အမှန်တရားကို

အမှန်တရားကို လျင်မြန်စွာပြောပါ

တော်သည့်ခေါင်းဆောင်များတွင် တူညီသော အကျင့်တစ်ခုရှိသည်။ ယင်းပုဂ္ဂိုလ်များသည် အမှန်တရားကို အခြားသော မန်နေဂျာများထက် ဖြေဆိုကြခြင်း ဖြစ်သည်။ 

အရောင်းဝန်ထမ်းများအား မန်နေဂျာက တွန်းအားပေးရာတွင် စာရေးသူစတိဗ် ကူညီခဲ့ဖူးသည်။ ဤနေရာတွင် အရောင်းဝန်ထမ်းသာမက အခြားသော ဝန်ထမ်းများလည်း အကျုံးဝင်သည်။ ဝန်ထမ်းများကို ယင်းတို့အား အကန့်အသတ်ဖြစ်စေသည့် အကြောင်းများကို စာရေးသူအား အမြဲပြောလေ့ရှိသည်။ စာရေးသူက စိတ်ရှည်ရှည် နားထောင်ပေးပြီး ယင်းအကန့်အသတ်များအကြောင်းကိုပဲ ပြန်လည်ဆွေးနွေးပေးသည်။ ထိုအခါ ဝန်ထမ်းများက သူတို့အား အမှန်တကယ် ထိန်းချုပ်ကန့်သတ်နေသည်များကို ထပ်မံပြောကြသည်။ ထိုသူများသည် ကန့်သတ်ချက်များအပေါ် စွဲနေကြသည်။ 

တစ်နေ့တွင် စာရေးသူသည် အရောင်းသမားတစ်ဦးနှင့် ခက်ခက်ခဲခဲ သင်ကြားပေးခဲ့ရသောအချိန် ရှိခဲ့သည်။ နောက်ဆုံးတော့ စာရေးသူလည်း “ မင်းလိမ်ပြောနေတာပဲ၊ ငါသိပါတယ် ” ဟူ၍ လွှတ်ခနဲ ပြောချလိုက်မိသည်။ ( အမှန်တော့ စာရေးသူလည်း မောပန်း၊ စိတ်ဖိစီးနေသောအချိန် ဖြစ်နေ၍ဖြစ်သည်)

ထိုအခါ အရောင်းသမားက “ ခဗျား ဘာပြောလိုက်တာလဲ ” ဟု မေးလိုက်ရာ-
“ခင်ဗျား လိမ်ပြောနေတာ၊ ကျွန်တော် လုပ်နိူင်တာမရှိဘူးဆိုပြီး မပြောပါနဲ့။ ခင်ဗျားလုပ်နိူင်တာ အများကြီးရှိတယ်။ ခင်ဗျားက ကိုယ့်ကိုကိုယ် လှည့်စားနေတာပဲ။ အဲဒီလို မလုပ်ပါနဲ့။ ခင်ဗျားက အမှန်အတိုင်း လုပ်မယ်ဆိုရင် အောင်မြင်မှုရမှာ သေချာတယ် ” ဟု စာရေးသူက ပြန်ဖြေလိုက်သည်။

အရောင်းဝန်ထမ်းမှာ လုံးဝ လန့်ဖျန့်သွားသည်။ အချိန်အတော်ကြာ စာရေးသူအား စိုက်ကြည့်နေလေသည်။ လူတစ်ဦးအား ‘ လူလိမ် ’ ဟု ပြောလိုက်ခြင်းဖြင့် ထိုသူနှင့် ဆက်ဆံရေးမှာ ကောင်းမွန်မည့် အနေအထား မရှိတော့။ ထို့အတွက် ဤကဲ့သို့ ဘွင်းဘွင်းကြီး ပြောဆိုသည့် နည်းလမ်းကိုတော့ စာရေးသူက မဖြစ်စေချင်၊ အမှန်တကယ်တော့ သူကိုယ်တိုင် ပင်ပန်းနေ၍ ပြောချမိလိုက်ခြင်းသာ ဖြစ်သည်။ ထူးခြားသည်က အရောင်းဝန်ထမ်းမှ စိတ်မဆိုးဘဲ ရုတ်တရက် ပြုံးလိုက်သည်။ ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး “ ဆရာ ဘာဆိုတာ နားလည်တာပဲ၊ ဆရာပြောတာ မှန်ပါတယ်” ဟု ဆိုလေသည်။ 

“ တကယ်လား ”
“ ဆရာပြောတာ မှန်ပါတယ်။ ကျွန်တော် ပြောသမျှ အားလုံးက မမှန်ပါဘူး”
“ ဟုတ်တာပေါ့၊ အဲ့ဒါကိုပဲ ပြောတာပါ”
လုပ်ငန်းလောက၊ အထူးသဖြင့် အရောင်းပိုင်းတွင် ဤကဲ့သို့သော ပြောဆိုမှုမျိုးများ ကြားဖူးကြမည်ဖြစ်သည်။ “ ကျွန်တော်လုပ်နိူင်တာ ဘာမှမရှိဘူး ” ဟူ၍ ပြောဆိုခြင်းသည် “ ကျွန်တော် အကူအညီကင်းမဲ့၊ စွမ်းအင်ကင်းမဲ့ ဖြစ်နေပါတယ် ” ဟု ပြောဆိုခြင်းသာ ဖြစ်သည်။ အမှန်တကယ်တွင် လုပ်နိူင်သည့် အရာများ များစွာ ရှိပါတယ်။ အရေးကြီးသည်က မိမိလုပ်မည့်အလုပ်ကို မည်သည့်နည်းဖြင့် ဖန်တီးမှု၊ ထက်မြက်မှု ရမည်နည်း ဆိုသည်ကို စဉ်းစားရွေးချယ်ရန် ဖြစ်သည်။ ရှိတ်စပီးယား ရေးသည့်အတိုင်း ပြောရလျှင် ‘ လှုပ်ရှားလုပ်ဆောင်ခြင်းသည် စကားကြွယ်ဝခြင်း ဖြစ်သည် ’ ဟု ဆိုရမည် ဖြစ်ပါသည်။ 

လှုပ်ရှားမှုဖြင့် စတင်တတ်သည့် အရောင်းသမားတစ်ဦးအနေဖြင့် ကျင့်သုံးရမည့် နည်းလမ်းတစ်ခုမှာ မိမိကိုယ်မိမိ မေးခွန်းမေးရန် ဖြစ်သည်။ “ ကိုယ့်ကိုကိုယ် ပြန်သင်မယ်ဆိုရင် အခုချက်ချင်း အချိန်မှာ ဘာလုပ်သင့်တယ်လို့ အကြံပေးမလဲ၊ ဘယ်လိုတီထွင်ကြံဆမှုပါတဲ့ လှုပ်ရှားမှုဟာ အမြင့်ဆုံး အကျိုးတရားပေးလိမ့်မလဲ ” ဟူ၍ မေးကြည့်ရမည်။ 

“ ငါလုပ်နိူင်တာ မရှိပါဘူး” ဟူသော ခံစားချက်ကို ချက်ချင်းပပျောက်စေမည့် နည်းလမ်းမှာ ကိုယ့်ကိုကိုယ် မေးခွန်းမေးခြင်း ဖြစ်သည်။ “ ငါသာ ဈေးဝယ်တဲ့ လူတစ်ဦးဆိုရင် အရောင်းသမားများကို ဘာလုပ်ပေးစေချင်သလဲ ” ဟူသော မေးခွန်းမျိုးပင် ဖြစ်သည်။ 

မိမိအမြဲ လုပ်နိူင်သော အရာမှာ ‘ ပေးခြင်း ’ ဖြစ်သည်။ အလွန်တော်သော အရောင်းသမားများ၊ မိမိ၏ အသင်းအဖွဲ့အား ဦးဆောင်သူများ၊ မိမိ၏ လုပ်ငန်းတွင် အောင်မြင်မှုရသူများ အားလုံးမှာ ‘ ပေးသူများ ’ ဖြစ်ကြသည်။ ထိုသူများသည် ‘ စွမ်းအား ’ နှင့် အမြဲထိစပ်နေလျက် မိမိတို့၏ Client များအား အကျိုးအမြတ်ဖြစ်စေသော အရာများ ပေးလေ့ရှိသည်။ အကျိုးဖြစ်စေသော အရာများ ဆိုသည်မှာ အထောက်အကူ ဖြစ်စေသည့် သတင်းအကြောင်းတရားများ ပေးခြင်း၊ ဝန်ဆောင်မှုများ ပေးခြင်း၊ သူတို့၏ အချိန်အား လေးစားပေးခြင်း၊ သူတို့၏ အောင်မြင်မှုအတွက် အထောက်အကူပေးခြင်း၊ ပျော်ရွှင်မြူးတူးစွာ ရင်းရင်းနှီးနှီး ဆက်ဆံခြင်းများကို ဆိုလိုသည်။ ပေးခြင်း၊ ပေးခြင်း၊ ပေးခြင်းများ ရှိနေရမည်။ Client ၏ လိုအင်များ၊ လိုအပ်ချက်များကို ဦးစားပေးရမည်။ သူတို့က မေးခွန်းကောင်းများ မေးတတ်သလို မိမိကလည်း သာမန်ထက် ပို၍ အလေးထား နားထောင်ပေးရမည်။ 

ဤကဲ့သို့ အထူးဂရုပြု အာရုံစိုက်နေခြင်း ဟူသော ‘ လက်ဆောင် ’ ကို Client တစ်ဦးချင်းစီအား ပုံအော၍ ပေးပါက ထိုအရောင်းသမားသည် မိမိ Client ၏ စိတ်ဓာတ်၊ ပြုမူပုံများနှင့် ပတ်သတ်၍ ကမ္ဘာ့အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာမည် ဖြစ်သည်။ ထိမျှ မြင့်မားသော အဆင့်သို့ရောက်ရန် အကျိုးတရားများကို အခြေခံသည့် အပြန်အလှန် ဆက်ဆံလှုပ်ရှားမှုဖြင့်သာ ဖြစ်နိူင်မည်ဟု နာလည်သဘောပေါက်ရမည်။ ရက်သတ္တပတ်အကြာတွင် “ ငါ ကောင်းကောင်းလုပ်နိူင်တာတွေ အများကြီးပဲ၊ ငါ့မှာ အချိန် မရှိတော့ဘူး ” ဟူသော စကားမျိုး ထွက်လာမည် ဖြစ်သည်။ 

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts