အမှန်တရားကို လက်ခံခြင်း

အမှန်တရားကို လက်ခံခြင်း

အိမ်မှာ လူတစ်ယောက် ကွယ်လွန်တယ်ဆိုရင် အသုဘချတဲ့နေ့အထိ ပထမဆုံးသုံးရက်ဟာ ဝမ်းအနည်းရဆုံးပဲ…။ ဆွေးမြေ့နေတာမျိုးပေါ့…။ ဒါကတော့ အတွေ့အကြုံအရ သတိထားခဲ့မိတာ…။

အသုဘချတဲ့နေ့ကျရင် ကိုယ်သိတဲ့သူ၊ ချစ်တဲ့သူရဲ့ အသက်မရှိတော့တဲ့ ရုပ်ခန္ဓာကို တွေ့လိုက်ရတဲ့အခါ သူတကယ်သေသွားပြီဆိုတာ လက်ခံလိုက်ရတယ်။ အသုဘချပြီးနောက်ပိုင်းရက်တွေမှာ ကျန်ရစ်သူမိသားစုဟာ အပူငြိမ်းသွားကြတယ်။ ဝမ်းနည်းဆွေးမြေ့ မနေတော့ဘူးလို့ ပြောတာမဟုတ်ဘူးနော်…။ အပူငြိမ်းသွားတာကို ပြောတာ။ စိတ်ထဲမှာ ငြိမ်ကျသွားတာ။

ဒီလိုပဲ ကြောက်စရာရောဂါတစ်ခု ဖြစ်တယ်ဆိုရင် စစချင်းမှာ ဘာဖြစ်လို့များ ဒီရောဂါဖြစ်ရတာလဲ။ ငါ့အမေမှာမှ ဖြစ်ရသလားကွာ…။ ငါ့ယောကျ်ားကိုမှ ဖြစ်ရသလား…။ ငါ့ကိုယ်မှာမှ ဖြစ်ရသလားကွာ… ရယ်လို့ ဆောက်တည်ရာမရ ဖြစ်တတ်ကြတယ်။

ဒါပေမယ့် ရောဂါကို ကုသပြီ…ခွဲပြီ…စိတ်ပြီ… ဆေးတွေသွင်းပြီ ဆိုတဲ့အခါကျရင် စစဖြစ်ချင်းတုန်းကလောက်တော့ မကြောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်လာတဲ့ အရာတစ်ခုကို လက်ခံလိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အမှန်တရားကို လက်ခံတယ်ဆိုတာဟာ လူသားတွေရဲ့မွေးရာပါသဘာဝ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ အဲဒီစွမ်းရည်ကြောင့်ပဲ လူတွေဟာ အခက်အခဲတွေ၊ အဆိုးတွေကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်။

ဒါပေမယ့် အမှန်တရားကို လက်မခံနိုင်သေးခင်မှာ ကျော်ဖြတ်ရတဲ့အဆင့်တွေ ရှိပါတယ်။

အိမ်ထောင်ကွဲတာပဲ ဖြစ်ဖြစ်…၊ အလုပ်ပြုတ်တာပဲဖြစ်ဖြစ်…၊ ချစ်ရသူတစ်ဦးသေဆုံးတာ…၊‌ သေလောက်တဲ့ ရောဂါတွေဖြစ်တာ…၊ စီးပွားပျက်တာ… စသည်ဖြင့် အဆိုးနဲ့ ကြုံလာပြီဆိုရင် ပထမဆုံး အဆင့်အနေနဲ့ ငြင်းပယ်တတ်ကြတယ်…။ (Denial Stage) ဒီအဆင့်မှာ ဖြစ်လာတဲ့ ဖြစ်ရပ်အပေါ် အရမ်းကြောက်သွားကြတယ်။ Shock ဖြစ်သွားတယ်။

ဒုတိယအဆင့် Anger Stage မှာ ဒေါသဖြစ်တယ်။ စိတ်တွေ ရှုပ်ထွေးလာတယ်။ ငါ့မှာမှ ဒါမျိုးဖြစ်ရသလားကွာ၊ ဘာဖြစ်လို့များ ဒါမျိုးတွေ ကြုံဆုံရတာလဲ…စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်တယ်။ သူများကိုလည်း ဒေါသထွက်လာတတ်ပါတယ်။

ဒီပထမအဆင့် နှစ်ခုမှာ… အကြောင်းအကျိုးတွေကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် Information and Communication သတင်းအချက်အလက်တွေ၊ ဆွေးနွေးပြောဆိုမှုတွေကို တတ်သိ နားလည်တဲ့ ပညာရှင်တွေနဲ့ (ဆရာဝန်…ရှေ့နေ စသည်ဖြင့်) ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါတွေ နားမထောင်ချင်ဘူး…၊ မပြောချင်ဘူး…၊ မကြားချင်ဘူးဆိုပြီး စိတ်ညစ်နေပေမဲ့ လုပ်ကို လုပ်ရမှာပါ။

တတိယအဆင့် Depression ဆိုတဲ့ အဆင့်မှာ စိတ်ဓာတ်တွေ အရမ်းကျသွားတယ်။ မျှော်လင့်ချက် မရှိတော့ဘူး…၊ ထွက်ပြေးချင်လာတယ်။ စိတ်ညစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် သတ်သေကြတဲ့ လူတွေဟာ ဒီအဆင့်ကို လုံးဝ မကျော်လွှားနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

တတိယအဆင့်ဟာ ဖြတ်ကျော်သွားဖို့အတွက် ကြာတတ်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်ဆိုင်ရာ ကူညီအားပေးထောက်ပံ့မှု Emotional Support တွေရဖို့ လိုအပ်ပါတယ်။ ကိုယ့်ကို စိတ်ခွန်အားပေးနိုင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ မိသားစု မောင်နှမတွေဆီက နှစ်သိမ့်အားပေးမှုတွေကို လိုအပ်ပါတယ်။

စတုတ္ထအဆင့်ကတော့ ဒီထဲက လွတ်မြောက်ဖို့ စတင်ပြီး ကြိုးစားတယ်။ Bargaining Stage ပါ။ Struggling to find meaning ဘဝရဲ့ အဓိပ္ပာယ်ဘာလဲ ဖွေရှာတတ်လာတယ်။

နောက်ဆုံး Acceptance ဆိုတဲ့ အဆင့်မှာ ဖြစ်လာတဲ့ အမှန်တရားကို လုံးဝ လက်ခံလိုက်တယ်။ Exploring Options နည်းလမ်းအသစ်တွေကို ရှာတယ်။ Moving On ရှေ့ဆက်သွားဖို့ လုပ်တယ်။

နောက်ဆုံး အဆင့်နှစ်ခုကို ရောက်နေပြီဆိုတဲ့ အချိန်မှာ Guidance and Directions ဆိုတဲ့ လမ်းညွှန်ပြသမှုတွေကို ရရှိဖို့ လိုအပ်ပါတယ်…။ ကိုယ့်ကို တကယ့်လမ်းကြောင်းမှန်ပေါ်တင်ပေးနိုင်မဲ့သူတွေဆီက လမ်းညွန်မှုတွေ အကြံအဉာဏ်တွေကို ရယူသင့်ပါတယ်။

စိတ်ရဲ့ဖြစ်စဉ်တွေကို သိနေဖို့ Mindful သတိရှိပေးနေဖို့ကလွဲလို့ အခြားမရှိနိုင်ပါဘူး…။

ဘဝမှာ အဆိုးတွေ၊ အခက်အခဲတွေကို ကြုံလာရတဲ့အခါတိုင်း ကိုယ့်စိတ်ကိုယ်ကို လုံးဝ သတိမထားမိဘဲ ကြိုးစားရုန်းကန်နေရတာထက်စာရင် လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်း… သတိလေးထားပေးမယ်ဆို… အခက်အခဲတွေ၊ ဝမ်းနည်းမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ…၊ အားငယ်မှုတွေကို လွယ်လွယ်ကူကူ လျှင်လျှင်မြန်မြန် ကျော်လွန်သွားနိုင်ကြမှာပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts