ဝန်ဆောင်မှုပေးသူနှင့် ယူသူတို့ ကျေနပ်မှုရရှိခြင်း၏ အရည်အသွေး

ဝန်ဆောင်မှုပေးသူနှင့် ယူသူတို့ ကျေနပ်မှုရရှိခြင်း၏ အရည်အသွေး

မော်တော်ယဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(ရန်ကုန်တိုင်း)အနေနှင့် ရန်ကုန်ခရီးသွားလုပ်ငန်း အရည်အသွေးမြင့်မားတိုးတက်ရေးအတွက် ဘက်စုံကြိုးစားဆောင်ရွက်နေတာကို တွေ့ရတယ်။ ရန်ကုန်ခရီးသွားဂျာနယ်ဟာ ရန်ကုန်ခရီးသွားလုပ်ငန်း အရည်အသွေးမြင့်မားတိုးတက်ရေးအတွက် ဆောင်ရွက်မှုများထဲမှ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ စားသုံးသူဆိုတဲ့ စကားတစ်ရပ်ကို အလွန်သတိထားရမှာ ဖြစ်တယ်။ စားသုံးသူဆိုတာ ‘Customers’ကို ခေါ်တာပါပဲ။ ဒီနေရာမှာ ကျွန်မတင်ပြချင်တာက လူတိုင်းဟာ အမြဲစားသုံးသူဖြစ်နေတာ မဟုတ်ပါဘူး။ လူဟာ တစ်နေရာမဟုတ် တစ်နေရာမှာ စားသုံးသူဖြစ်နေတတ်ပါတယ်။ စပယ်ယာလုပ်နေသူဟာ ကားပေါ်မှာတော့ ဝန်ဆောင်မှုပေးသူပါ။ ဒါပေမယ့် ကားပေါ်ကဆင်းပြီး ကွမ်းယာပဲ ဖြစ်ဖြစ်၊ ဆေးလိပ်ပဲဖြစ်ဖြစ် ဆင်းဝယ်တော့၊ ဟော ကားစပယ်ယာက စားသုံးသူဖြစ်သွားပြန်ပါရော။
ဒါကြောင့် ကျွန်မပြောကြားချင်တာက စားသုံးသူ Customersဆိုတဲ့ စကားဟာ လူတိုင်းကို ရည်ညွှန်းပြောဆိုတဲ့ စကားဖြစ်တယ်ဆိုတာကို အလေးထားပြောချင်တာပါပဲ။ 
စားသုံးသူချည်းပဲတော့ သိပ်ကိစ္စမရှိလှပေမယ့် သူမှာက လိုအပ်ချက်ဆိုတာရှိတယ်။ ဒါကို စားသုံးသူတို့ရဲ့ လိုအပ်ချက် Customer’s requirements လို့ ခေါ်ပါတယ်။ ကျွန်မတို့က ဝန်ဆောင်မှုပေးကြတဲ့ လူတွေပါ။ ယာဉ်မောင်းရော၊ စပယ်ယာရော၊ ယာဉ်ပိုင်ရှင်တွေရော၊ မထသဝန်ထမ်းတွေရော၊ သူတို့ တတွေအားလုံးဟာ ဝန်ဆောင်မှုပေးကြတဲ့ သူတွေပါ။ ဒီလူတွေက ဝန်ဆောင်မှု ဘယ်သူ့ကို ပေးသလဲဆိုတော့ စားသုံးသူခရီးသည်ကို ပေးတာဖြစ်ပါတယ်။ စားသုံးသူခရီးသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးတော့ ခရီးသည်များက ကျွန်မတို့ရဲ့ မော်တော်ယာဉ်တွေကို အသုံးပြုမယ်၊ အသုံးပြုရင် သတ်မှတ်ထားတဲ့ ယာဉ်စီးခများရပါမယ်။ စားသုံးသူဖြစ်တဲ့ ခရီးသည်က ကျွန်မတို့ရဲ့ ဝန်ဆောင်မှုကို မကြိုက်လို့ ကျွန်မတို့ကားကို မစီးဘူးဆိုရင်၊ ကျွန်မတို့ ယာဉ်စီးခ မရဘူးဆိုရင် မထသဆိုတဲ့ မော်တော်ယာဉ်လုပ်ငန်းကိုလည်း ပိတ်လိုက်ရုံရှိတာပါပဲ။
ဒီတော့ ဝန်ဆောင်မှုပေးတဲ့ သူတွေဟာ စားသုံးသူများရဲ့ လိုအပ်ချက်ကို သိရပါမယ်။ စားသုံးသူများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရပါမယ်။ ဖြည့်ဆည်းပေးနိုင်ရင် ရန်ကုန်မြို့ပေါ်က ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းက ဆက်ရှိနေဦးမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုပေးရာမှာ နှစ်မျိုး၊ နှစ်နည်းပေးတတ်ကြပါတယ်။
ပထမက ဘာလဲဆိုတော့ ပစ္စည်းလိုအပ်ချက်ဖြစ်ပြီး
ဒုတိယက ဘာလဲဆိုတော့ ဝန်ဆောင်မှုလိုအပ်ချက် ဖြစ်ပါတယ်။
လူတွေဟာ နေ့စဉ် ပစ္စည်းလိုအပ်ချက်တွေ ရှိနေတယ်။၂၁ရာစုမှာ လူတွေရဲ့ ပစ္စည်းလိုအပ်ချက်တွေ ပိုများလာပါတယ်။ မရှိမဖြစ်လိုအပ်တာတွေက နေ့စဉ်စားသုံးဆန်၊ ဆေးဝါး၊ ဝတ်ဖို့ အဝတ်အစား၊ လူ့အသုံးအဆောင်၊ နေစရာတိုက်တာ၊ သွားဖို့ အတွက် မော်တော်ကား နောက်တော့ ရေခဲသေတ္တာ၊ တီဗီ၊ ဗီဒီယိုစတာတွေက ပစ္စည်းလိုအပ်ချက်တွေဖြစ်ပါတယ်။
ဝန်ဆောင်မှုလိုအပ်ချက်ဆိုတာကတော့ ဟိုတယ်တွေ၊ ထမင်းဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ပစ္စည်းအရောင်းဌာနကြီးတွေ၊ ကုန်တိုက်တွေ စသည်နေရာတွေမှာ ဝန်ဆောင်ပေးရတာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုလိုအပ်ချက်တွေဆိုတာကတော့ ဟိုတယ်တွေ၊ ထမင်းဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ပစ္စည်းအရောင်းဌာနကြီးတွေ၊ ကုန်တိုက်တွေ စသည်နေရာတွေမှာ ဝန်ဆောင်ပေးရတာဖြစ်ပါတယ်။
ဝန်ဆောင်မှုနဲ့ ပစ္စည်းနှစ်မျိုးရှိရာမှာ ဝန်ဆောင်မှုက ဝန်ဆောင်မှုက ဝန်ဆောင်မှုပေးသူနဲ့ ယူသူ တိုက်ရိုက်တွေ့ကြတာဖြစ်ပါတယ်။ မိသားစုတစ်စုက ဒီဟိုတယ်မှာ လာတည်းမယ်ဆိုပါတော့ ဒီဟိုတယ်ရဲ့ ဝန်ဆောင်မှုကောင်းမကောင်း ချက်ချင်းသိကြတာပဲ၊ ဝန်ဆောင်မှုလုပ်ငန်းဟာ မကောင်းရင် မကောင်းဘူး၊ ကောင်းရင် ကောင်းတယ်ပြောတတ်ပေမယ့် ပစ္စည်းကြတော့ မဟုတ်ပါဘူး။ ပစ္စည်းတစ်ခုဝယ်ပြီးသွားရင် အိမ်ရောက်မှ ကောင်းမကောင်းသိမယ်။ တစ်လကြာမှ သိတာမျိုးလည်း ရှိနိုင်တယ်။
ဘာပဲဖြစ်ဖြစ် ဝန်ဆောင်မှုကိုပဲ စားသုံးသူကျေနပ်မှု ရှိအောင် ပေးကြရမှာ ဖြစ်ပါတယ်။ ကျေနပ်အောင်လုပ်ပေးဖို့ ဆိုရာမှာ ခုန ကျွန်မပြောခဲ့တဲ့ လိုအပ်ချက် Requirementsတွေကို သိထားဖို့ လိုပါတယ်။
မိသားစုထဲမှာပဲ မိဘက ဖြည့်ဆည်းပေးရတဲ့သူ၊ သားသမီးက မိဘဖြည့်ဆည်းမှုကို လက်ခံရယူတဲ့သူ၊ ဒါပေမယ့် ကိုယ့်သားသမီး ဘာလိုသလဲဆိုတာ မသိဘဲနဲ့ မိဘက မျိုးစုံလုပ်ပေးလည်း သားသမီးကိ ကျေနပ်မှာ မဟုတ်ဘူး။ တစ်ခါပြောင်းပြန်ပေါ့လေ၊ မိဘက သားသမီး ဆယ်တန်းဖြေထားတော့ အောင်စာရင်းထွက်ရင် ဂုဏ်ထူးငါးဘာသာ၊ ခြောက်ဘာသာ မျှော်လင့်ထားတယ်။ အောင်စာရင်းထွက်လာတော့ ဂုဏ်ထူးမပါတဲံ အပြင် စာမေးပွဲတောင် ကျနေသေးတယ်။
လူတွေမှာ လိုအပ်ချက်တွေ ရှိတယ်။
ချမ်းသာကြွ္ပ္ပ္ပယ်ဝတဲ့သူတွေဆီမှာလည်း လိုအပ်ချက်တွေရှိတယ်။
ဝန်ဆောင်မှုပေးသူများအနေနှင့် ဘယ်သူတွေ ဘာလိုအပ်နေတယ်ဆိုတာကို သိရပါတယ်။ အထူးသဖြင့် ကျွန်မတို့ လုပ်ငန်းနဲ့ ဆက်သွယ်နေတဲ့ သူတွေရဲ့ လိုအပ်ချက်တွေဟာ ဘာလဲဆိုတာ သိရပါတယ်။ လိုအပ်ချက်မသိဘဲနဲ့ ဝန်ဆောင်မှုမပေးနိုင်ပါဘူး။
ကျွန်မတို့မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ရန်ကုန်တိုင်း)အနေနဲ့ မထသကားတွေကို စီးနေတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သိဖို့လိုပါတယ်။ သူတို့ ဘာလိုချင်လဲ၊ သူတို့ရဲ့ လိုအပ်ချက် Needs တွေက ဘာတွေလဲ၊ မသိလို့ မဖြစ်ပါဘူး။
ခရီးသွားပြည်သူတွေဟာ မထသယာဉ်တွေပေါ်မှာ စိတ်လက်ချမ်းသာစွာနဲ့ စီးလိုတယ်။ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ စီးလိုတယ်။ လိုရာခရီးကို အချိန်မီရောက်ချင်တယ်၊ မော်တော်ယာဉ်စီးခနှုန်း သက်သာစွာနဲ့လည်း စီးလိုတယ်၊ ဒါက သူတို့ရဲ့ ဆန္ဒတွေပဲ၊ ဒါတွေကို ကျွန်မတို့အနေနဲ့က ဆောင်ရွက်ပေးရမယ်။
ဒါက တစ်ဘက်က မျှော်မှန်းချက်။
စားသုံးသူခရီးသည်များ ဘက်က မျှော်မှန်းချက်။
ဒီမျှော်မှန်းချက်ကို ဒီဘက်ကလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသင့်တယ်။ဆောင်ရွက်ဖြည့်ဆည်းပေးရမှာလည်း ဖြစ်တယ်။ ဆောင်ရွက်ပေးတယ်ဆိုရင် တစ်ဘက်ကလည်း ကျေနပ်မှုရသွားတယ်။
ဒီလိုဆိုရင် ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုလက်ခံသူတို့နှစ်ဦး နှစ်ဘက်ကျေနပ်မှု Satisfy ဖြစ်သွားမယ်။ နှစ်ဦးနှစ်ဖက်ကျေနပ်မှု ရရှိနေရင် ဒီလုပ်ငန်းအရည်အသွေး ရှိနေတာလို့ဆိုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ကျေနပ်မှု ကို ပေးတာက Provide ကျေနပ်မှုကို ရယူတာ Receive ဟာ တိုးတက်ကောင်းမွန်တာ၊ အရည်အသွေးရှိတာတွေ ဖြစ်လို့ ဝန်ဆောင်မှုပေးတဲ့သူတွေနဲ့ ဝန်ဆောင်မှု ရယူသူများ အတွင်း ကျေနပ်မှုတည်ဆောက်ကြရမယ့်အကြောင်းတင်ပြအပ်ပါတယ်။ မိဘနဲ့သား သမီးပဲ ဖြစ်ဖြစ်၊ ဆရာနဲ့တပည့်ပဲ ဖြစ်ဖြစ် ပေးသူနဲ့ ယူသူကျေနပ်မှု ဖြစ်မယ်ဆိုရင် ဒါတိုးတက်တာပဲ၊ ဒါဟာ အရည်အသွေးပဲ။
ကျွန်မတို့ မထသလုပ်ငန်းကို ကြည့်ရအောင်၊ ယာဉ်မောင်းနဲ့ စပယ်ယာရှိတယ်၊ သူတို့က ဝန်ဆောင်မှုပေးတဲ့သူတွေ၊ ယာဉ်မောင်းနဲ့ စပယ်ယာတို့ရဲ့ ကားပေါ်မှာ လိုက်စီးတဲ့ ခရီးသည်တွေက စားသုံးသူတွေ ဖြစ်ပါတယ်၊ ဝန်ဆောင်မှုပေးတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတွေနဲ့ စားသုံးသူခရီးသည်တွေ ပြေလည်ရင် မထသဟာ တိုးတက်နေတာပဲ၊ မထသဝန်ဆောင်မှုဟာ အလွန်ကောင်းတာပဲ၊ မထသဟာ အရည်အသွေးမြင့်မြင့် ဆောင်ရွက်တာပဲလို့ ဆိုနိုင်ပါတယ်။
လူ့ဘောင်အဖွဲ့အစည်းမှာ ကြည့်ရင် နိုင်ငံတော်နဲ့ ပြည်သူတွေ၊ နိုင်ငံတော်က ဝန်ဆောင်မှုပေးတဲ့ ‘Supplier’ပဲ၊ ပြည်သူတွေက စားသုံးသူ။ ပြည်သူနဲ့ နိုင်ငံတော်အစိုးရအကြား သဟဇာတဖြစ်တယ်၊ ပြေလည်တယ်ဆိုရင် တိုင်းပြည်တိုးတက်အေးချမ်းတာပဲ၊ ဒါကြောင့် ဝန်ဆောင်မှုပေးသူနဲ့ စားသုံးသူဆက်စပ်မှုဟာ အလွန်မှ အရေးကြီးကြောင်း တင်ပြရပါတယ်။    ။
ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts