သစ်ပင်စိုက်ပါ

သစ်ပင်စိုက်ပါ (Part 1)

လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက နာမည်ကြီးဆက်သွယ်ရေး ကုမ္မဏီကြီးတစ်ခုဟာ အင်တာနက်… ဆက်သွယ်ရေးတာဝါတိုင်တွေထောင်ဖို့ ကျွန်မတို့အိမ်ကို မက်လောက်စရာ ငွေကြေးပမာဏတစ်ခုပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။

ကျွန်မတို့အိမ်မှာက အတော်ကျယ်တဲ့ ခေါင်မိုး Roof Top ရှိပါတယ်။ ဒီခေါင်မိုးပေါ်မှာ ကျွန်မတို့ ဧည့်ခံပွဲတွေ ဘာတွေလုပ်ကြတယ်။ ဘုရားကိုမြင်ရတာကြောင့်… တစ်ခါတစ်ခါ ခေါင်မိုးပေါ်တက်ပြီး ဘုရားရှိခိုးတယ်…။

အခုနောက်ပိုင်းတော့ မိုးတွေရွှဲနေအောင် ရွာထားတဲ့အချိန်တွေကလွဲလို့ ညနေတိုင်း ခေါင်မိုးပေါ်တက်တယ်…။ လမ်းလျှောက်တယ်…။ တိမ်တွေကို ကြည့်တယ်…။ ခွေးလေးတွေနဲ့ ဆော့တယ်။ ဟိုတွေး ဒီတွေး… တွေးတယ်…။ ဒီနေရာလေးဟာ ကျွန်မအတွက် အသက်ဖြစ်လာတယ်။

အဲဒီတာဝါတိုင်ထောင်ဖို့ကိစ္စ ဖြစ်လာတုန်းက… လက်ခံလိုက်ဖို့ကို စဉ်းစားမိခဲ့သေးတယ်…။ ကုမ္မဏီကလူတွေအိမ်ကိုလာကြည့်ပြီး ဟိုနားကိုထိုးဖောက်…၊ ဒီနေရာမှာ… အမှတ်… မှတ်သွား…၊ စည်းကမ်းမရှိ…၊ တာဝန်မသိ…၊ သူများ ပိုင်ဆိုင်နေထိုင်သော အိမ်ရယ်လို့ လေးစားမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် ကျွန်မအရမ်း စိတ်ဆိုးပြီး စာချုပ်ချုပ်ခါနီးကျမှ ငြင်းပယ်ခဲ့တယ်…။

အခု‌တော့…ကိုယ့်ရဲ့ Easement သက်သောင့်သာယာနေရာထိုင်ခင်းလေး တစ်ခုကို ငွေနဲ့ရောင်း မစားမိခဲ့တာကိုဘဲ… ကံကောင်းလိုက်တာလို့တွေးရင်း… ကျေးဇူးတင်နေခဲ့မိတယ်။

Physical and Environment Aspects ရုပ်ပိုင်းဆိုင်ရာ… ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေဟာ… ကျွန်မတို့ရဲ့စိတ်ကို ပြောင်းလဲသွားဖို့ အများကြီး အထောက်အကူပြုတယ်…။

အမြဲထိုင်နေကျအိမ်ထဲမှာ ထိုင်မနေဘဲနဲ့ အနီးအနားမှာရှိတဲ့ ပန်းခြံကလေးတစ်ခုကို သွားမယ်ပေါ့…။ လမ်းကလေးတစ်ခုမှာ လမ်းလျှောက်မယ်ပေါ့။

တချို့နေရာလေးတွေမှာ… သဘာဝအတိုင်း သူ့အလိုလို… လှပနေတဲ့ လမ်းကလေးတွေ ရှိတတ်ကြတယ်။ ဘေးနှစ်ဖက်စလုံးမှာ သစ်ပင်တွေ…နွယ်ပင်တွေ… အလေ့ကျပေါက်ပင်လေးတွေနဲ့…။ လမ်းကြည့်တော့လည်း မြေနီလမ်းကလေး…။ သူအလိုလိုစိမ်းမြလှပ၊ တိတ်ဆိတ် ငြိမ်းချမ်းမှုကလေးရှိနေတယ်…။

ကျွန်မတို့အိမ်နားမှာဆိုရင် ရေကန် တစ်ကန်ရှိတယ်။ ကန်ပတ်လမ်းလေးကလည်း သာသာယာယာ ဖြောင့်ဖြောင့်ဖြူးဖြူးကလေး ရှိတယ်။ တစ်ခါတလေ အဲဒီရေကန်ဘေးက လမ်းကလေးမှာ လမ်းသွားလျှောက်တတ်တယ်…။

ကိုယ့်အိမ်နေရာ… အလုပ်နေရာပတ်ဝန်းကျင်က ဒီလိုသာယာတဲ့နေရာမျိုးလေးတွေကို အညောင်းပြေအညာပြေ လမ်းလျှောက်ရင်း ငှက်ကလေးတွေကို အစာသွားကျွေးမယ်…။

ထိုင်လို့ရတဲ့ သစ်ပင်အောက်ကလေးလို၊ ရေကန်စပ်ကလေးလို…၊ မြက်ခင်းလေးလိုမျိုး…ရှိရင် ခဏထိုင်ပြီး ဟိုတွေး ဒီတွေး လုပ်မယ်…။ သီချင်းကလေးတစ်ပုဒ်နားထောင်မယ်…။ တရားမှတ်မယ်…။ လေးတိုးသံ… ငှက်သံလေးတွေကို နားထောင်မယ်…။ မိုးနံ့လေးတွေကို ရှူရိုက်မယ်…။ တိမ်တွေကို ကြည့်မယ်…။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> သစ်ပင်စိုက်ပါ (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts