ရေနှင့် ပြည်သူ့နီတိ

ရေနှင့် ပြည်သူ့နီတိ

လူတွင် ရေဓာတ်သည် လွန်စွာ အရေးပါလှ၏။ “ရေအသက် တစ်မနက်” ဆိုသည့်အတိုင်း လူ့ခန္ဓာကိုယ်အတွက် ရေနှင့် ကယ်လိုရီတို့ကို နေ့စဉ်ဖြည့်စွမ်းပေးရပေသည်။ ထို့ကြောင့် သောက်သုံးရန် ရေကောင်းရေသန့်ကို ရရှိရန် အလွန်အရေးကြီး၏။ ရေကို အမျိုးအစား ၃-မျိုး တွေ့နိုင်သည်။

၁။     မိုးရေ
၂။     မြေမျက်နှာပြင်ပေါ်မှရေများ။
        (မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ။)
၃။     မြေအောက်မှရရှိသောရေ။
        (အဝီစိတွင်းရေ၊ စိမ့်ရေ၊ စမ်းရေ)
        စသည်တို့ဖြစ်သည်။
        
မိုးရေကို ယေဘုယျအားဖြင့် လူအများသောက်သုံးလျက်ရှိသော သဘာဝအလျောက် ရရှိသည့်ရေများတွင် မိုးရေမှာ အသန့်ရှင်းဆုံးဖြစ်သည်။ မြို့နေလူတန်းစားတို့အတွက် ပိုက်ဖြင့်သွယ်ယူ၍ ဖြန့်ဝေပေးနေသည်မှာ မိုးရေပင်ဖြစ်သည်။ အင်းတော်ကြီး၊ အင်းလေးကန်၊ အင်းလျားကန်၊ ကန်တော်ကြီး၊ သာဓုကန် စသည်ကန်များမှ ရေကို သုံးစွဲလျက်ရှိကြသည်။

တောရွာများတွင် ကန်များတူး၍ မိုးရေကို ခံယူကြသည်။ မိုးရေခံယူသောခွက်များ၊ အိမ်ခေါင်မိုးများ၊ ကန်များ သန့်ရှင်းပါမှ သောက်ရေအတွက် အသင့်လျော်ဆုံးဖြစ်ပေသည်။ မိုးရေကို အဓိကထားသောက်သုံးရန် ရေစည်များ၊ ရေလှောင်ကန်များတွင် သိုလှောင်မည်ဆိုပါက ဤသို့ပြုလုပ်ရပေမည်။

၁။     အလွယ်တကူဆေးကြောနိုင်သော ရေစည်၊ ရေလှောင်ကန်များ ဖြစ်ရမည်။ ပတ်ဝန်းကျင်မြေမျက်နှာပြင်ညစ်ညမ်းမှုမှ ထိရောက်စွာ ကာကွယ်နိုင်ရမည်။

၂။     မိုးရေသုံးစွဲသူများအနေဖြင့် ရေပုံး၊ ရေခွက်များဖြင့် နှစ်၍ ခပ်ရန်မသင့်ပေ။ ထိုရေပုံး၊ ရေခွက်တို့မှ တဆင့် ရောဂါပိုးမွှားများ ဝင်ရောက်နိုင်သည်။

၃။     အဖုံး၊ အအုပ် ပြုလုပ်ပေးနိုင်ပါက ပိုမိုကောင်းမွန်သည်။

မြစ်ရေ၊ ချောင်းရေသည် လူတို့၏ အညစ်အကြေး၊ အမှိုက်သရိုက်များစွန့်ပစ်ရာ၊ ရေချိုး အဝတ်လျှော်ဖွပ်ရာ ဋ္ဌာနဖြစ်၍ ရောဂါပိုးများ အစဉ်သဖြင့် နေတတ်သည်။ သင်္ဘောဖြင့် ခရီးသွားသူများ မြစ်ဆိပ်တွင် ရေချိုးခြင်း၊ အဝတ်ဖွပ်ခြင်း၊ ကျွဲနွားတို့ရေချခြင်း စသည်တို့ ပြုလုပ်ကြမည်ကို မြင်ဘူးမည် ဖြစ်သည်။ ထို့အတူ ဈေးအမှိုက်များ၊ မြို့အမှိုက်များကို မြစ်ကမ်းနဖူးတွင် စွန့်ပစ်ခြင်းများလည်း မြစ်ကမ်းနဖူးပေါ်ရှိ မြို့များတွင် တွေ့နိုင်သည်။ ထို့အတူ ငမိုးရိပ်ချောင်းကဲ့သို့သော လှိုင်မြစ်ကဲ့သို့သော ချောင်းရိုး၊ မြစ်ရိုးတစ်လျှောက် ကျောပေးနေထိုင်ကြသော သူတို့သည် အိမ်သာကို ချောင်းစပ်တွင် ဆောက်လုပ်ပစ်ကြကြောင်း တွေ့နိုင်သည်။

မော်လမြိုင်မြစ်ကမ်းနဖူးပေါ်ရှိ အိမ်အချို့၌ပင် ထိုကဲ့သို့ အညစ်အကြေးစွန့်ခြင်းအမှုရှိနေသေးကြောင်း တွေ့ရသည်။ မြစ်ရေ၊ ချောင်းရေသည် သန့်ရှင်းမှု မသန့်ရှင်းမှုသည် မြစ်၏ အကျယ်ပမာဏ၊ ရေစီးနှုန်း၊ လူနှင့် တိရစ္ဆာန်တို့၏ ညစ်ညမ်းစေမှုတို့အပေါ်တွင် မူတည်သည်။ မြစ်ဖျားခံရာဒေသထက်၊ မြစ်အောက်ပိုင်းတွင် မြစ်ရေသည် အညစ်အကြေးအမျိုးမျိုး၊ ရောဂါပိုးအစုံစုံတို့ ဖြည့်ပြည့်နေတတ်သည်။ သို့ဖြစ်၍ မိမိတို့နေထိုင်ရာဒေသအလျှောက် မလွဲမရှောင်သာ မြစ်ရေ၊ ချောင်းရေကို သုံးမည်ဆိုလျှင် အောက်ပါအချက်များကို သတိပြုသင့်ပေသည်။
၁။     မြစ်ချောင်းအတွင်းသို့ အညစ်အကြေး၊ အမှိုက်သရိုက်များ မစွန့်ပစ်ပါနှင့်။
၂။     နွေအခါ ခမ်းခြောက်တတ်သော မြစ်ငယ်၊ ချောင်းငယ်တို့မှ ရေကို မသုံးစွဲပါနှင့်။
၃။     မြစ်လယ်၊ ချောင်းလယ်မှ ရေကိုသာယူပါ။
၄။     မိမိတို့မြို့ရွာဒေသသို့ မရောက်မီ၊ ရေဆန်နေရာမှ မြစ်ရေကိုသာ သုံးစွဲပါ။

များသောအားဖြင့် မိမိတို့နိုင်ငံအနှံ့အပြား၌ အများသုံးရေကို ကန်များမှ မှီခို၍ သောက်သုံးရေကိုပင် ကန်ရေကိုပင် သောက်သုံးကြသည်။ ယင်းကဲ့သို့ ကန်ရေကို အမှီပြုနေလျှင် ကျန်းမာရေးနှင့် ညီညွတ်စေရန် အောက်ပါအတိုင်း သတိပြုရမည်ဖြစ်၏။

၁။     ရေကန်နှင့် အနီးတဝိုက်တွင် အိမ်သာ၊ အမှိုက်ပုံ၊ ရေပုပ်ရေဆိုးမြောင်းများ မရှိစေသင့်ပါ။
၂။     ရေကန်မှာ နက်၍ အသင့်အတင့် ကျယ်ဝန်းသင့်၏။
၃။     ရေကန်ဘောင်တွင် မြေအနည်းငယ်မြင့်၍ ဖို့ထားခြင်းဖြင့် အခြားနေရာမှ ရေများစီးဝင်မှုကို ကာကွယ်နိုင်၏။
၄။     ကျွဲ၊ နွား၊ တိရစ္ဆာန်များ မဝင်နိုင်ရန် ရေကန်ပတ်လည် ဝင်းခြံခတ်ထားသင့်သည်။
၅။     ရေကန်အနီးအနားတွင် သစ်ပင်ကြီးငယ်များ မရှိသင့်ပေ။ ယင်းတို့မှ ကြွေကျသော အရွက်များ ရေကန်အတွင်း မကျစေရန် ကြိုတင်စီမံထားသင့်၏။
၆။     သောက်ရေကန်အဖြစ် အသုံးပြုမည်ဖြစ်၍ ရေကန်တွင် ရေချိုးခြင်း၊ အဝတ်လျှော်ဖွပ်ခြင်း မပြုစေရ။
၇။     ရေခပ်ယူရာတွင် မသန့်ရှင်းသော ပုံးများဖြင့် ခပ်ယူခြင်းမပြုသင့်။
၈။     ရေကန်ကို စုပေါင်းလုပ်အားဖြင့် နှစ်စဉ်၊ သို့မဟုတ် အဆင်ပြေသည့်ကာလတွင် ရေညှိ၊ ရေမှော်၊ အမှိုက်သရိုက် စသည်တို့ကို ဆယ်ပစ်ပါ။

ရေတွင်းတို့၌ အကြမ်းအားဖြင့် အဝီစိတွင်း၊ ရိုးရိုးလက်တွင်း ဟူ၍ နှစ်မျိုးတွေ့နိုင်သည်။ အဝီစိတွင်းတွင် ရေကို မြေကြီးအတွင်းနက်သော အပိုင်းမှ စက်ဖြင့် ရေကိုစုပ်ယူသဖြင့် ရောဂါပိုးနည်းပါး၍ ကောင်းမွန်သည်။

