အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ

အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ (Stay Positive)

Stress ဆိုတာ စိတ်ဖိစီးမှုကို ပြောတာမှန်း လူတိုင်းသိကြပါတယ်။ စိတ်ဖိစီးမှုဆိုတာ… လူတွေမှာ… အတိုင်းအတာတစ်ခုထိ ရှိဖို့လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဥပမာ… စာမရမှာကို Stress မရှိတဲ့ ကျောင်းသားဟာ… စာကျက်တော့မှာ… မဟုတ်တော့ပါဘူး…။

ဒါကြောင့် တချို့အခြေအနေတွေမှာ Stress က လိုအပ်ပါတယ်။ ဒါပေမဲ့ အချိန်ကာလတစ်ခုအထိ Stress ရှိနေတယ်… မပျောက်သေးဘူးဆိုရင်တော့ အကြောက်တရားဘက်ကို ဦးတည်သွားတတ်ပါတယ်။

Fear ဆိုတာ အကြောက်တရားဖြစ်ပြီး The most powerful emotion အပြင်းထန်ဆုံးသော စိတ်ခံစားမှုလို့တောင် ဆိုကြပါတယ်…။ အခြေအနေတစ်ခု၊ ကိစ္စရပ်တစ်ခုကို သိပ်ကြောက်သွားတဲ့အခါ Anxiety ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထပ်ဆင့်ဖြစ်လာတတ်ကြပါတယ်။

ရှေ့ကို ဘာဆက်ဖြစ်မလဲ မသိဘူး…။ ဒီလိုသာဖြစ်ရင် ငါဘယ်လိုလုပ်ရမလဲ မသိဘူး…ဆိုတဲ့ What if? မေးခွန်းမျိုးမေးပြီး မဖြစ်သေးတာကို ကြိုတင် စိတ်ပူနေတာမျိုးပါပဲ။

ကျွန်မတို့က ကိုယ်မနှစ်မြို့တဲ့ အခြေအနေတစ်ခု ကြုံကြိုက်ခဲ့ရပြီဆိုရင်… Stress ရနေပြီ…၊ Panic ဖြစ်နေပြီ… စသည်ဖြင့် ပြောတတ်ကြပါတယ်။ ဘယ်လိုပြောပြော…ဒီခံစားမှုတွေဟာ… ကိုယ်တိုင် သတိမမူမိလို့ပဲဖြစ်ဖြစ်…၊ လုံးဝကို မသိလို့ပဲဖြစ်ဖြစ်…၊ မကုစားဘဲထားတဲ့အခါ အတွင်းလှိုက်စားတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ Negative Emotions တွေလည်း ဖြစ်ပါတယ်။

စဉ်းစားဆင်ခြင်နိုင်မှုအပိုင်းမှာ Cognitive Symptoms အနေနဲ့ မှတ်မိနိုင်စွမ်းတွေ ကျဆင်းလာတယ်။ အာရုံစိုက်မှုတွေ လျော့နည်းလာတယ်။ ဆင်ခြင်နိုင်မှုတွေ ချို့တဲ့လာတယ်။ အရာရာကို အဆိုးမြင်လာတယ်။

စိတ်ခံစားမှုပိုင်းမှာ Emotional Symptoms အနေနဲ့ ဘာမှ မလုပ်ချင်၊ မကိုင်ချင် မပျော်မရွှင်နဲ့ Moody ဖြစ်နေမယ်။ ဘာမဟုတ်တာလေးနဲ့ စိတ်တိုလာမယ်။ ဘာပဲကြားကြား…၊ ဘာပဲမြင်မြင်…မြင်လိုက် အလွန်အကျူးကို ခံစားတတ်လာတယ်။ စိတ်ဓာတ်ကျလာမယ်။

ကိုယ်ခန္ဓာပိုင်းမှာ Physical Symptoms အနေနဲ့ ခေါင်းတွေကိုက်မယ်…၊ မူးမယ်…၊ အန်မယ်…၊ သွေးတိုးမယ်…၊ ရင်ဘတ်အောင့်မယ်…၊ နှလုံးခုန်တွေမြန်မယ်…၊ ကိုယ်ခံအားတွေ ကျဆင်းလာမယ်…၊ ခဏခဏ အအေးမိ…ဖျား…၊ နှာစေး ချောင်းဆိုး တွေဖြစ်မယ်…။

အပြုအမူပိုင်းမှာ Behavioral Symptoms အနေနဲ့ တစ်ချိန်လုံး စားမိနေမယ်…၊ လုံးဝမစားနိုင်တော့တာလည်း ဖြစ်ချင်ဖြစ်မယ်…၊ တစ်ချိန်လုံး အိပ်ချင်နေမယ်…၊ လုံးဝ အိပ်မပျော်တော့တာလည်း ဖြစ်နိုင်တယ်။

ကိုယ်တကယ် ဂရုစိုက်ရမဲ့…လုပ်ရမဲ့၊ တာဝန်ကို လျစ်လျူရှုတတ်လာတယ်…။ မလုပ်တော့ဘူး…။ ဆေးလိပ် အရက်…ဆေး…တစ်မျိုးမျိုးကို စွဲလမ်းနေရမှ နေသာထိုင်သာ ရှိလာတာမျိုး ဖြစ်တတ်တယ်…။ လက်သည်းတွေ ကိုက်နေတာ… ခြေသည်းတွေခွာနေတာ… ဒါတွေအားလုံးဟာ… Nervous ဖြစ်နေတဲ့ ဆောက်တည်ရာမရတဲ့ လူတွေရဲ့ စရိုက်ပုံစံတွေပါပဲ…။

အခု လူသားတွေ အားလုံးကြုံတွေ့နေရတဲ့ မနှစ်မြို့စရာ အခြေအနေကြီးတစ်ခုထဲမှာ… ကျွန်မတို့ဟာ အထက်ပါအချက်တွေထဲက တစ်ချက်ချက် သို့မဟုတ်လည်း အချက်အတော်များများနဲ့ ကိုက်ညီမှုရှိနေပြီဆိုပါရင် စိတ်ဖိစီးမှုက စလိုက်တဲ့ ဒဏ်ကို အကြီးအကျယ်ခံနေရပြီဆိုတာ တပ်အပ်ပြောနိုင်ပါတယ်။

ကိုဗစ်လို အခြေအနေမျိုးမှာ ကြောက်တယ်ဆိုတာ သဘာဝကျပေမဲ့လည်း သူ့ကို ထိုင်ကြောက်နေရုံနဲ့တော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး…။ Stay Positive အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ နေ့စဉ်ဖြတ်သန်းရှင်သန်ဖို့က လွဲပြီး အခြားမရှိပါ။

ကျွန်မတို့မှာ မျှော်လင့်ချက်တွေ ရှိပါသေးတယ်။ အားလုံး ပျော်ကြရမဲ့ ရက်တွေလည်း ရောက်လာဦးမှာပါ…။ ကောင်းတာလေးတွေကိုလည်း ရှာကြံတွေးဦးမှပေါ့…။

တရားထိုင်ပါ…။ Mindfulness လုပ်ပါ…။ စိတ်ကို တည်ငြိမ်အောင် ကြိုးစားဆောက်တည်ပါ…။ သတင်းတွေကိုချည်း စောင့်ဖတ်ကြည့်နေစရာ မလိုဘူး…။ သိဖို့လိုသလောက်သိရင် လုံလောက်ပါပြီ…။ အကုန်သိနေလည်း ကိုယ်က… ဘာမှ မလုပ်ပေးတတ်ဘူး မဟုတ်လား…။ လုပ်နိုင်တာကိုသာ ထိထိရောက်ရောက် လုပ်ပေးခြင်းနဲ့ ကူညီလိုက်ပါ…။ အိမ်မှာနေပါ…။ အချိန်ကို အကျိုးရှိစွာ အသုံးချပါ…။ စာဖတ်ပါ…။ ရုပ်ရှင်လေးတွေကြည့်ပါ…။ ကြောက်စိတ်ကို အနိုင်ယူပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts