လူမျိုးတိုင်း စကားယဉ်ကျေးရန် ကျင့်ဝတ်စည်းကမ်းများ၊ နီတိများ၊ စကားဆိုရိုးများ၊ ပုံသာဓကများ ရှိခဲ့သည်။ မြန်မာတိုင်းရင်းသားအမျိုးမျိုး၏ ယဉ်ကျေးမှုလိမ္မာ စကားရတနာတို့ကို ဤသို့တွေ့နိုင်သည်။
* လမ်းမကြီးပေါ်၌ မည်သူမဆို ချိုချိုသာသာ နှုတ်ခွန်းဆက်ပါ။
(လူရှေစကားပုံ)
* လူ့ပေါ်ကြော့ဟာ တစ်နှစ်လုံးစကားပြောတတ်တယ်။
(ရှမ်းစကားပုံ)
* လူပြောမသန်၊ လူသန်မပြော။
(မြန်မာစကားပုံ)
* လက်ကြောင့်ကြေ၊ နှုတ်ကြောင့်သေ။
(မြန်မာစကားပုံ)
* ခွေးမအိပ်မီ သုံးကြိမ်လှည့်ပတ်။
ကြက်မတွန်မီ တောင်ပံသုံးကြိမ်ခတ်။
ထို့အတူ လူဟာ စကားပြောတော့မည်ဆိုလျှင်
ဦးစွာဆင်ခြင်ပြီးမှ ပြောပါ။
(ကရင်စကားပုံ)
* အိုမိတ်ဆွေ … စကားကို ထင်တိုင်း မြင်တိုင်း ပြောဆိုခြင်းငှာ
သင်တို့၏ နှုတ်ခမ်းကို အကြိမ်ပေါင်းများစွာ
မလှုပ်ရှားပါစေကုန်လင့်။
(နီတိမာလာကျမ်း)
* ဆိုရေးရှိက ဆိုအပ်စွတည့်၊ ဆိုစ-ပါးလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိ။
(ရှင်မဟာရဋ္ဌသာရ)
* စကားကျွံ-နှုတ်ရခက်၊ ခြေထောက်ကျွံ-ဒူးခေါင်းပြတ်
(မွန်စကားပုံ)
* ပြောလိုက်တဲ့စကားနဲ့ ပစ်လိုက်တဲ့ကျောက်ခဲကို ပြန်ယူလို့မရ။
ပြောလိုက်တဲ့စကားဟာ ပစ်လိုက်တဲ့မြားဘဲ
(ဂျိမ်းဖောစကားပုံ)
* ဆိုခဲစေ၊ မြဲစေ။
(မြန်မာစကားပုံ)
* ပြောပြီးသော စကားနှင့် ဖိတ်စင်ပြီးသောရေကို
ပြန်၍ မကျုံးနိုင်တော့ပါ။
(လူရှေစကားပုံ)
* ကြမ်းကျွံက နှုတ်ရ၊ စကားကျွံက နှုတ်မရ။
(ရခိုင်စကားပုံ)
* စကားကျွံလျှင် ဒုက္ခတွေ့ရတတ်။
(ချင်းစကားပုံ)
* စကားနောက်-တရားပါ။
(မြန်မာစကားပုံ)
* ခြေချော်ဖင်ထိုင်ကျ၊ စကားမှားက
ခြေချော်သည်ထက် အကျနာသေး။
(ကရင်စကားပုံ)
* ကြက်လွန်လျှင်နေသာသည်၊
စကားလွတ်လျှင် မည်သို့မျှမတတ်နိုင်။
(ဂျိမ်းဖောစကားပုံ)
* တွင်းဆိုးကျွံလျှင် နှုတ်ရသည်၊
စကားကျွံသော် နှုတ်မရ။
(ဓနုတောင်ရိုးစကားပုံ)
* အသွားတော်လျှင် တစ်ချက်၊
စကားချော်လျှင် တစ်သက်။
(မြန်မာစကားပုံ)
* တောင်ဘယ်လောက်ကြီးကြီး ဖြတ်ကျော်နိုင်ပါတယ်၊
မြစ်ဘယ်လောက်ကျယ်ကျယ် ဖြတ်ကူးနိုင်ပါတယ်။
သို့သော် တရားသူကြီးစကားကိုမူ တစ်ဆံချည်မျှ မလွန်ဆန်နိုင်ပါ။
(ကရင်စကားပုံ)
* စကားမှန်ပါလျှင် ရွှေထက်အဖိုးတန်၏။
(ပအို့ဝ်စကားပုံ)
* စကားကောင်းတစ်ခွန်းက ရွှေကဲ့သို့တန်၏။
(ဂျိမ်းဖောစကားပုံ)
* နှုတ်ကောင်းတော့ပြည်စိုး။
(မြန်မာစကားပုံ)
* မင်းတို့စကား၊ မိုးကြိုးသွား။
(မြန်မာစကားပုံ)
* နှုတ်ချိုလျှိုတစ်ပါး၊ နှုတ်ကောင်းလျှင် ပြည်စိုး။
(မြန်မာစကားပုံ)
* ချိုသောစကားသည် နွားနောက်တန်၏။
(လူရှေစကားပုံ)
* ခွေးကောင်းကလူကိုမဟောင်၊
လူကောင်းက သူတစ်ပါးအားမကဲ့ရဲ့
(မရူစကားပုံ)
* ကြံချောင်းငယ်လျှင် မချို၊ ဆင်းရဲသားစကား
အဖိုးမတန်။
(ရှမ်းစကားပုံ)
* စကား-စကားပြောပါများ၊ စကားထဲက ဇာတိပြ။
စကားဆို တောင်လိုမမောက်နဲ့။
တံတားအို မှောင်ခိုမလျှောက်နှင့်။
စကားများတဲ့ မင်းဆရာ၊ ဆိတ်ချေးတစ်ပြည်တန်၏။
အမိယုတ်သား၊ စကားကြမ်း။
(မြန်မာစကားပုံများ)
* ချစ်ခင်လျှင် သတိပေးစကား။
မုန်းလျှင် မလိုမုန်းထားစကား။
(ပလောင်စကားပုံ)
* ကြမ်းတမ်းသောစကားကြောင့် နွားနောက်လျှော်ပေးရသည်။
နူးညံ့သောစကားကြောင့် နွားနောက်ကြွေးကြေနိုင်သည်။
(ကရင်စကားပုံ)
* ဝစီဘေဒ-ထိတိုင်းရှ။
(မြန်မာဘာသာရေးစကားပုံ)
* ပြည်ထဲရေးရာစကားနားထောင်လျှင် စိတ်မကောင်း။
ချစ်သူရည်းစားစကားနားထောင်လျှင် စိတ်ကောင်းတယ်။
(ရှမ်းစကားပုံ)
အပေါ့အလေးသွားလျှင် ကွယ်၍သွားရပါတယ်။
စကားကိုကား ကွယ်၍ ပြော၍ မရနိုင်ပါ။
(ကရင်စကားပုံ)
* ပါးစပ်က စအိုဝလိုပါပဲ။
(ပလောင်စကားပုံ)
* ပညာရှိက နားသောတ ပျော့ပြောင်းသည်။
(မွန်စကားပုံ)
* ပါးစပ်က နှာခေါင်းထက် မရှည်နှင့်။
(မွန်စကားပုံ)
* ဝါးကျည်တောက်ဟောင်းမှ ရေအေးသလို …
ချစ်သူဟောင်း၏စကားသည် ချိုသာ၏။
(ကရင်စကားပုံ)
* ကျိန်ဆဲခြင်းက မိမိရဲ့ဆိုးကျိုးကိုသာ ပြတယ်။
(ပလောင်)
* နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့်။
(မြန်မာစကားပုံ)
* စကားအရမ်းပြောလျှင် လျှော်ရတတ်၏။
လှံကို အရမ်းပစ်လျှင် ခွေးထိတတ်သည်။
(ကယားစကားပုံ)
* အရိုးသင်သည်မှာသွား၊ စကားသင်သည်မှာနွား။
(အဇီးစကားပုံ)
* သက်ကြီးစကားကို မလွန်ဆန်သင့်၊
အရိုးရင့်ကိုလည်း မခုတ်သင့်။
(လရှီးစကားပုံ)
* ရေအိုင်သာယာလျှင် ငါးများ၏။
အပြောသာယာလျှင် မိတ်ဆွေများ၏။
(ကရင်စကားပုံ)
* စကားဟောင်းပြန်ပြောလျှင် ရန်ဖြစ်ရတယ်။
တောင်ယာအဟောင်းပြန်လုပ်လျှင် ပေါင်းထူတယ်။
(မရူစကားပုံ)
* တောဝက်ရဲလျှင် ဝါးချွန်နဲ့တွေ့။
စကားပြောရဲလျှင် တရားရုံးနဲ့ ရင်ဆိုင်ရ။
(ကရင်စကားပုံ)
* ကလေးစကားပြောလျှင် ချော့ရတယ်။
ဝါးခုတ်လျှင် လက်နှင့်ဆွဲရတယ်။
(ကယားစကားပုံ)
* ပါးစပ်က တဖွဖွပြောသော်လည်း
လက်သေနေသဖြင့် မလုပ်နိုင်။
(ဂျိမ်းဖောစကားပုံ)
* မှန်တဲ့စကားပြောလျှင် နားထောင်ရခက်တယ်။
ပြောင်တဲ့သစ်ပင်ကလည်း အတက်ရခက်တယ်။
(ပအို့ဝ်စကားပုံ)
* တစ်ခါပြောလျှင် အတည်မှတ်၊
နောက်တစ်ခါပြောလျှင် သာ၍တည်သည်။
(ကရင်စကားပုံ)
* နောက်ချေးက မြေကိုပုပ်ဆွေးစေ၍
စကားပြောလျှင် သူတစ်ပါးစိတ်ကို မပုပ်သိုးစေနှင့်။
(ပလောင်စကားပုံ)
* စကားရိုးရိုးပြောလျှင် ပြီးလွယ်တယ်။
ရေလွှတ်တဲ့အခါ၊ မြောင်းကျယ်တဲ့အခါ၊
ဖြောင့်ဖြောင့်သွယ်လျှင် အရောက်မြန်တယ်။
(ကယားစကားပုံ)
* ရေကူးက ကမ်းရောက်သည်အထိကူး။
နားထောင်က နည်းရသည်အထိနားထောင်။
(မွန်စကားပုံ)
* အမေ့စကားနားမထောင်လျှင် အရှက်ရ၏။
အမေ့စကားနားမထောင် ကြောက်ရ၏။
(ပလောင်စကားပုံ)
* စကားနောက်တရားပါ၊ စကားနည်းရပ်စဲ။
စကားများအမှားပါ၊ စကားအရာ အင်္ဂါလေးတန်။
စကားအပေါင်းချုပ်သည်ကား-ကတိ။
တရားအပေါင်းချုပ်သည်ကား-သတိ။
(မြန်မာစကားပုံ)