ကျေးရွာများ၊ ရပ်ကွက်များတွင် အများဆုံး အသုံးပြုနေသော ရိုးရိုးရေတိမ်တွင်းများကို အတတ်နိုင်ဆုံး ကျန်းမာရေးနှင့် ညီညွတ်စေရန် အောက်ပါအချက်တို့အတိုင်း တူးဖော်သုံးစွဲသင့်ပါသည်။
၁။     ရေတွင်းတည်ရှိရာသည် ရေဝပ်ခြင်း၊ ရေလွှမ်းမိုးခြင်း မရှိသော နေရာဖြစ်စေရမည်။
၂။     ရေတွင်းနှင့်အနည်းဆုံး ပေ ၅၀ အတွင်း၊ မည်သည့်အိမ်သာ၊ ရေပုပ်၊ ရေမြောင်းမျှ မရှိစေရ။
၃။     ရေတွင်းကို အတွင်းသို့ အနည်းဆုံး ၁၀ ပေ ခန့် အုတ်အင်္ဂတေကိုင်ထားပါ။
၄။     ရေတွင်းကို အဖုံးပြုလုပ်ထားသင့်သည်။
၅။     ရေတွင်းဘောင်အဖြစ် အုတ်ခွေ၊ ဝါးခွေဖြင့် ကာရံထားသင့်သည်။
၆။     တတ်နိုင်လျှင် ရေတွင်းပတ်လည် အနည်းဆုံး ခြောက်ပေခန့် ရေစိမ့်မဆင်းနိုင်ရန် အုတ် အင်္ဂတေခင်းထားသင့်သည်။    ယင်းပတ်ပတ်လည် စင်္ကြံမှ ရေများကို အင်္ဂတေမြောင်းတစ်ခုထဲသို့ စီးဝင်စေပြီး၊ ရေသွယ်မြောင်းကို ရေတွင်းမှ ပေ ၅၀ ကျော် အထိ ရောက်စေရမည်။
၇။     ရေတွင်းအနီးသစ်ပင်များ မရှိစေရပါ။
၈။     ရေတွင်းအနီးတဝိုက် ကြွက်တွင်းများ မရှိစေသင့်။
၉။     ရေတွင်း၌ အဝတ်ဖွပ်ခြင်း၊ ရေချိုးခြင်း မပြုလုပ်စေသင့်ပါ။
၁၀။     ရေတွင်းမှ ရေကို ဖြစ်နိုင်လျှင် ရေစုပ်စက်ဖြင့်သော် လည်းကောင်း၊ စက်သီးကြိုးတပ်ပုံးဖြင့်သော်လည်းကောင်း ပုံသေခပ်ယူသင့်သည်။ လူအမျိုးမျိုး၊ ပုံးအမျိုးမျိုးဖြင့် ခပ်ယူခြင်း မပြုလုပ်ရ။
၁၁။     နှစ်စဉ် ရေတွင်းမှ အမှိုက်သရိုက်များကို ဆယ်ယူဆေးကြောပစ်ပါ။

ရေမသန့်ရှင်းလျှင် ကျန်းမာရေးနှင့် မညီညွတ်ဘဲ ရောဂါအမျိုးမျိုး ရရှိစေနိုင်သည်။ အဘယ်သို့သော ရောဂါများဟူမူ။
၁။     ကာလဝမ်းရောဂါ၊ အူရောင်ငမ်းဖျားရောဂါ၊ ဝမ်းကိုက်ရောဂါ၊ သူငယ်နာအကြောသေရောဂါ၊ အသည်းရောင်အသားဝါရောဂါများ။
၂။     ကပ်ပါးပိုးကြောင့်-သန်ကောင်စွဲရောဂါအမျိုးမျိုး၊ အမီးဘားဝမ်းကိုက်ရောဂါများ။
၃။     ရေတွင် ဓာတ်သတ္တုပါဝင်မှုနည်း၍ ရသောရောဂါများအဖြစ် သွားပိုးစားရောဂါ၊ လည်ပင်းကြီးရောဂါ စသည်တို့ ဖြစ်စေသည်။
၄။     အင်သြဂဲနက်ဓာတ်ဆားများပါဝင်မှုကြောင့်၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ခဲဆိပ်တက်ခြင်း၊ သွပ်ဓာတ်များ၍ ဝမ်းချုပ်စေခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်စေသည်။
၅။     အခြားအန္တရာယ်များအနေဖြင့် ရေထဲတွင် ရေဒီယိုသတ္တုကြွပစ္စည်းများ ပါဝင်ခြင်း၊ ပိုးသတ်ဆေးအဆိပ်တောက်များ ပါဝင်ခြင်း၊ ထုံးဓာတ်များ၊ သံဓာတ်များပါဝင်ခြင်းတို့ ဖြစ်သည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts