စိတ်ရောင်စုံ

ကျွန်မမောင်လေးငယ်ငယ်က မေးတဲ့မေးခွန်းတစ်ခုရှိတယ်…။ ဟို… အရင်ခေတ်တုန်းက…အမေတို့ ခေတ်တုန်းက… လူတွေက အရောင်မရှိဘူးမလား။ ရုပ်ရှင်တွေထဲကလို အဖြူအမဲပဲလားလို့ သူမေးဖူးတယ်။

စဉ်းစားကြည့်တော့ ရယ်စရာကောင်းတယ်ဆိုပေမယ့်… သူက အရင်ခေတ်တုန်းက ရုပ်ရှင်တွေထဲမှာ လူတွေ၊ အရာဝတ္ထုကို အဖြူအမဲအဖြစ်ပဲ… မြင်နေရတာကိုး…။

သူမွေးလာတဲ့ ခေတ်မှာ ဆေးရောင်စုံ ရုပ်ရှင်တွေ ပေါ်နေခဲ့ပြီလေ…။ သူက မျက်စိထဲမှာ… အပြင်က ကမ္ဘာနဲ့ ရုပ်ရှင်ထဲက တစ်ထပ်တည်းကျနေပြီ…။ ဝိဝါဒ ကွဲပြားစရာ မရှိတော့ဘူး။ ဒါပေမဲ့… အရင်ခေတ်က ကားတွေကို အဖြူအမဲပဲတွေ့ရတော့… သူ့စိတ်ထဲမှာ အရင်တုန်းကလူတွေကို အဖြူအမဲတွေလို့ ထင်တာမမှားဘူးပေါ့။

အခုခေတ်က Social Media ခေတ်…။ Social Media ဆိုတာ မပေါ်ခင်တုန်းက ကျွန်မတို့လူတွေရဲ့ စိတ်တွေဟာ အခုလောက်အထိတော့ အရောင်တွေ မစုံခဲ့သေးဘူး…။ အပြိုင်အဆိုင် မများခဲ့ဘူးလို့ ထင်မိတယ်…။

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းကလေးထဲမှာ ကိုယ့်ဟာကိုယ်ကလေးပဲ…။ ကျဉ်းမြောင်းသည်ပဲဆိုဆို သိမ်မွေ့ဖြူစင်ခဲ့ကြတာက များပါတယ်။

Social Media ပေါ်လာတဲ့… နောက်ပိုင်းမှာ အကုန်လုံးက ကျယ်ပြန့်လာတယ်။ ဆက်စပ်လာတယ်။ မိနစ်နဲ့ မဆိုင်းအကုန်သိရတယ်။ မြင်ရတယ်ဆိုပေမယ့်လည်း ပြိုင်ဆိုင်လိုတဲ့စိတ်ဓာတ်တွေ…၊ မနာလိုတာတွေ…၊ သူ့ကို အသိအမှတ်ပြုတယ်။ ငါ့ကိုကျ အသိအမှတ်မပြုဘူးဆိုတာတွေ အရမ်းများလာကြတယ်…။

လိုချင်တာတွေ အရမ်းများလာကြတယ်။ အသစ်အဆန်းတွေက နေ့စဉ်နဲ့အမျှ ပေါ်နေတယ်…။ လူ့သဘာဝအရ အသစ် အသစ်တွေကိုပဲ လိုချင်တယ်။ ထပ်ခါထပ်ခါ လိုချင်တယ်။ ခံစားချင်တယ်…။

အဲဒီအခါမှာ ရအောင်လည်း ကြိုးစားလာကြတယ်…။ လောဘကြောင့် ပင်ပန်းမှုတွေ ဖြစ်လာတယ်…။ ကိုယ်ဘယ်လောက်ပင်ပန်းနေပြီလဲ…သတိမထားမိကြဘူး…။

တစ်ခါတလေကျ ကိုယ်တကယ် မလိုချင်ဘဲနဲ့ကို လူရာဝင်အောင် တင့်တယ်အောင်၊ ဂုဏ်ရှိအောင်၊ အသိအမှတ်ပြုခံရအောင်…. တမင် ကြိုးစားလုပ်ယူလိုက်ကြတာတွေ ရှိသေးတယ်…။

အဲဒီအခါမှာ ပြိုင်ဆိုင်မှုသဘောတွေလည်း ပေါ်လာတယ်…။ ပြိုင်ဆိုင်မှုတွေကြောင့် မာန်တွေ၊ မာနတွေ တက်ကြတယ်…။ အဲဒါတွေ အားလုံးဟာ စိတ်နှလုံး မသာယာမှုတွေပဲ…။

စိတ်ဟာ ဒါမျိုးတွေနဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံထားရသရွေ့… ဘယ်လောက်ပဲ ပြည့်စုံတဲ့သူ ဖြစ်ဖြစ်…၊ အောင်မြင်တဲ့သူပဲဖြစ်ဖြစ် စိတ်ချမ်းသာ ပျော်ရွှင်တယ်လို့ ပြောလို့ မရပြန်ဘူး။

လူတွေရဲ့စိတ်တွေကို ကြည့်မယ်ဆိုရင်… လူတိုင်း စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေရှိကြတယ်…။ စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်မှုတွေဟာ… ကြာရှည် မခံနိုင်ကြဘူး…။ အရမ်းပျော်နေပါတယ်ဆိုတဲ့ အချိန်မှာတောင် ကြိုက်တာ…၊ မကြိုက်တာ…၊ ကျေနပ်တာ…၊ မကျေနပ်တာတွေဟာ ရောင်စုံခြယ်နေကြပါတယ်။ အခုပြုံးနေပေမဲ့ ခဏကြာရင် မဲ့ချင်မဲ့နေကြရတော့တာ…။

လောဘ ဒေါသဆိုတာဟာ နည်းနည်း သတ်နိုင်ရင် နည်းနည်း အေးချမ်တယ်။ များများသတ်နိုင်တယ်ဆို များများ အေးချမ်းရတာပါပဲ…။ ဘုရားဟော အဘိဓမ္မာအရ စိတ်ဟာ လုံးဝအဖြူထည်ပဲ။ စိတ်ကို အမျိုးစုံ…အရောင်အမျိုးစုံပြောင်းသွားအောင် လုပ်နိုင်တာကို စေတသိက်တွေလို့ ခေါ်ပါတယ်။ ဥပမာပြောရရင်တော့ စိတ်ဆိုတာဟာ အဖြူရောင် Canvasအစ တစ်စနဲ့တူပြီး…စေတသိက်ဆိုတာကတော့ အရောင်တွေခြယ်ပေးတဲ့ ဆေးရောင်စုံတွေနဲ့ တူပါတယ်။

Social Media နဲ့ တူတူမွေးဖွားလာကြတဲ့ ကလေးတွေဟာ ကျွန်မတို့ခေတ်က အကြောင်းတွေ သူတို့ကို ပြန်ပြောပြရင် ရှေးခေတ်က ဆေးရောင်စုံ ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသလို မှုန်ဝါးဝါးပဲ ဖြစ်နေမှာပါပဲ…။ သူတို့ခေတ်က စကရင်ပေါ်မှာပေါ်တဲ့ အရုပ်မှန်သမျှ တောက်ပ စိုလက်နေခဲ့ကြပြီကိုး…။

သူတို့ခေတ်မှာ တိုးတက်လာတယ်ဆိုတာ မှန်ပေမဲ့လည်း အင်မတန် သန့်ရှင်းစင်ကြယ်တဲ့ လူသားတွေရဲ့ အဖြူထည် စိတ်တွေကို ထိတွေ့ခံစားရနိုင်ဖို့ အခွင့်အရေးကတော့ နည်းသွားတာ အမှန်ပဲ…။ နဂိုမူလ အဖြူထည်စိတ်အခြေအနေကို ပြန်ရဖို့ ကျွန်မတို့ ကြိုးစားရဦးမှာပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts