သန့်ရှင်းပါ။

လူသားတိုင်းမှာ သန့်ရှင်းဖို့က အရေးကြီးဆုံးထဲမှာ ပါပါတယ်။ မသန့်ရှင်းသူတွေဟာ မကျန်းမာဘူး။ မကျန်းမာသူတွေဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။ အလုပ်ကောင်းကောင်း မလုပ်နိုင်ရင် ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတာနဲ့ လူမှုဒုက္ခတွေ လာပြီ။ ရောဂါဝေဒနာတွေ ဖြစ်မယ်။ အရွယ်မတိုင်မီ သေဆုံးကြမယ်။ နာကျင်မှုတွေ ခံစားရမယ်။ ဒါကြောင့် သန့်ရှင်းဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ပေါ့ပေါ့တန်တန်နဲ့ ဖြစ်သလိုမနေကြစေချင်ဘူး။
          သန့်ရှင်းတယ်ဆိုတာက အပိုင်း(၃)ပိုင်း ရှိတယ်။ ပထမက တစ်ကိုယ်ရေသန့်ရှင်းရေး ဖြစ်တယ်။ ဒုတိယက ပတ်ဝန်းကျင် သန့်ရှင်းရေး ဖြစ်တယ်။ တတိယကတော့ စိတ်သန့်ရှင်းရေး ဖြစ်တယ်။
          တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာက မိမိကိုယ်မိမိ သန့်ရှင်းဖို့ ဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ အိပ်ယာသိမ်းခြင်းကို လုပ်ရမယ်။ ရာသီဥတုနဲ့ ရေနွေးစက်ရှိရင် ရေချိုးချင်လည်း ချိုးပေါ့။ လက်ကို မကြာခဏ ဆေးရမယ်။ အစာမစားမီနဲ့ အစာစားပြီးတိုင်း ဆေးဖို့လိုတယ်။ သင့်လျော်သလို ခေါင်းလျှော်ဖို့ လိုတယ်။ မိမိအဝတ်အစားများကို လျှော်ဖွတ်ရတာပဲ။ အရေးကြီးတာက အတွင်းခံအဝတ်အစားတွေကို နေ့တိုင်း လျှော်ဖွတ်ဖို့ လိုပါတယ်။
          ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုတာက မဆိုင်တာတွေ မဆိုင်တဲ့ နေရာ ရောက်မနေစေဖို့ပါပဲ။ အမှိုက်သရိုက်တွေကို သူ့အမှိုက်ပုံးနဲ့သူ စွန့်ပစ်ဖို့ပါပဲ။ စားကြွင်းစားကျန်တွေကို သေသေချာချာ မစွန့်ပစ်ရင် ကြွက်တွေ၊ ပိုးဟပ်တွေ များလာမှာပါပဲ။ ဒါဆို ကူးစက်ရောဂါတွေ ဖြစ်လာမယ်။ ဒီအကောင်တွေရဲ့ အသက်က ရေပဲ။ ကိုယ်နေတဲ့ နေရာမှာ ရေဝပ်နေပြီဆို ခြင်တွေ၊ ယင်ကောင်တွေ ပေါက်ပြီး ရောဂါတွေ ဖြစ်ကြတာပါပဲ။ ကလေးသူငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်ပြီး သေကြတာပဲ။ ဒါကြောင့် ကိုယ့်နေရာမှာ ရေမဝပ်အောင် လုပ်ပါ။ လုပ်လို့မရရင် ဒီနေရာမှာ မနေပါနဲ့။
          စိတ်သန့်ရှင်းဖို့က အရေးကြီးတယ်။ လူမှာ ကိုယ်နဲ့စိတ်ဆိုတာ ရှိတယ်။ ကိုယ်ခန္ဓာက လှုပ်ရှားဖို့လိုတယ်။ စိတ်က တည်ငြိမ်ဖို့လိုတယ်။ ပြင်းပြတဲ့ ဆန္ဒရှိရပေမယ့် မတော်လောဘ မရှိရဘူး။ ဘဝင်မမြင့်ရဘူး။ မနာလို မဖြစ်ရဘူး။ ကလဲ့စားချေမယ်ဆိုတဲ့စိတ် မထားရဘူး။ လူသားတွေအတွက် ကောင်းကျိုးကို ဆောင်ရွက်မယ်ဆိုတဲ့ စိတ်သာ ထားရမယ်။ လူတွေဟာ အသက်အရွယ်၊ ပါရမီ၊ အတွေ့အကြုံအရ အရာရာပြည့်စုံသူဆိုတာ မရှိဘူးဆိုတာ နားလည်ထားရမယ်။ အလုပ်တစ်ခုတည်းမှာ အာရုံစူးစိုက်ကြဖို့လိုတယ်။ ဒါက စိတ်ရဲ့သန့်ရှင်းခြင်း ဖြစ်တယ်။
          သန့်ရှင်းပါ။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts