skin eruptions)

အရေပြားပေါ်မှာ အဖုအပိမ့်များထွက်ပြီး ယားနာနေတဲ့အခါမှာ သခွားသီးစားပေးပါ။ သခွားရည် သောက်ပေးတာကတော့ ပိုပြီး ထိရောက်စွာ ဆေးဖက်ဝင်စေပါတယ်။ အကောင်းဆုံးကတော့ မုန်လာဥနီအရည်၊ ဆလတ်ရွက်သတ္တုရည်နဲ့ သခွားရည် ဆတူရောထားတဲ့ ဖျော်ရည်ကို သောက်ပေးလျှင် ချက်ချင်း သက်သာပါလိမ့်မယ်။

အရေပြားအလှအပ (Beauty aids)

အသားအရေကို လှစေလိုသူတွေအတွက်တော့ သခွားသီးကို ခွဲခြမ်းစိတ်လှီးပြီး မျက်နှာ၊ မျက်လုံး၊ လည်ပင်း စတဲ့ နေရာတွေမှာ ပွတ်လိုက် သုတ်လိမ်းပေးပါ။ အရေပြားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပြီး အလွှာလိုက် ကပ်ထားလည်း ရပါတယ်။ ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့် ကြာတဲ့အခါ ရေအေးနဲ့ သန့်စင်ဆေးကြောပေးပါ။ အသားအရေကို သန့်စင်ကြည်လင်စေရုံသက်သက် အစွမ်းထက်တာ မဟုတ်ဘဲ လိုအပ်တဲ့ ဗီတာမင်အာဟာရဓာတ်တွေကိုလည်း ဖြည့်ပေးပါတယ်။ ဒါကြောင့် မှန်မှန်အသုံးပြုသွားမယ်ဆိုရင် ဝက်ခြံ၊ မှဲ့ခြောက်နဲ့ အနာအဆာများပေါက်ခြင်းကင်းသလို အရေပြား ခြောက်သွေ့ခြင်းလည်း ကင်းပါတယ်။ အရေပြားအလှကို အစွမ်းကုန် ဖြည့်ပြီး မဖြူလွယ်အောင် ဆောင်ရွက်နိုင်ပါသေးတယ်။ ဆံပင်အတွက်လည်း မုန်လာဥနီ၊ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်သတ္တုရည်တွေကို သမအောင် ရောစပ်စေပြီး လိမ်းပေးနိုင်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

Open More Online

Related Posts