ဒစ္စရေလီ

ဂလက်စတုန်း နှင့် ဒစ္စရေလီ (အပိုင်း – ၂)

အကြွေးပေါင်းများစွာထဲ နစ်ရင်းက ဒစ္စရေလီ သည် ‘Vivian Gray’ ဆိုသည့် ဝတ္ထုတစ်အုပ်ကို ရေးသည်။ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်း ဖြစ်ပြီး ထိုစာအုပ်နှင့် ပက်သက်၍ သူငယ်ချင်း မော်ရေးထံမှ စိန်ခေါ်ပြီး တိုက်ခိုက်ရန် တောင်းဆိုခြင်း ခံလိုက်ရသည်။ သူတို့နှစ်ဦး တိုက်ပွဲကတော့ ဖြစ်မလာပေ။ သို့သော် နာမည်ဆိုးဖြင့် ထိုစာအုပ်သည် ကျော်ကြားကာ ရောင်းကောင်းသဖြင့် ဒစ္စရေလီလည်း ကြွေးဆပ်နိုင်ခဲ့သည်။

ဒစ္စရေလီ သည် စိတ်ဓာတ်ကျကာ ကြွေးရှင်များကို ရှောင်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းသို့ ခရီးထွက်လာခဲ့သည်။ ပြန်ရောက်လာသည့်အခါတွင် လုံးဝ ပြောင်းလဲသွားသည်။ ဝတ်ကောင်းစားလှများ ဝတ်ကာ မိန်းမဆန်သလိုလို ဖြစ်လာသည်။ အစိမ်းရောင် ကတ္ထီပါစကို ဘောင်းဘီချုပ်ဝတ်ကာ အင်္ကျီလက်ပွပွကြီးတွေ ဝတ်ဆင်တတ်သည်။ ညစာစားပွဲများတွင်လည်း စကားကို ဟောင်ဖွာဟောင်ဖွာ ပြောတတ်သည်။

သူနှင့် ပက်သက်ပြီး ပန်းချီဆရာ ဘင်ဂျမင် ဟေဒန်က “သူ့ကို ကြည့်လိုက်တာနဲ့ ယောက်ျားကို စိတ်ဝင်စားတယ် ဆိုတာ ထင်ရှားနေတာပဲ” ဟု ထုတ်ဖော် ပြောဆိုသွားသည်။ ဒစ္စရေလီ၏ ကိုယ်ရေးအတ္ထုပတ္တိကို ရေးသူ ဂျိန်းရစ်လေကလည်း ထိုအချက်ကို သဘောတူကာ ဤသို့ ရေးသားထားသည်။

‘ပြုပြင်ပြောင်းလဲရေးကို နှစ်သက်တတ်တဲ့ တိုရီပါတီဝင်တွေလိုပဲ ဒစ္စရေလီလည်း ဟန်မပျက် လိင်တူချင်း ဆက်ဆံတတ်ပါတယ်’ ဟု ရေးသားခဲ့သည်။

ဒစ္စရေလီ သည် မကြာမီ သူ့ထက် အသက်ကြီးသည့် အမျိုးသမီးကြီးများနှင့် ဇာတ်လမ်းတွေ ရှုပ်တော့သည်။ အချို့မှာ လက်ထပ်ထားသူများ ဖြစ်သည်။ ထိုအရှုပ်များထဲမှ ဟန်ရစ်တာ စကိုင်းစ်နှင့် ဇာတ်လမ်းသည် လူသိများစရာ ဖြစ်လာခဲ့ရသည်။ စကိုင်းစ်သည် ဒစ္စရေလီထက် အသက်ကြီးသည်။ ရောဂါသည် ဆာ ဖရန်စစ် စကိုင်းစ်နှင့် အိမ်ထောင်သက် ၁၁ နှစ် ရှိသွားပြီ ဖြစ်သည်။ ဖရန်စစ်နှင့် သားသမီးလေးဦး ထွန်းကားခဲ့သည်။ သူမသည် ဒစ္စရေလီထံသို့ စာရေးလျှင် အောက်တွင် ‘သင့်မေမေ’ ဟု လက်မှတ်ရေးထိုးလေ့ရှိသည်။

အတင်းအဖျင်း စကားများကြားတွင် သူတို့နှစ်ဦးသည် အတူတူ ပါတီတွေ တက်၊ အော်ပရာတွေ ကြည့်ကြသည်။ သူမခင်ပွန်းကလည်း မမြင်မျက်ကွယ်ပြုနေရသည်။ အဘယ်ကြောင့်ဆိုသော် သူလည်း ကလယ်ရာ ဘိုလ်တန် ဆိုသူနှင့် ထိုစဉ်က ဖောက်ပြန်နေသောကြောင့် ဖြစ်သည်။ ကလယ်ရာသည်လည်း တစ်ချိန်က ဒစ္စရေလီ၏ ချစ်သူများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ကလယ်ရာသည် ဒစ္စရေလီ ကို မနာလို ဖြစ်ပြီး ဆာဖရန်စစ်အား သူ့မိန်းမနှင့် ဖြစ်နေသည့် ပြဿနာကို မီးထိုးပေးသည်။ ဆာ ဖရန်စစ်ကလည်း သူ့မိန်းမကို ကျပ်လိုက်သဖြင့် မကြာမီ သူ့ဇနီးကို အိပ်ရာထဲတွင် ဒစ္စရေလီ အမွေဆက်ခံသူ နောက်တစ်ဦးနှင့် ပက်ပင်းတိုးမိတော့သည်။ စိတ်ထဲတွင် မွှန်ထူသွားပြီး သူမကို အိမ်မှ ကန်ထုတ်လိုက်ကာ သတင်းစာများတွင်လည်း ကြေညာချက် ထည့်လိုက်သေးသည်။ သတင်းစာများတွင် ပါလာသည့် ကြေညာချက်က သူ့မိန်းမ ဖောက်ပြန်မှုကို လူတိုင်းက ဒစ္စရေလီနှင့်သာဟု ထင်ကြသည်။

ဤသတင်းက ဒစ္စရေလီကို မည်မျှအထိ ဒုက္ခရောက်သွားမှန်းတော့ ပြောရခက်သည်။ သို့သော် နောက်ထပ်မံ အရွေးခံဖို့ကတော့ အတော်လေး အခွင့်အလမ်း နည်းသွားသည်။ မဲဆန္ဒရှင်များကို သူ ဝတ်ဆင်ထားသည့် ထူးထူးဆန်းဆန်း ဝတ်စုံများဖြင့် ဆွဲဆောင်၍ မရတော့။ ပြီးတော့ သူ့ကို ဂျူးလူမျိုး ဖြစ်သယောင်ယောင် စွပ်စွဲချက်များကိုလည်း ရင်ဆိုင်နေရသေးသည်။ နိုင်ငံရေး မဲဆွယ်တရားပွဲများတွင် သူ့ကို အမြတ်ကြီးစား အတိုးချေးစားသည့် ယုတ်မာကောက်ကျစ်သူ ဂျူးအဖြစ် ‘ရှိုင်းလော့ခ်’ ဟု အော်ကာ ဝက်သားပုပ်များဖြင့် ပစ်ပေါက်ကြသည်။

မေ့စတုန်း မဲဆန္ဒနယ်တွင် ပဉ္စမအကြိမ်မြောက် ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် မဲဆန္ဒရှင်များကို ငွေပေး လာဘ်ထိုးပြီး တက်လာခြင်း ဖြစ်သည်ဟု စွပ်စွဲချက်တွေ ထွက်လာသည်။ နိုင်ငံရေးလောကတွင် ဤသို့သော စွပ်စွဲချက်များမှာ ပေါ်ထွက်နေကျ ဖြစ်သည်။ ဒစ္စရေလီအနေဖြင့် ငွေပေးပြီး ရွေးကောက်တင်မြှောက်ခံခဲ့ခြင်း မဟုတ်သဖြင့် ထိုစွပ်စွဲချက်က သူ့ကို ယမ်းပုံမီးကျ ဖြစ်စေသည်။

သူ့ကို စွပ်စွဲဝေဖန်သူများထဲတွင် အဆိုးဆုံးမှာ မေ့စတုန်းမှ ချားလ်စ် အော်စတင် ဆိုသူ ဖြစ်သည်။ အော်စတင်က သူ့ကို ဥပဒေကြောင်းအရ တရားစွဲသည်။ ဒစ္စရေလီသည် တရားရုံးသို့ သွားပြီး ခံစားချက် ပြင်းထန်လွန်းသဖြင့် တုံ့ပြန်မိခြင်း ဖြစ်ကြောင်း တောင်းပန်သွားသည်။ သူ့တရားရုံးစရိတ်ကို သူနှင့် နောက်ဆုံးတွဲနေသည့် (အမှန်လည်း နောက်ဆုံးဖြစ်သွားသည့်) မေရီအန်း ဝစ်ဟမ် လူးဝစ်က ပေးဆောင်သွားသည်။ မေရီသည် မေ့စတုန်း မဲဆန္ဒနယ်တွင် သူနှင့် ပြိုင်ဘက်ဖြစ်ခဲ့သူ၏ ဇနီးသည် မုဆိုးမ ဖြစ်သည်။ ဤအချက်က ဒစ္စရေလီကို အလဲထိုးစေနိုင်သည့် ကိစ္စ ဖြစ်သွားသည်။ မေရီအန်း ကိစ္စသည် လာဘ်ထိုးမှုထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာသည်။

မေရီအန်းသည် ဒစ္စရေလီထက် ၁၂ နှစ် ပိုကြီးပြီး ချမ်းသာသည်။ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြသည်။ နောက်ဆုံးတွင် သူ့ဇနီး ဖြစ်ရပြီးမှ အကြွေးလိုက်ဆပ်နေရသည်နှင့် မကာမိအောင် ဖြစ်လာသည်။ ဒစ္စရေလီသည် မေ့စတုန်းမှ ထွက်သွားပြီး ၁၈၄၁ ခုနှစ်တွင် ရှရူးဘူရီ၌ သွားနေပြန်သည်။ ထိုနယ်မြေက မဲဆန္ဒရှင် နည်းသောကြောင့် လာဘ်ထိုးရ နည်းမည် ဟု ဝေဖန်ကြပြန်သည်။

ထိုသို့ အကျဉ်းအကျပ်ထဲ ကျနေစဉ်တွင် ရှရူးဘူရီရှိ သူ့ပြိုင်ဘက်များက သူ့အကြွေးပမာဏကို ပိုစတာများ ကိုင်ပြီး ဆန္ဒပြကြသည်။ သူ့အကြွေးက ပေါင် ၂၁,၀၀၀ ဖြစ်သည်။ လက်ကမ်းကြော်ငြာများတွင်လည်း ဒစ္စရေလီ တစ်ယောက် ပါလီမန်ကို ရောက်လျှင်ရောက်၊ မရောက်လျှင် ထောင်ထဲ ရောက်ရတော့မည် ဟု လိုက်လံစည်းရုံး လှုံ့ဆော်နေကြသည်။

ရှရူးဘူရီရှိ မဲဆန္ဒရှင်များသည် ကွန်ဆာဗေးတစ်ပါတီ၏ ထိပ်တန်းနေရာကို ကြွေးများဖြင့် ပိနေသည့် ဒစ္စရေလီကိုပင် အမတ်အဖြစ် ထိုးတင်ပေးလိုက်ပြန်သည်။ ထိုအချိန်တွင် ကွန်ဆာဗေးတစ်ပါတီတွင် အခြားအရှုပ်တော်ပုံတစ်ခုဖြင့် အာဏာကို ကြိုးစားထိန်းသိမ်းနေရသည်။ အသက် ၇၉ အရွယ် လစ်ဘရယ်ပါတီခေါင်းဆောင် လော့ဒ် ပယ်မာစတန်သည် သူ၏ အလွန်စွဲမက်ဖွယ်ကောင်းသည့် အသက် ၃၀ အရွယ် ဇနီးသည်လေး မစ္စ အိုကိန်းနှင့် ကွာရှင်းပြတ်စဲရန်အတွက် ရုံးတော်မှ ဆင့်ခေါ်စာ ရောက်လာသည်။ ငပြူးက ပြဲပြသည့် သဘောဖြင့် ဒစ္စရေလီသည် ပယ်မာစတန်ကို တိုင်းပြည်မှ ထွက်သွားရန်အထိ ပြစ်တင်ဝေဖန်လာသည်။ သို့သော် ပယ်မာစတန်က ဒစ္စရေလီကို မဲအပြတ်အသတ် အနိုင်ရရှိသွားသည်။

ဒစ္စရေလီ၏ ဘဝလည်း နိဂုံးချုပ်လုနီးပါး ဖြစ်သွားသည်။ ၁၈၇၂ ခုနှစ်တွင် ဇနီးသည် ကွယ်လွန်သွားပြီးနောက် ညီအစ်မနှစ်ယောက် ဖြစ်သည့် လေဒီ ဘရက်ဖို့ဒ်နှင့် လေဒီ ချက်စ်တာဖီးလ်တို့ဖြင့် တိတ်တိတ်ပုန်းဇာတ်လမ်းတွေ ဆင်ပြန်သည်။ တိုးတိုးတိတ်တိတ် ဇာတ်လမ်းများဖြင့်ပင် ၁၈၈၁ ခုနှစ် သူ ကွယ်လွန်ချိန်အထိ နေထိုင်သွားခဲ့သည်။ ဒစ္စရေလီသည် အာဏာရစဉ်က ဆူးအက်တူးမြောင်းကို ပါလီမန်က မထောက်ခံဘဲ ဝယ်ခဲ့သည်။ အာဏာမဲ့ချိန်တွင် ရို့စ်ချိုင်းထံမှ ငွေများ ချေးပြီး အီဂျစ် အုပ်ချုပ်သူများထံမှ ရှယ်ယာများ ဝယ်ပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ပါလီမန်ကို ပြန်လည်ဖွဲ့စည်းချိန်တွင် ဒစ္စရေလီ ရမ်းခဲ့သမျှ ဗြိတိန်အတွက် အကျိုးရှိနေသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း သိလိုက်ကြရသည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

# Open More Online

Related Posts