ဆီးသီး

ဆီးသီး အစွမ်းဖြင့် ကျန်းမာစေမည့်နည်းလမ်း

ဆီးသီး ကို သာမန်အားဖြင့် ဖန်ချဉ်ပြီး ရင်ကျပ်စေတတ်တဲ့ အသီးလို့ပဲ ယူဆကြမှာပါ။ အမှန်တော့ ဆီးသီး မှာ ကျန်းမာစေကြောင်း အထောက်အကူပြုနေတဲ့ အာနိသင်ကောင်း တွေလည်း ပါဝင်နေတာပါပဲ။ အမျိုးအစားအားဖြင့် ဆီးချိုသီး၊ ဆီးတော်သီး၊ တရုတ်ဆီးသီး ရယ်လို့ အမျိုးမျိုးရှိတဲ့တိုင်အောင် အရွယ်အစား အနည်းငယ် ကွာခြားတာကလွဲလို့ ဆေးဖက်ဝင် အာနိသင်အစွမ်းကတော့ မကွဲပြားလှ ပါဘူးရှင်။

ပုံပန်းသဏ္ဍာန်နှင့်အရသာ

ဆီးသီး ဟာ ကျန်းမာမှုကို အထောက်အကူပြုနေတဲ့ သစ်သီးဝလံတွေထဲမှာ မထင်ရှားပေမဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ ရှေ့တန်းက အကျိုးပြုနိူင်တာကို သိရပါတယ်။ ဆီးသီးဟာ စိမ်းနေစဉ်မှာ အနည်းငယ်ဖန်ပြီး ချဉ်တဲ့အရသာရှိပါတယ်။ လေချုပ်၊ သွေးချုပ်စေတယ်။ ရင်ကျပ်စေတယ်။ ဆီးသီးမှည့်ကတော့ သကြားဓာတ်တွေ ဖြစ်ပေါ်နေပြီး အရသာချိုတယ်။ လေ၊ သလိပ်၊ သည်းခြေကို နိူင်တယ်။ နှလုံးသွေးကိုငြိမ်စေတယ်။ အဟာရဖြစ်စေပြီး ခွန်အားပြည့်စေတဲ့ အစာအဖြစ် ကမ္ဘာနဲ့အဝန်းမှာ အသိအမှတ်ပြုထားကြတယ်။ ပုံသဏ္ဍာန်အားဖြင့် လုံးဝန်းတဲ့ပုံရော ရှည်မျောမျောသဏ္ဍာန်ပါ တွေ့နိူင်ကြတယ်။ ဆီးပင်မှာ ဆီးသီးတွေ ပင်လုံးကျွတ် ဝင်းမှည့်နေတဲ့အခါ လှပပြီး အနံ့အရသာ အလွန်ပြည့်စုံတဲ့အတွက် မြင်သူတိုင်း စွဲမက်စွာ ခူးယူစားမိတတ်ကြပါတယ်။ 

ဆီးသီး အစေ့တွေ့ရှိတာက 

ဆီးသီးပင်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ကျော်လောက် ကတည်းက တရုတ်နိူင်ငံမှာ စပြီး ပေါ်ပေါက်နေခဲ့တာပါ။ အိန္ဒိယနှင့် တိဗက်မှာလည်း ရှေးရှေးပဝေသဏီကတည်းက ရှိခဲ့တာပါပဲ။ ပါကစ္စတန်မြောက်ပိုင်းကျတဲ့ ဟိမဝန္တာတောင်တန်းနေ Huzan ဆိုသူကတော့ ဆီးသီးရဲ့ အာနိသင်ဟာ ပေါ့ပါးဖျက်လတ်ပြီး အသက်ရှည်စေနိူင်စွမ်း အပြည့်ပါရှိတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် ဆီးပင်တွေကို စိုက်ပျိုးစားသုံးပြီး လေ့လာတဲ့အခါ ဆီးသီးရဲ့ ကျန်းမာရေးအထောက်အကူပြုနိူင်စွမ်းအားဟာ အခြားသော အနှောက်အယှက် ပယောဂများသာမရှိရင် နှစ်ပေါင်း ၁၅၀၀ကျော်ကြာအောင် ခံနိူင်ရည်ရှိတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့်လည်း ဂရိကျန်းမာရေးပညာရှင်တွေက ဆီးသီးကို ဆေးဖက်ဝင်အစွမ်းထက်တဲ့အစာအဖြစ် အလေးအနက်ထားပြီး ထောက်ခံခဲ့ကြပါတယ်။ ဥရောပနိူင်ငံမှာ Alexander ခေတ်တလျှောက် ဆီးသီး ရဲ့ အာနိသင်ကို စတင်လက်ခံခဲ့ကြသလို အရှေ့အလယ်ပိုင်းဒေသတွေမှာတော့ အရသာထူးကဲတဲ့ ဆေးဖက်ဝင်အစာအဖြစ်ရော အားပြည့်လန်းဆန်းတဲ့ ရေမွှေးအဖြစ်ပါ ထုတ်လုပ်သုံးစွဲခဲ့ကြတာ တွေ့ရပါတယ်။

ဆီးသီးအာဟာရ

ဆီးသီးမှာ အာဟာရဖြစ်စေတဲ့ဓာတ်၊ သတ္တုတွေများစွာပါဝင်နေပါတယ်။ လတ်ဆတ်တဲ့ ဆီးသီးမှာ သဘာဝအချိုသကြားဓာတ်အပြင် ဗီတာမင် A နဲ့ ကယ်လ်စီယမ်တွေလည်းပါရှိနေတယ်။ ဗီတာမင်ဘီအုပ်စု၊ ရေဘိုဖလေဗင်၊ နိူင်ယာဆင်နဲ့ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ အစေ့မှာ ပရိုတင်းနဲ့ အဆီများရှိပြီး အခြားအစေ့အဆန်တွေလို တန်ဖိုးရှိပါတယ်။ အဆီဓာတ် ၄၀ကနေ ၄၅ရာခိုင်နှုန်းပါဝင်ပြီး ဗာဒံစေ့ နည်းတူ အားအင်ကို ဖြစ်ထွန်းစေတဲ့ ရူပဓာတုဂုဏ်သတ္တိစွမ်းအင် အပြည့်လည်း ရှိနေတယ်။ 

ဆီးသီးစား၍ပျောက်ကင်းသောရောဂါများ
Curative Properties

ဆီးသီး

ဆီးသီးမှာ ရောဂါတချို့ကို ပျောက်စေနိူင်တဲ့ သဘာဝကျေးဇူးတရားစွမ်းအားတွေ ရှိနေပါတယ်။ ရာစုနှစ်ပေါင်းများစွာကတည်းက ဆီးသီးသာမက ဆီးပင်ရဲ့ အဂါၤအစိတ်အပိုင်း အစေ့အဆီ၊ အပွင့်အားလုံးကို ဆေးဖော်ရာမှာ အသုံးတည့်ခဲ့ကြတယ်။ တရုတ်နိူင်ငံက နာမည်ကြီး ရွှေဆီးသီးဆိုတဲ့ ဆေးနည်းမှာတော့ ဆီးပင်ရဲ့ အဓိကကျတဲ့ အပိုင်းကို သန်စွမ်းဖြစ်ထွန်းတဲ့ မြေနေရာမှာရှိတဲ့  အပင်ကချည်း စုယူပြီး ဖော်စပ်ထားတယ်လို့ ဆိုပါတယ်။

အာနိသင်အနေနဲ့ကတော့ အသက်ရှည်စေတဲ့ စွမ်းအားကို ထူးခြားစွာ ပေးစွမ်းခြင်းပါ။ တရုတ်ဆေးပညာရှင်တွေအနေနဲ့ ယုံကြည်မှုတစ်ခုက သူတို့ဆီမှာ ဖြစ်ထွန်းနေတဲ့ တရုတ်ဆီးသီးဟာ အမျိုးသမီးရောဂါတွေအတွက်လည်း သက်သာပျောက်ကင်း စေကြောင်းပါပဲ။ ဆီးပင်က အပွင့်တွေကို အလှကုန်တွေမှာ ထည့်သွင်းပြီး အမျိုးသမီးများအတွက် အထူးစီမံထုတ်လုပ်ကြတယ်။ 
ဆီးပင်က ထုတ်လုပ်ထားတဲ့ အဆီနဲ့ စိတ်ငြိမ်စေခြင်း၊ ကြွက်သားများပြေလျော့စေခြင်း၊ နဗ်ကြောများတင်းမာမှုကို လျော့စေခြင်း၊ တက်ခြင်းမှကာကွယ်ခြင်း၊ အကောင်ကိုက် ဓာတ်မတည့်မှု အယားပြေစေခြင်း၊ ဆေးဖယောင်းချက်အဖြစ်နဲ့ အနာကျက်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိခံစားကြရပါတယ်။ အားအင်ပြည့်ဖြိုးစေနိူင်စွမ်းလည်း အပြည့်ရှိနေပါတယ်။ 

ဝမ်းချုပ်ခြင်း
Constipation

ဆီးသီး

ဝမ်းချုပ်သူများအတွက် ထိရောက်တဲ့ ဝမ်းပျော့ဆေးသဖွယ် အကျိုးပြုနိူင်တာကို တွေ့ရပါတယ်။ ဆီးပင်မှာပါဝင်တဲ့ Cellulose အမျှင်များနဲ့ အချိုစာကို ကြေညက်စေသည့် Pectinခေါ် အင်ဇိုင်းတွေကြောင့် ဝမ်းပျော့သွားစေနိူင်တာပါ။ Cellulose ဟာ အူမကြီးထဲမှာ ကျန်နေတဲ့ မကြေညက်နိူင်တဲ့ အစာဟောင်းနဲ့ ပိုလျှံစာတွေကို ရွေ့စေနိူင်စွမ်းပေးပြီး Pectin အင်ဇိုင်းတွေကတော့ အူမကြီးနံရံမှာ သိုမှီးထားတဲ့ ရေတွေကို စုပ်ယူ၍ စုပုံကျပ်ခဲနေတဲ့ အစာဟောင်း အတုံးအခဲတွေကို ပျော့ပျောင်းသော မစင်ဖြစ်စေကာ အူမကြီးမှတစ်ဆင့် စွန့်ရလွယ်အောင် တွန်းအားပေးပါတယ်။ ဒါကြောင့် ဝမ်းအလွန်ချုပ်တဲ့ လူနာတွေဟာ ဆီးသီးခြောက်လုံးမှ ရှစ်လုံးထိ နေ့စဉ်မှန်မှန်သာ စားပေးသွားလျှင် ဝမ်းပျော့ဝမ်းမှန်ပြီး ကျန်းမာစွာ နေသွားနိူင်တာကို တွေ့ရပါမယ်။ 

အစာမကြေခြင်း
Indigestion

ဆီးသီး

ဆီးသီးအတွင်း မယ်လ်ကာလိုင်းဓာတ် တုံ့ပြန်မှုစွမ်းအားဟာ အစာတွေကို ကြေညက်စေဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် အစာမစားမီဆီးသီးကို ကြိုတင်စားပေးထားလျှင် ထိရောက်စွာ အကျိုးဖြစ်ထွန်းစေပါတယ်။ ဆီးသီးဖြင့် ပြုလုပ်ထားတဲ့ ဆီးယိုတစ်မျိုးဟာ အစာကြေနိူင်စွမ်းသာမက အပူအပုပ်တွေကိုပါ ကြေညက်စေနိူင်စွမ်းရှိပါတယ်။

သွေးအားနည်းခြင်း
Anaemia

ဆီးသီး

ဆီးသီးရဲ့စွမ်းအင်ဟာ သွေးအားနည်းသူများအတွက်လည်း ထက်မြက်ပါတယ်။ သွေးအားနည်းရောဂါ ပျောက်ကင်းစေနိူင်တဲ့ အကောင်းဆုံး အစားအစာတစ်မည်ပဲ ဖြစ်ပါတယ်။ ဆီးသီးမှာ ပါဝင်တဲ့ အနည်းငယ်မျှသော ကြေးနီသတ္တုဓာတ်တွေဟာ ခန္ဓာကိုယ် အတွက် လိုအပ်သလောက် သံဓာတ်တွေကို ပိုပွားစေနိူင်စွမ်းရှိတယ်လို့ Dr.Whipple နဲ့ Dr.Robschit Robbin တို့က ဆိုပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရတော့ ဆီးသီးကို အလွန်အကျွံမဖြစ်စေဘဲ မှန်မှန်သင့်တင့်ရုံ ချင့်ချိန်စားပေးရင် သွေးအတွင်း ဟေမိုဂလိုဗင် ထုတ်လုပ်မှု တိုးပွားလာပြီး သွေးအားနည်းရောဂါကိုပါ ပျောက်ကင်းစေနိူင်တယ်လို့ ဆိုပါတယ်။ 

ဖျားနာခြင်း
Fevers

ဆီးသီး

ဖျားနာစဉ်ကတော့ လတ်ဆတ်သန့်ရှင်းတဲ့ ဆီးသီးများကို ဂလူးကို့စ် သို့မဟုတ် ပျားရည်နဲ့ဖျော်သောက်ပေးရင် ဝမ်းတွင်းအေးပြီး ကိုယ်ပူကျလာပါတယ်။ ရေငတ်ခြင်းကို ပြေစေပြီး ခန္ဓာကိုယ်တွင်းက မလိုလားအပ်တဲ့ ဘေးထွက်ပစ္စည်းတွေကိုလည်း ထုတ်ပယ် ပစ်နိူင်စွမ်းရှိပါတယ်။ ဆီးဖျော်ရည်ဟာ မျက်စိအမြင်ကို ကြည်လင်စေတဲ့အပြင်  အစာအိမ်၊ အသည်း၊ နှလုံး နှင့် အာရုံကြောများအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ 

အရေပြားရောဂါ 
Skin Disease

ဆီးသီး

လတ်ဆတ်သန့်ရှင်းတဲ့ ဆီးရွက်သတ္တုရည်ဟာ အရေပြားရောဂါ အမျိုးမျိုးကို ပျောက်ကင်းစေနိူင်ပါတယ်။ အထူးသဖြင့် နေလောက်ကွက်များ၊ အရေပြားယားယံခြင်း၊ ဝဲနာဝဲခြောက် ယားခြင်းနှင့် နှင်းခူရောဂါများကို လိမ်းပေးနိူင်ပြီး မှန်မှန်အသုံးပြုသွားလျှင် သိသာစွာ ရောဂါပျောက်ကင်းစေပါတယ်။ အဆိပ်ပြေစေနိူင်စွမ်းရှိတဲ့အတွက် ကင်းကိုက်လျှင် ဆီးရွက်သတ္တုရည်ကိုသာ ညှစ်ခါ လိမ်းပေးပါ။ 

သွေးဆုံးမီးယပ်
Menopause

ဆီးသီး

ဆီးသီးကို သွားရေစာအဖြစ် စားသုံးကြသလို ထမင်းစားအပြီး အချိုတည်းစာအဖြစ်လည်း စားလေ့ရှိကြပါတယ်။ ဆီးသီးမှည့် အခြောက်တွေဟာ အစာကို ကြေညက်လွယ်စေရုံသာမကဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အပူစွမ်းအင်ကိုလည်း ပြန်လည်ဖြည့်တင်း ပေးပါတယ်။ ဆီးသီးကို အစို အခြောက် နှစ်မျိုးလုံးယိုထိုးစားကြပါတယ်။ ယို၊ ဂျယ်လီ၊ မာမလိတ်အပြင် သကြားရည်စိမ်၊ ဆားရည်စိမ် စည်သွတ်ခြင်းစသည့်ဖြင့် အမျိုးမျိုးပြုပြင်စားသုံးကြသေးတာတွေ့ရပါတယ်။ မြန်မာနိူင်ငံမှာတော့ အလုံးလိုက်သာမက အစေ့ထုတ် အမှုန့်ကြိတ်ပြီး ဆီးယိုဆီးပြားလုပ်စားကြပါတယ်။ နှလုံးတုန်၊ ရင်တုန်သူများဆီးယိုစားပေးပါက ပျောက်ကင်းပါတယ်။ ဆီးယို အမြဲ စားသုံး သူဟာ မီးယပ်သွေးဆုံးမကိုင်ပါဘူး။ မီးယပ်ရောဂါမှန်သမျှ ကင်းစေတဲ့ အမျိုးသမီးသက်စောင့်ဆေးပါပဲ။ 

မြန်မာ့ဆေးကျမ်းအလို 

မြန်မာ့ဆေးကျမ်းအလိုအရတော့ ‘ဆီး၏ တေဇာ၊ အရသာကို၊ သေချာကုန်စင်၊ မော်ကွန်းတင်လိမ့်၊ ကိုယ်တွင်အပူ၊ သည်းခြေဆူက၊ ရူးသူတစ်ခန်း၊ သလိမ်ဝမ်းနှင့်၊ ပိတ်ဝမ်းတစ်ထွေ၊ သလိပ်ကြေအောင်၊ ပေးလေဆီးပင်၊ ရောဂါစင်၏’ လို့ ဓာတုရသလေးစောင်တွဲမှာ ဖော်ပြထားပါတယ်။ 

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts