တစ်ယောက်တည်းပေမဲ့… အထီးမကျန်ပါ

တစ်ယောက်တည်းပေမဲ့… အထီးမကျန်ပါ

ခုရက်တွေမှာ မနက်မိုးလင်းတာနဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ခံစားရတယ်…။ ကျွန်မက မနက်စောစောထလေ့ ရှိတယ်။ လေးနာရီခွဲ၊ ငါးနာရီဆိုနိုးနေပြီ…။ တစ်အိမ်လုံး ငြိမ်နေကြတဲ့အချိန်မို့ ကျွန်မ လုပ်ရမဲ့ အလုပ်ကို အာရုံထားပြီး လုပ်နိုင်တယ်…။ စာရေးတာ… တရားထိုင်တာ… စသည်ဖြင့်ပေါ့…။

ကျွန်မတို့ အိမ်က ကျွန်မအပါအဝင် မိသားစု ခုနစ်ယောက်ရှိတဲ့ အိမ် ဖြစ်ပါတယ်။ နေ့ခင်းနေ့လည် အိပ်ကြတဲ့အချိန်ကလွဲလို့ အချိန်တော်တော်များများဟာ နေရာတိုင်းမှာ ကိုယ်အသံနဲ့ကိုယ် ဆူညံနေကြတာပါပဲ။ TV…၊ YouTube…၊ ကက်ဆက်…၊ Facebook ကအသံ…တွေ ပြေးမလွတ်ဘူး…။ ကလေး ၃ ကောင်ကလည်း သိပ်ဆော့ပါတယ်…။ တည့်ရင်လည်းတည့်နေကြတယ်…။ အခန့်မသင့်ရင် ရန်တွေ ထဖြစ်ပြန်ရော…။

ကျွန်မကတော့ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့သူ ဖြစ်ပါတယ်…။ တိတ်နေမှလည်း အလုပ်လုပ်လို့ရပါတယ်…။ ကျွန်မအလုပ်က စာရေး…၊ စာဖတ်အမြဲ လုပ်နေရတာမို့လို့… အာရုံစူးစိုက်မှု လိုပါတယ်…။ အဲတော့… သူတို့အားလုံး ငြိမ်သွားတဲ့ အချိန်ကို စောင့်ရင်စောင့်၊ မစောင့်နိုင်ရင်တော့… ကိုယ့်ဘာသာကိုယ်နေလို့ရတဲ့နေရာ တစ်ခုနှစ်ခုတော့…လိုက်ရှာထားရတတ်ပါတယ်…။

Solitude ဆိုတာ The State of Being Alone … တစ်ယောက်တည်းဖြစ်နေခြင်းဆိုတဲ့… အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်…။ ဒါပေမယ့် တစ်ယောက်တည်းဖြစ်တာ အထီးကျန်နေတာတော့ မဟုတ်ဘူး။

အထီးကျန်တယ်… Loneliness ဆိုတဲ့ သဘောက Negative Feeling တစ်ခုပါပါတယ်…။ အထီးကျန်တဲ့သူဟာ… ဘေးမှာ လူတွေအများကြီးဝိုင်းနေလည်း… စိတ်ထဲမှာ လစ်ဟာမှုတွေ…၊ ကွက်လပ်တွေ၊ အပြည့်နဲ့… တစ်ယောက်တည်း ပါလာလို့ ခံစားနေရတာမျိုးပဲ…။

Solitude တစ်ယောက်တည်း နေတယ်ဆိုတာကတော့… ကိုယ့်သဘော အေးအေးဆေးဆေး… အပူအပင် မရှိတဲ့ ဘဝကို ရွေးချယ်ထားတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်…။ သူ့မှာက Positive Feeling… အပြုသဘောဆောင်တဲ့ ခံစားချက်မျိုး ပါတယ်…။

ဒါကြောင့် သူ့ကို Solitude is the state of being alone without being lonely… လို့ ထပ်ဖြည့်နိုင်ပါတယ်။ တစ်ယောက်တည်းပေမဲ့ အထီးမကျန်ဘူး…။ ကွက်လပ်တွေ လစ်ဟာမနေဘူး။ စိတ်အတွင်းမှာ ပြည့်စုံတယ်။ Inner Peace စိတ်ငြိမ်အေးချမ်းသာမှု ရှိတယ်…။

လူတွေဟာ… သဘာဝအရတော့ အစုအပေါင်းနဲ့ နေတတ်တဲ့သူတွေ ဖြစ်ပါတယ်…။ ဒါပေမဲ့… တစ်ခါတလေမှာ တစ်ယောက်တည်း နေတတ်ဖို့လည်းလိုပါတယ်…။ တစ်ယောက်တည်းနေတဲ့ အချိန်လေးတွေကို လေ့ကျင့်ပြီး ယူသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် တစ်ယောက်တည်းနေတဲ့ အချိန်တွေဟာ… စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး Psychological well-being ကို အထောက်အကူပြုလို့ပါပဲ။

စိတ်ကိုပိုပြီး ကြံ့ခိုင်လာစေတယ်…၊ ပိုပြီးပျော်ရွှင်လာတယ်…၊ ကျေနပ်လာတယ်…၊ စိတ်ဖိစီးမှု လျော့လာတယ်…၊ စိတ်ဓာတ်ကျဖို့ အလားအလာ နည်းသွားတယ်…။ Less likely to suffer from depression.

ဒါဟာ… ကိုယ့်ဘဝ ဘယ်လောက်ဟန်ချက်ညီသလဲ…၊ Balance ဖြစ်သလဲဆိုတာကို ရှာဖွေနိုင်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်းနေလိုက်ခြင်းရဲ့အကျိုးကျေးဇူးတွေပါပဲ။

တစ်ယောက်တည်း ငြိမ်းအေးမှုကို တရားထိုင်ခြင်းကနေ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သဘာဝလောကကြီးထဲမှာ လမ်းလျှောက်တာ။ စာရွက်တစ်ရွက်…၊ ခဲတံ တစ်ချောင်းနဲ့ တစ်နေရာကို ငေးရင်း… ကိုယ့်အကြောင်းကိုယ်… သေသေချာချာ လေးလေးနက်နက် ပြန်စဉ်းစားတာ…။ အဲဒီအခါမှာ… ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။ ကိုယ့်အသံကို ကိုယ်ပြန်ကြားရပါလိမ့်မယ်…။ ကိုယ်ဘာဖြစ်ချင်တာလဲ… ဘာလုပ်ရမလဲ…ဆိုတာကို သိဖို့လိုတယ်…။

Opportunity to discover yourself and find your own voice… ဒါကအရေးကြီးပါတယ်…။ ကိုယ့်အကြောင်းကိုယ် အမှန်အတိုင်း သိဖို့ဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ ကိစ္စပါ။

အာရုံစူးစိုက်မှုတွေ ကောင်းလာမယ်…။ အလုပ်တွေ ပြီးမြောက်လာမယ်…။ (Increase Concentration and Productivity) လူတွေနဲ့ သိုင်းဝိုင်းနေရတဲ့အခါ သူတို့ကို ဖြည့်ဆည်း ပေးနေရတာမျိုးတွေ ရှိတယ်…။ သူတို့ ဖြည့်လာပေးသမျှကို လိုချင်ချင် မလိုချင်ချင် လက်ခံပေးနေရတာမျိုးလည်း ရှိတယ်။

ဒါကြောင့် ကိုယ့်တစ်ယောက်တည်း နေဖို့အချိန် Me Time ကို ယူပါ…။ အဲဒီအချိန်မှာ စိတ်ပျော်ရွှင်ရတာလေးတွေ လုပ်ပါ…။ အဲဒီ ယူလိုက်မိတဲ့အချိန်အတွက်လည်း နောင်တမရပါနဲ့…။ အထီးကျန်မနေဘဲ… တစ်ခါတလေ… တစ်ယောက်တည်း နေကြည့်ပါ…။

သိပေးပါ…။ သိနေပေးပါ…။ တစ်ယောက်တည်းနေတဲ့ အချိန်မှာ… ကိုယ့်စိတ်ကို… ကိုယ်သိပေးနေတာဟာ… တကယ့်အသိအဉာဏ်ကို ဖြစ်ပေါ်စေပါတယ်။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts