ရှဉ့်ကလေးတွေရဲ့ သတ္တိ

ရှဉ့်ကလေးတွေရဲ့ သတ္တိ

လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါတယ်။ ကျွန်တော် စာရေးဆရာပေါက်စဘဝ။ ဝင်ငွေ မသေချာသေးသည့် အချိန်။ တစ်နေ့မှာတော့ လက်ရှိဘဝပြဿနာကို အလေးအနက် စဉ်းစားအဖြေရှာတော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။

အမျိုးသမီးနဲ့ ကျွန်တော် စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့်ဝင်ငွေဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် သိပ်တောင့်တတာ တစ်ခု ရှိတယ်။ ပါရီ၊ ရောမ၊ ဗီယင်နာ၊ လန်ဒန်စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည်နေထိုင်ရင်း စာရေးချင်သော ဆန္ဒ

သို့သော် မကြာမကြာ ငွေ အသင့်အတင့် ရဖို့ပင် မသေချာသေးသော ယခုချိန်ခါ၌ ကိုယ့်အတွက် လုံခြုံမှု ရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်ကို စွန့်ခွာကာ မိုင် ၃၀၀၀ကျော် အဝေးရှိ ဥရောပသို့ သွားရောက်ရန်မှာ မစဉ်းစားကောင်းသော အရာတစ်ခု ဖြစ်နေသည်။

အဲသည်အခိုက်အတန့်မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီးတစ်ခုထက်မှ ရှဉ့်ကလေးတစ်ကောင် နောက်သစ်ပင်ကြီးတစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်။ သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှ သစ်ကိုင်းက သူနဲ့ အတော်ပင် အလှမ်းဝေးသည်။ မြင့်လည်း အမြင့်ကြီး။ သူလုပ်ပုံက စွန့်စားတာနဲ့ မတူ၊ သတ်သေဖို့ ကြံစည်နေသလားပင် အောက်မေ့ရသည်။ တကယ်လည်း သူခုန်သည့် အကိုင်းဆီသို့ မရောက်ပါ။ လေထဲ ပြုတ်ကျလာသည်။ သို့သော် အောက်ဘက် အတော်နိမ့်သည့် သစ်ကိုင်းတစ်ခုမှာ ဘေးမသိရန်မခ သွားချိတ်မိသည်။ ပြီးတော့ ဘာမှ မမှုသလို ဟန်မျိုးနဲ့ သူနဂို ရည်မှန်းရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်။ အတော်ဟုတ်သည့်ကောင်။

ခုံတန်းလျားပေါ် ထိုင်နေသည့် အဘိုးကြီး တစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်။

“အံ့ဩစရာကွ၊ ဒီကောင်တွေ ခုန်တာ ကိုယ်အကြိမ်ပေါင်းရာချီပြီး မြင်ဖူးသည်၊ အထူးသဖြင့် အောက်မှာ ခွေးတွေ ဝိုင်းနေလို့ မြေကြီးပေါ် ဆင်းမလာနိုင်တဲ့ အချိန်၊ ခုန်တယ်၊ များသောအားဖြင့် လွဲသွားတာပဲ၊ ဒါပေမယ့် အဲဒီလို ကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ” အဘိုးကြီးက ကျေနပ်အားရဟန်ဖြင့် ရယ်တယ်။ ပြီးတော့မှ “အေးလေ၊ သစ်ပင်တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ”ဟု ဆိုလေသည်။

ဒီစကားကြားပြီး ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ဝင်သွားသည်။

“ရှဉ့်တစ်ကောင်တောင် ရှိတဲ့ အခွင့်အရေးကို ရယူဖို့ ကြိုးစားတယ်၊ ငါက ရှဉ့်လောက် သတ္တိမရှိဘူးလား”

ကျွန်တော် ကြာကြာ မဆိုင်းပါ။ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနဲ့ လက်ထပ်လိုက်တယ်။ ထို့နောက် သင်္ဘောခရီးအတွက် စရိတ်စက ရအောင် ကြံဖန်စုဆောင်းပြီး အတ္တလန်တိတ်ကို ဖြတ်ကူးလာခဲ့တယ်။ ဥရောပမှာ ကျွန်တော် နှစ်ဆတိုးကြိုးစားတယ်။ စာတွေလည်း နှစ်ဆလောက် မြန်အောင် ရေးတယ်။ ထိုနောင်တွင်ကား ကိုယ်တိုင် အံ့အားသင့်ရလောက်အောင်ပင် ကျွန်တော် လျင်မြန်စွာ အောင်မြင်ခဲ့တယ်။ ‘လေးစားလောက်သော ဝင်ငွေ’ ရှိသူ အဝန်းအဝိုင်းသို့ များမကြာမီ ကျွန်တော်တို့ ရောက်ရှိသွားခဲ့တယ်။

သုံးနှစ်ခန့်အကြာ နယူးယောက်သို့ ကျွန်တော်တို့ ပြန်ရောက်လာကြသည့်အခါ မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား နိုင်ငံရပ်ခြားတွင် နေထိုင်၍ စာရေးသားခဲ့သည့် အတွေ့အကြုံများအကြောင်း ဟောပြောရန် ကမ်လှမ်းလာပါတယ်။ ဟောပြောခ ကောင်းကောင်းရစေမယ်လို့ အာမခံတယ်။ ကျွန်တော်ခေါင်းခါတယ်။ ကျွန်တော်က ပရိသတ်ရှေ့တွင် တစ်ခါမှ ဟောပြောဖူးသူ မဟုတ်။ စင်ပေါ်တက်ပြီး ပရိသတ်ကို ရင်ဆိုင်မိရုံဖြင့် မေ့လဲသွားနိုင်သည်ဟု အကြောင်းပြပြီး ငြင်းသည်။

ဒီအချိန် ဇနီးသည်က စကားတစ်ခွန်း ဝင်ပြောသည်။ “တစ်ခါတုန်းက ရှဉ့်ကလေးတစ်ကောင်ရှိတယ်၊ မှတ်မိလား” တဲ့။

သူက ခုန်ဖို့ တိုက်တွန်းလိုက်ခြင်းဖြစ်တယ်။ ပေါ်လာသည့် အခွင့်အရေးကို အရယူဖို့၊ မှန်သည်၊ ကြိုးစားကြည့်သဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်ဘဲ။ အဲသည်နေရာတွင်ပဲ ဆုံးဖြတ်ချက်ကို ကျွန်တော် ပြန်ပြင်ခဲ့သည်။ နောက်လ အနည်းငယ်အတွင်းမှာ ပွဲပေါင်း ၂၀ လောက် ကျွန်တော် ဟောပြောခဲ့ရတယ်။ ဘာအနာအဆာ ထိခိုက်ဒဏ်ရာမှ မရခဲ့။ ပျော်ပင် ပျော်ခဲ့သေးတယ်။

ဒီနောက်မှာတော့ လုပ်ငန်းအသစ်တစ်ခုကို စွန့်စားပြီး လုပ်မလား၊ နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့်အခါတိုင်း တစ်ခါတုန်းက ရှဉ့်ကလေးတစ်ကောင်ကို ကျွန်တော် ပြေးသတိရသည်။ တစ်ဆက်တည်းပင် ပန်းခြံခုံတန်းလျားပေါ်က အဘိုးအို၏ စကားသံကို နားထဲ ပြန်ကြားယောင်လာသည်။

“အေးလေ၊ သစ်ပင် တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲလေ” ဟူသော စကား။

သို့နှင့် အကြိမ်ကြိမ်အခါခါပင် ကျွန်တော် ခုန်ဖြစ်ခဲ့ပါသည်။ ဒီလို ခုန်ရင်းက ရှဉ့်ကလေးတွေ ဘာကြောင့် မကြာခဏ ခုန်ကြလဲ ဆိုတာပါ ကျွန်တော် သဘောပေါက်လာသည်။

ခုန်ရတာ ပျော်စရာပေကိုး။

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts