အယ်ဒီတာ ဒေါ်ဖွားရှင်

ပထမဆုံး အမျိုးသမီး အယ်ဒီတာ ဒေါ်ဖွားရှင်

မြန်မာ့သတင်းစာ လောကတွင် ဒေါ်ဖွားရှင် ကို ပထမဆုံး အမျိုးသမီး အယ်ဒီတာအဖြစ် အသိအမှတ်ပြုထားကြပါသည်။ ဒေါ်ဖွားရှင် သည် သာယာဝတီဒိစတြိတ်၊ သုံးဆယ်မြို့မှ စတင်ထုတ်ဝေသော သာယာဝတီသတင်းစာတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

ဒေါ်ဖွားရှင်နှင့် သုံးဆယ်မြို့

ဒေါ်ဖွားရှင်ကို အဘဦးနေဒွန်း၊ အမိဒေါ်မေတို့က မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ်၌ ၂၁ ဇန်နဝါရီ၊ ၁၈၈၀ တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမများအနက် အကြီးဆုံးဖြစ်ပြီး မွေးချင်းများမှာ ဒေါ်ဖွားရှင်၊ ဦးငွေဒင်၊ ဒေါ်လွင်၊ ဦးကျော်ဒင်၊ ဒေါ်အေးတင်၊ ဦးသာဒင်တို့ ဖြစ်ကြသည်။ ဒေါ်ဖွားရှင်သည် ၁၉၀၁ ခုနှစ် အသက် (၂၁)နှစ်အရွယ်တွင် သုံးဆယ်မြို့မှ ကျောင်းအုပ်ဆရာကြီး ဦးဇံနှင့် လက်ဆက်ကာ သုံးဆယ်မြို့သို့ လာရောက်နေထိုင်ခဲ့သည်။

ခင်ပွန်းသည် ဦးဇံ

ဒေါ်ဖွားရှင်၏ ခင်ပွန်းဦးဇံသည် သုံးဆယ်မြို့၊ အာစီအမ်ကျောင်းအုပ်ဆရာကြီး ဖြစ်သည်။ ဦးဇံနှင့် ဒေါ်ဖွားရှင်တို့ နှစ်ဦးစလုံးသည် သာသနာပြုများနှင့် ရင်းနှီးကာ ဇွန်း၊ ခက်ရင်းဖြင့် ထမင်းစားလျက် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ကြသော်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဦးဇံသည် ဆေးဝါးဖော်စပ်ထုတ်လုပ်ခြင်းကို ဝါသနာပါသူဖြစ်သဖြင့် ကျောင်းအုပ်ဆရာကြီးအဖြစ် အမှုထမ်းရင်း တစ်ဖက်မှ စကြဝဠာဆေးတိုက်ကို တည်ထောင်ဖွင့်လှစ်ကာ ဆေးဝါးထုတ်လုပ်ရောင်းချခဲ့သည်။ တစ်စတစ်စ ကြီးပွားလာသောအခါ ကျောင်းအုပ်ဆရာအလုပ်မှ နုတ်ထွက်ကာ ပုံနှိပ်တိုက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts