သစ်သီးဝလံ

သစ်သီးဝလံ ဆိုတာ အရေးကြီးဆုံး အစားအစာ

သစ်သီးဝလံ တွေဟာ တကယ်ကို အရေးပါတဲ့ အစာအာဟာရပါ။ သစ်သီးစားလို့ ရောဂါရသွားတယ် ဆိုတာထက် သစ်သီးစားလို့ ရောဂါကင်းစင်ပြီး နုပျိုသက်ရှည်နေရတယ်လို့သာ ကြားသိကြရပါတယ်။ စင်စစ်တော့ သစ်သီးဝလံ တွေဟာ လူသားတွေအတွက် ရှေးအကျဆုံး အစားအစာပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး လူသားဖြစ်တဲ့ အာဒမ်က ပန်းသီးကို စားခဲ့ပါတယ်။ သည်အသီးကို ကောင်းကင်ဘုံက တားဆီးပိတ်ပင်ခဲ့တဲ့ သစ်သီးလို့ ဆိုပါတယ်။ ရှေးအဆက်ဆက်က စာပေတွေထဲမှာတော့ အသီးနှင့် ပတ်သတ်ပြီး ကိုးကားမှတ်သားစရာတွေ များစွာရှိပါတယ်။ ‘ဝေဒ’ ကျမ်းများ အလိုအရဆိုလျှင် သစ်သီးတွေဟာ ဘုရားသခင်ရဲ့ အခြေခံအကျဆုံး အစားအစာပုံစံလို့ဆိုပါတယ်။ ‘ကိုရမ်’ ကျမ်းမှာတော့ စပျစ်သီး၊ စွန်ပလွန်သီး၊ သဖန်းသီး၊ သံလွင်သီးနှင့် တလည်းသီး တွေဟာ ဘုရားရဲ့ လက်ဆောင်အဖြစ် ကောင်းကင်ဘုံက လာတဲ့ သစ်သီးတွေလို့  ဆိုပါတယ်။

ရှေးခေတ်လူသားတွေက “အသီးတွေဟာ မျက်လှည့်ပြသလိုပါပဲ။ သူတို့မှာ ထူးဆန်းတဲ့ ဂုဏ်သတ္တိတွေ ကိုယ်စီရှိနေကြတယ်” လို့လည်း ဆိုကြသေးတယ်။ သူတို့က သစ်သီးတွေကို အလွန်တန်ဖိုးထားကြပြီး နတ်ဘုရား၊ နတ်သမီး၊ နတ်သားများအတွက် ရည်စူးလေ့ရှိပါတယ်။ သူတို့ရဲ့ ဘုရားကျောင်းတွေ၊ ပွဲတော်ဝတ်စုံတွေ၊ ဘာသာရေးနှင့်ပတ်သတ်တဲ့ ပြင်ဆင်မှုတွေ၊ ဘာသာရေးပွဲ ဝတ်စုံတွေ၊ အမွန်အမြတ် ထားတဲ့ ယာဉ်ရထားတွေမှာ သစ်သီးတွေနဲ့ ဒီဇိုင်းဆင် ဒီဇိုင်းပုံဖော် အသုံးပြုခဲ့ကြပါတယ်။ လတ်ဆတ်ပြီး ခြောက်သွေ့တဲ့ အသီး အများစုဟာ လူသားတွေရဲ့ ပင်မ အစားအစာပါ။ အဲဒီသစ်သီးတွေထဲမှာ အာဟာရဓာတ်တွေလည်း မျိုးစုံအောင်ပဲ အချိုးကျကျ စုံလင်အောင် ပါဝင်ကြပါတယ်။ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနှင့် အင်ဇိုင်းများဟာ အလွန်ကောင်းတဲ့ အာဟာရ အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။

သစ်သီးတွေဟာ အစာကြေလွယ်ပြီး သွေးနှင့် အစာလမ်းကြောင်းကိုလည်း သန့်စင်စေတယ်။ ဒါကြောင့် သစ်သီးဝလံ များများစားသူ တွေဟာ အမြဲတမ်း ကျန်းမာပျော်ရွှင်စွာ နေနိူင်ကြတာ တွေ့ခဲ့ရပါတယ်။ သည့်အပြင် သဘာဝသီးနှံများ အစားနည်းလို့ ကျန်းမာရေး ချို့တဲ့သူကိုလည်း သစ်သီးများစားသုံးစေပြီး ကုသနိူင်ပါသေးတယ်။ ဒါကြောင့် သစ်သီးဝလံတွေဟာ အစာအာဟာရကောင်း ဖြစ်သလို ဆေးဝါးကောင်းလည်း ဖြစ်ပါတယ်။ အစားအစာထဲမှာတော့ သစ်သီးဝလံကို အရေးအကြီးဆုံးလို့ ဆိုချင်ပါတယ်။ 

သစ်သီးများ၏ အကျိုးပြုပုံအမျိုးမျိုး
Natural Benefits of Fruits


အသီးတွေဟာ လူတို့ရဲ့ ဇီဝကမ္မအဖွဲ့ပေါ်ကို ကြီးမားတဲ့ ကောင်းကျိုးတွေ ဖြစ်စေနိူင်စွမ်းရှိပါတယ်။ အသီးတွေရဲ့ အကျိုးကျေးဇူးဟာ အင်မတန်မှ များပါတယ်။ သာမန်အားဖြင့် အသီးတွေက ရရှိနိူင်တဲ့ အကျိုးအာနိသင်တွေကို တစ်မျိုးချင်းစီအလိုက် ဖော်ပြပေးပါအုံးမယ်။

ရေဓာတ်ကိုရရှိနိူင်ခြင်း
Hydrating Effect

သစ်သီးတွေစားခြင်း သို့မဟုတ် သစ်သီးဖျော်ရည်ကို သောက်ခြင်းဟာ သက်ရှိသတ္တဝါတွေအတွက် အလွန်ကို ပျော်ရွှင်လန်းဆန်းဖွယ်ရာ ကောင်းလှတဲ့ ရေဓာတ်တွေ ရရှိစေပါတယ်။ မကျန်းမမာဖြစ်နေသူတွေအတွက်တော့ သစ်သီးဝလံ ရေဓာတ်ကို စုပ်ယူလွယ်ပြီး တစ်ချိန်တည်းမှာပဲ သကြားနှင့် သတ္တုဓာတ်တွေ ဖြည့်တင်းပေးနိူင်တဲ့ အကျိုးထူး ရရှိပါတယ်။ 

ဆီးသွားစေခြင်း
Diuretic Effect

ဆေးကုသမှုများမှ တွေ့ရှိလာချက်အရ အသီးတွေမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆိုဒီယမ် စတဲ့ သတ္တုဓာတ်တွေဟာ ဆီးသွားစေနိူင်စွမ်း၊ ဆီးရွှင်နိူင်စွမ်းသတ္တိရှိတဲ့အတွက် ဆီးမှန်စေပါတယ်။ အသီးနှင့် အသီးဖျော်ရည် စားသုံးခြင်းကြောင့် ဆီးသွားတဲ့ အကြိမ်ရေ သိသိသာသာ တိုးလာစေပါတယ်။ ဒါကြောင့် ဆီးချုပ်ခြင်းလည်း ကင်းစေတယ်။ နိုင်ထရိုဂျင် အညစ်အကြေးနှင့် ကလိုရိုက် များကို လျင်မြန်စွာ လျော့ပါးစေတဲ့အတွက် ဆီး၏ သိပ်သည်းဆကို လျော့နည်းစေပါတယ်။ မည်သို့ဆိုစေ သစ်သီးတွေမှာ ဆိုဒီယမ်ပမာဏ အလွန်ကို လျော့နည်းစွာ ပါဝင်တာကြောင့် ဆားလျှော့လိုသူများအတွက် ဆားမပါတဲ့ အစာအာဟာရအဖြစ် မှီဝဲလို့ ရပါတယ်။

အယ်လ်ကလီ ဖြစ်စေခြင်း
Alkalinising Effect 

သစ်သီးများမှာ ပါဝင်တဲ့ ဆားဓာတ် သြဂဲနစ်အက်ဆစ်များက အရည်များကို အယ်လ်ကာလီဖြစ်စေခြင်းဖြင့် သက်ရှိများအတွင်း အယ်လ်ကာလိုင်းကာဗွန်နိတ်ကို ထုတ်လုပ်ထားပါတယ်။ အသီးအားလုံးဟာ အူအတွင်းမှ ပစ္စည်းတွေကို စွမ်းအားမြှင့်တင်ပေးပါတယ်။ ဒါကြောင့်လည်း ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို အသုံးမလိုတော့တဲ့ သဘာဝပိုလျှံပစ္စည်းများကို သွေးထဲသို့ မရောက်အောင် ပြုလုပ်ပေးပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ လုပ်ငန်းဆောင်တာတွေ အနှောင်အယှက်မဖြစ်စေအောင် စွမ်းဆောင်ပါတယ်။ အသီးများမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒြိတ်အများစုက သကြား၊ Dextrin နှင့် အက်ဆစ်ပုံစံဖြင့် ရှိနေကြပြီး အစာကြေလွယ်စေဖို့ အထောက်အကူ ဖြစ်စေတဲ့အပြင် စုပ်ယူလွယ်သော သတ္တိရှိပါတယ်။ မကျန်းမမာ ဖျားနာနေသူများ၊ အားနည်းနေသူများ၊ ခန္ဓာကိုယ်အတွက် စွမ်းအင်နှင့် အပူဓာတ်ကို လိုအပ်သူများအတွက် အလွန်အသုံးဝင်ပါတယ်။ 

သတ္တုဓာတ်များရစေခြင်း
Mineralising Effect

အသီးတွေဟာ သက်ရှိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ နဲ့ လှပမှုတွေပေးနိူင်တဲ့ အဆင်တန်ဆာလည်းဖြစ်တယ်လို့ ဆိုချင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ စပျစ်သီးခြောက်၊ စွန်ပလွန်သီး နှင့် မက်မွန်သီးကဲ့သို့သော သစ်သီးခြောက်တွေမှာ ကယ်လ်ဆီယမ်နှင့် သံဓာတ်တွေများစွာ ပါဝင်နေလို့ပါပဲ။ သည်သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အရိုးတွေ သန်မာစေဖို့နှင့် သွေးအားကောင်းစေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ ကျွနု်ပ်တို့ နေ့စဉ်လိုအပ်နေတဲ့ ကယ်လ်ဆီယမ်သတ္တုဓာတ် ၈၀၀ ဂရမ်ကိုတော့ သြဇာသီး ကဲ့သို့သော သစ်သီးတချို့ကနေ ရနိူင်ပါတယ်။

ဝမ်းမှန်စေနိူင်စွမ်းသတ္တိ
Laxative Effect

အမျှင်ပါသစ်သီးများဟာ ဝမ်းမှန်စေတဲ့အတွက် ဝမ်းချုပ်သူများ အထူးအားကိုးလို့ ရပါတယ်။ အသီးတွေမှာ ပါဝင်တဲ့ အမျှင်များနှင့် ဆယ်လူလို့စ်ဟာ အစာခြေလမ်းကြောင်းမှာရှိတဲ့ အစားအစာတွေကို ချောမွေ့သွားစေပြီး အစာအိမ်ရဲ့ လုပ်ငန်းကို လွယ်ကူစေပါတယ်။ အသီးမှာပါဝင်တဲ့ သကြားနှင့် အော်ဂဲနစ်အက်ဆစ်များဟာ ဝမ်းနှုတ်ဆေးသဖွယ် ဂုဏ်သတ္တိရှိတာကြောင့် အသီးတွေကို မှန်မှန်စားလျှင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။

အားတိုးဆေးသဖွယ် အာဟာရဖြစ်စေမယ်
Tonic Action

သစ်သီးတွေက ဗီတာမင်များစွာ ပါဝင်ကြတဲ့အတွက် ခန္ဓာကိုယ်အား ဆေးသဖွယ်လည်း အကျိုးပြုပါတယ်။ မာလကာသီး၊ သြဇာသီး၊ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး စသော အချဉ်သီးများဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ သစ်သီးများဖြစ်ကြပါတယ်။ အဆိုပါ သစ်သီးတွေကို သဘာဝအတိုင်းသန့်ရှင်းလတ်ဆတ်စွာ ရယူစားသုံးလျှင် ဗီတာမင်အပြည့်အဝရရှိပါမယ်။ သစ်သီးအမျိုးပေါင်းများစွာမှာ ကယ်ရိုတင်း များစွာ ပါဝင်ပြီး ကျွနု်ပ်တို့ စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ‘အေ’ ကို ဖြစ်ပေါ်စေပါတယ်။ သရက်သီး အနေတော်တလုံး မှာ ဗီတာမင် ‘အေ’ အင်တာနေရှင်နယ်ယူနစ် ၁၅၀၀၀ ယူနစ်ပါဝင်ပြီး ကိုယ်ခန္ဓာကိုယ်အတွက် ရက်သတ္တပတ်အထိ လုံလောက်မှု ရှိပါတယ်။ သင်္ဘောသီးကတော့ ဗီတာမင် ‘စီ’ နှင့် ‘ကယ်ရိုတင်း’ များစွာပါရှိပါတယ်။

သစ်သီးတွေကို သဘာဝအတိုင်း မှည့်နေတဲ့အခါမှာ စားလျှင် အကောင်းဆုံးပါပဲ။ ချက်ပြုတ်စားသောက်ခဲ့မယ်ဆိုလျှင်တော့ မူလရှိနေတဲ့ အာဟာရဖြစ်စေတဲ့ ဓာတ်ဆားများနှင့် ကာဘိုဟိုက်ဒရိတ်များ အနည်းငယ် ပျက်စီးသွားနိူင်ပါတယ်။ မီးဖိုပေါ်မှာ ကြာကြာထားချက်လေ များများပျက်စီးနိူင်လေပါ။ သစ်သီးတွေကို မချက်ပြုတ်ဘဲ သီးခြားတစ်မျိုးစီစားလျှင် အာဟာရကိုပိုပြီး ပြည့်ပြည့်ဝဝ ရပါလိမ့်မယ်။ သစ်သီးတွေကို နံနက်စောစောစာအဖြစ် စားလျှင် ပိုပြီးတော့ ကောင်းပါတယ်။ သစ်သီးတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စားတာကို ကောင်းတယ်လို့ သတ်မှတ်လို့ မရနိူင်ပါဘူး။ ပုံမှန်နေ့စဉ် အစားအစာအနေနှင့် သစ်သီးတွေ မှန်မှန် ထည့်စားသွားနိူင်တာကသာ အကျိုးရှိ ပါတယ်။ တွဲဖက်စားလိုတယ်ဆိုလျှင် ဟင်းသီးဟင်းရွက်၊ ထမင်း၊ ဟင်း၊ သားငါးတွေနဲ့ တွဲမစားဘဲ နို့တစ်ခွက်နှင့် တွဲဖက်စားတာက သင့်လျော်မှန်ကန်ပြီး အကျိုးရှိစေနိူင်ပါတယ်။ သစ်သီးတွေစားတဲ့အခါမှာလည်း တစ်ကြိမ်သာ နှစ်သက်ရာ အသီးတစ်မျိုးကိုသာ ရွေးပြီး စားတာက ပိုပြီးတော့ ကောင်းပါတယ်။ 

ဖျားနာတဲ့အခါ မမာမကျန်းဖြစ်တဲ့အခါ သစ်သီးတွေကို ဖျော်ရည်လုပ်ပြီး သောက်သင့်ပါတယ်။ ဖျော်ရည်ပြုလုပ်တဲ့အခါမှာလည်း အရည်ညှစ်ပြီး ချက်ချင်း သောက်စေလိုပါတယ်။ အချိန်ကြာတာနဲ့အမျှ ဖျော်ရည်က ဓာတ်ပြိုကွဲမှုမြန်တာကြောင့် အသီးမှာရှိတဲ့ မူလအာဟာရ ဂုဏ်သတ္တိတွေလည်း အမြန်ပျက်စီးလျော့ပါးသွားမှာ ဖြစ်ပါတယ်။

ရူပါသိမ်း ရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ရေးသားဖော်ပြထား ပါသည်။

သုတ

# Open More Online

Related Posts