အဖိုးမဖြတ်နိုင်သော ကူညီမှု

အဖိုးမဖြတ်နိုင်သော ကူညီမှု

တစ်နေ့ မာ့ခ် ကျောင်းမှ အိမ်သို့ပြန်စဉ် လမ်းမှာ သူ့ရှေ့က ကောင်လေးတစ်ယောက် ခလုတ်တိုက်ပြီး လဲတာနဲ့ ကြုံရသည်။ ကောင်လေးလက်ထဲ တစ်ပွေ့တစ်ပိုက်ပါလာသည့် ပစ္စည်းတွေအားလုံး လွတ်ကျသည်။ စာအုပ်တွေ၊ ဆွယ်တာအင်္ကျီ နှစ်ထည်၊ ဘေ့စဘော ဘက်တံ၊ လက်အိတ်၊ တိပ်ရီကော်ဒါငယ် တစ်ခု။

ပြန့်ကျဲသွားသော ပစ္စည်းတွေကို မာ့ခ်က ကူ၍ ကောက်ပေးသည်။ ပြီးတော့ သွားရမယ့်လမ်းချင်းလည်း တူနေတော့ သူ့ပစ္စည်းတစ်ချို့တစ်ဝက်ကို မျှ၍ သယ်ပေးသည်။ နှစ်ယောက်သား လမ်းအတူလျှောက်လာရင်း ကောင်လေးနာမည် ဘီလ် လို့ခေါ်တာ၊ ဘေ့စဘော ဝါသနာပါတာ၊ ဗီဒီယိုဂိမ်းကြိုက်တာတွေ မာ့ခ် သိရတယ်။ ဒီအပြင် သမိုင်းဘာသာရပ်ကို စိတ်ဝင်စားသော်လည်း အခြားဘာသာတွေ သူ မလိုက်နိုင်သည့် အကြောင်း၊ လောလောဆယ်မှာလည်း ရည်းစားနဲ့ ကွဲလာတဲ့ အကြောင်းတွေ သူ့ကို ပြောပြတယ်။

လမ်းမှာ ဘီလ်၏အိမ်သို့ အရင်ရောက်တယ်။ သူက မာ့ခ်အား အအေးသောက်ရင်း တီဗီကြည့်ရင်း ခဏတဖြုတ် ဝင်ထိုင်ရန် ခေါ်သည်။ အဲဒါနဲ့ ခင်မင်ပြီး စကားတွေ ပြောဆိုဖြစ်ကြတယ်။ နေ့လယ်ပိုင်း အချိန်လေးမှာ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ကုန်လွန်ခဲ့တယ်။ ဒီနောက် မာ့ခ် အိမ်သို့ပြန်ခဲ့တယ်။

နောက်ပိုင်းကျောင်းမှာ သူတို့တွေ့ကြတယ်။ နေ့လယ်စာလည်း တစ်ကြိမ်နှစ်ကြိမ် အတူစားဖြစ်ကြတယ်။ အလယ်တန်းအောင်ပြီး အထက်တန်းရောက်ကြတော့ တစ်ကျောင်းတည်းပင် တက်ဖြစ်ကြရာ အဲဒီနှစ်ပိုင်းတွေ အတွင်းလည်း ကျောင်းမှာ မကြာခဏဆုံကြပြန်တယ်။ ကျောင်းဆင်းပွဲ မတိုင်ခင် သုံးပတ်ခန့်အလိုမှာတော့ ဘီလ်က မာ့ခ်ကို စကားပြောချင်တယ်လို့ ပြောတယ်။ နှစ်ဦးတည်းရှိတဲ့အခါ ဘီလ်က ယခင်နှစ် သူတို့စတွေ့ကြတဲ့နေ့က အကြောင်း အစချီတယ်။

“အဲဒီနေ့က ငါ ဘာကြောင့် ပစ္စည်းတွေ အများကြီး အိမ်သယ်လာပါလိမ့်လို့ မင်းမစဉ်းစားမိဘူးလား” သူက မေးတယ်။

မာ့ခ် မစဉ်းစားမိခဲ့။

“အဲဒီနေ့က ငါကျောင်းက ငါ့ပစ္စည်းတွေ ထည့်တဲ့ ဗီရိုအကန့်လေးကို ပြောင်အောင် ရှင်းလာခဲ့တာ၊ တခြားလူတွေအတွက် ရှင်းစရာ လင်းစရာ ချန်မထားခဲ့ချင်လို့၊ ငါ့မှာ အမေသောက်တဲ့ အိမ်ဆေးပြားတွေ မသိအောင် ယူထားတာရှိတယ်၊ အဲဒီနေ့က အိမ်ရောက်ရင် အိပ်ဆေးသောက်ပြီး သတ်သေမလို့ပဲ၊ ဒါပေမယ့် မင်းနဲ့ ရယ်စရာမောစရာတွေ ပြောရင်းဆိုရင်း အသိဉာဏ်ပြန်ဝင်လာတယ်။ ငါ တစ်ယောက်တည်းရှိပြီး ကိုယ့်ကိုကိုယ် စောစောက စိတ်ကူးအတိုင်း လုပ်လိုက်မိမယ်ဆိုရင် ခုလို ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးမျိုး ကြုံရမှာ မဟုတ်ဘူး ၊ နောင် တစ်သက်လုံး ကြုံရခံစားရမယ့် ပျော်ရွှင်စရာတွေ အားလုံးနဲ့လဲ ကင်းဝေးရလိမ့်မယ်ဆိုတာကို ငါ သွားတွေးမိလိုက်တယ်၊

အဲဒါကြောင့်မို့ သူငယ်ချင်း အဲဒီနေ့က ငါ့စာအုပ်တွေ ကူကောက်ပေးခဲ့တာဟာ သာမန်ကူညီမှုလေးမဟုတ်ဘူး၊ ငါ့အသက်ကို ကယ်ဆယ်လိုက်တာလို့ ငါပြောချင်ပါတယ် သူငယ်ချင်း”

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts