မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း

မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 1)

လူတိုင်းဟာ ပျော်ရွှင်မှုရချင်ရင် မိမိဘာသာ လုပ်ယူနိုင်သလို ကြုံတွေ့လာတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းဖို့ မိမိမှာပဲ တာဝန်ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီရိုးရှင်းတဲ့ အယူအဆကို ချက်နိုင်ငံ ဘိုဟီးမီးယားဇာတိ ဖြစ်ကြတဲ့ ဘိုးဘွားတွေဆီက အမွေဆက်ခံရခဲ့တယ်လို့ ထင်ပါတယ်။ ဘယ်သူ့ဆီကပဲ အမွေရရပါ။ ဒီအယူအဆဟာ အလုပ်ဖြစ်လို့ သဘောကျမိတယ်။ အဲဒါနဲ့ဆက်စပ်ပြီး လူဆိုတာ ပေါ်လာတဲ့အခွင့်အလမ်းကို အသုံးချတတ်ရမယ်လို့လည်း နားလည်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အခွင့်အလမ်းကို အမြဲရှာဖွေနေခဲ့ပါတယ်။

Lily Tulip Cup Company အတွက် (ကော်ဖီ၊ အအေး၊ နို့ စတာတွေထည့်တဲ့) စက္ကူခွက်တွေကို ရောင်းချပေးနေတာ ၁၇နှစ်ကြာပြီးလို့ ကုမ္ပဏီရဲ့ အရောင်းဌာနမှာ ထိပ်ဆုံးရာထူးဖြစ်တဲ့ အကြီးတန်း အရောင်းကိုယ်စားလှယ်ရာထူးကို ရနေချိန်မှာ အခွင့်အလမ်းတစ်ခုကို မြင်တွေ့လိုက်ပါတယ်။ အခွင့်အလမ်းက အသစ်ပေါ်လာတဲ့ six-spindled milk shake machine လို့ခေါ်တဲ့ ဝင်ရိုး ၆ ခုတပ်ထားတဲ့ နို့၊ ရေခဲမုန့်၊ သစ်သီး၊ ချောကလက် စတာတွေကို ရောမွှေပေးတဲ့ ဖျော်ရည်စက်ပါ။ အဲဒါကို အတိုကောက်အားဖြင့် multi-mixer လို့ခေါ်ပါတယ်။

အဲဒီဖျော်ရည်စက် ခေတ်စားလာတော့မယ်ဆိုတာကို ရိပ်မိလို့ ဝင်ငွေကောင်းကောင်းရနေတဲ့ စက္ကူခွက် အရောင်းကိုယ်စားလှယ်အလုပ်ကနေ ထွက်ပြီး multi-mixer ရောင်းတဲ့ အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ ဒါဟာ အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်ယူခြင်းလို့ ယူဆတယ်။ ဇနီး အီသယ်ဟာ ကျွန်တော် အလုပ်ထွက်လိုက်တာကို မယုံနိုင်အောင်ဖြစ်သွားသလို အတော်လည်း စိုးရိမ်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ကျွန်တော် multi-mixer ဖျော်စက်ရောင်းရင်း ဝင်ငွေကောင်းကောင်းရနေတာကို မြင်တွေ့ရလို့ သူ စိတ်အေးသွားပါတယ်။

ကျွန်တော်လည်း multi-mixer ဖျော်စက်တွေကို အမေရိကန် တစ်နိုင်ငံလုံးက အအေးဆိုင်တွေ၊ နို့အေးရောင်းတဲ့ဆိုင်တွေ၊ fast food (အမြန်ပြင်အစားအစာ) ဆိုင်တွေ မှာ လိုက်ရောင်းပေးရင်း လခအပြင် ကော်မရှင်ကြေး အတော်များများရနေလို့ ပျော်နေပါတယ်။ တစ်နိုင်ငံလုံကို လှည့်လည်ပြီး စက်တွေရောင်းရတာဟာ အတော့်ကိုပင်ပန်းပေမယ့် ဝင်ငွေကောင်းနေတာကြောင့် ပျော်နေပါတယ်။ ကျွန်တော် ဒီအလုပ်ကို ချစ်တယ်။ နှစ်သက်သဘောကျလို့ မှတ်သားထားတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။

“As long as you’re green you’re growing, as soon as you are ripe you start to rot” – အဓိပ္ပာယ်က သင်ဟာ စိမ်းနေသေးတယ် (အတွေ့အကြုံနည်းသေးတယ်) ဆိုရင် မှည့်ရွှမ်းတာ (တိုးတက်တာ) ဖြစ်လာပါမယ်။ သင်ဟာ မှည့်နေပြီဆိုရင် (အတွေ့အကြုံများလို့ မသင်ယူချင်တော့ဘူးဆိုရင်) ကြွေကျတာ (ဆုတ်ယုတ်ကျရှုံးတာ) ဖြစ်လာတော့မယ်တဲ့။ ကျွန်တော်ဟာ multi-mixer နဲ့ပတ်သတ်လို့ စိမ်းနေပါသေးတယ်။ multi-mixer ရောင်းတဲ့ အတွေ့အကြုံ နည်းသေးတယ်လို့ ဆိုလိုတာပါ။ ဒီအချိန်မှာပဲ multi-mixer နဲ့ ပတ်သတ်လို့ ထူးခြားမှုတစ်ခုကို သတိထားမိလိုက်တယ်။

ထူးခြားမှုဆိုတာက ဒီလိုပါ။ ကျွန်တော့်ဆီကို နိုင်ငံအနှံ့ မြို့တွေက ဖုန်းဆက်ပြီး multi-mixer တွေ မှာယူကြပါတယ်။ တစ်ရက်မှာ အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လင်းမြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုရဲ့ ပိုင်ရှင်က ဖုန်းဆက်ပြီး ပစ္စည်းမှာတယ်။ နောက်နေ့မှာ အာရီဇိုးနားပြည်နယ်၊ ယူမားမြို့က အအေးဆိုင်တစ်ခုရဲ့ ပိုင်ရှင်က ဖုန်းဆက်ပြီး ဖျော်စက်မှာပြန်တယ်။ ထူးဆန်းတာက သူတို့ဖုန်းဆက်ပြီး ဖျော်စက်မှာနေစဉ်မှာ ပြောတဲ့စကားတွေဟာ အတူတူလို ဖြစ်နေကြတာပါ။

စကားက ဒီလိုမျိုးပါ။ “ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာ ဒီနိုမြို့က မက်ဒေါ်နယ် (McDonald) ညီအစ်ကိုဆိုင်မှာ သုံးတဲ့ multi-mixer ဖျော်စက်မျိုးလိုချင်လို့ပါ” တဲ့။ ဒီစကားကို ထပ်ခါထပ်ခါ ကြားနေရတော့ အဲဒီအကြောင်းကို သိချင်စိတ် ဖြစ်ပေါ်လာတယ်။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 2)

ဗန်းမော်သိန်းဖေ ဘာသာပြန်ထားသော မက်ဒေါ်နယ်ကို မွေးဖွားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

စီးပွားရေး

Related Posts