သင်

သင် ယနေ့ စွမ်းအားပြည့်လုပ်ကိုင်သူတစ်ဦးဖြစ်ပါစေ

(Be a Good One today)

သင် သည် သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ သင့်ဖောက်သည်များ၊ သို့မဟုတ် နိုင်ငံသားများအပေါ် တိုက်ရိုက်သက်ရောက်မှု မည်သို့ရှိသည်ကို စဉ်းစားမိပါသလား။ ရဲအရာရှိများ၊ မီးသတ်သမားများ၊ သို့မဟုတ် ဆရာ၊ ဆရာမများစသည့် အလုပ်အကိုင်လုပ်သူများအဖို့ သူတို့အလုပ်နှင့် သက်ရောက်မှုကို လွယ်ကူစွာ ဆက်နွှယ်နိုင်သည်။ သို့သော် ကျန်နေသည့်အခြားအလုပ်သမားများအတွက်ရော။

 ရေဆိုးပိုက်အလုပ်သမားများ၊ အမှိုက်သိမ်းသမားများရော။ ကျွန်မတို့ ရေသန့်လိုအပ်သည်။ အမှိုက်များကို ဘယ်တော့မှမသိမ်းလျှင် ဘာဖြစ်မည်နည်း။ ဘဏ္ဍာရေးနှင့် စာရင်းကိုင်ဝန်ထမ်းများရော။ ကျွန်မတို့အားလုံး  အချိန်တန်လျှင် လစာလုပ်ခ တိတိကျကျ ရလိုကြသည်။ အလုပ်လုပ်သည့် အကြောင်းရင်း နံပါတ် ၁ ပင် ဖြစ်သည်။ မိတ္တူကူးစက် အရောင်းကိုယ်စားလှယ်ရော မိမိအလုပ်၏ သက်ရောက်မှုကို စဉ်းစား နေပါသလား။ ကျွန်မတို့ နေ့စဉ်၊ သို့မဟုတ် တစ်ပတ်အတွင်း မိတ္တူ တစ်ခုခုမကူးဘဲ  မနေနိုင်ဟု ကျွန်မပြောရဲသည်။

မကြာမကြာ လူများက “ကျွန်တော် ဘာဂါကင်တဲ့အလုပ်တော့လုပ်မနေရပါဘူး” ဟု ပြောသည်ကို ကြားရသည်။ ဘာဂါကင်ရခြင်းတွင် ဘာအားနည်းချက် ရှိသနည်း။ ကျွန်မ အနည်းဆုံး တစ်ပတ်တစ်ကြိမ် ကျွန်မ မိသားစုနှင့် ကားထဲ၌ထိုင်ရာမထ စားနိုင်သော ဘာဂါဆိုင်သို့ သွားလေ့ရှိသည်။ ကျွန်မတို့အတွက် အရေးကြီးသော လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်သဖြင့် ကျွန်မတို့သည်သွားသည့်နေ့တွင် အကင်ကိုင်တွယ်သည့် ဝန်ထမ်း၏ ကျွမ်းကျင်မှုသည် အရေးကြီးပါသည်။
ဆိုလိုရင်းကို သိပါသလား။

သင် နက်နဲစွာ တူးဖော်ရှာဖွေလျှင် ပိုမိုကျယ်ဝန်းသော သင့်ပတ်ဝန်းကျင်၌ သင် မည်သို့ထည့်ဝင်နေသည်ကို တွေ့ရှိမည်။

ယင်းသည် မိုးကောင်းကင်မှ ပိုင်မုန့်ညက်နှင့်တူသည်ဆိုပြီး ဆန့်ကျင်မှုမပြုလုပ်ပါနှင့်။ လုပ်ခလစာရရန်အတွက်သာ အလုပ်လုပ်ခြင်းမဟုတ်ဘဲ သင့်ဘဝပေးတာဝန်ကို ရှာတွေ့ရန်မှာ အခရာကျသည်။ သင့်အလုပ်သည် သင့်အဖွဲ့အစည်းအပေါ် သက်ရောက်မှု မည်သို့ရှိသည်၊ ထိုမှတစ်ဆင့် သင်အလုပ်လုပ်သည့်မြို့တော်အပေါ် မည်သို့သက်ရောက်မှုရှိသည်၊ ထို့နောက် သင့်ပြည်နယ်၊ ကမ္ဘာတစ်ဝန်း စသည်ဖြင့် တွေးကြည့်ပါ (ကျွန်မ အကျယ်ချဲ့လွန်းရာကျနေပါသလား)။

သင့်အလုပ်အတွက် သင်ကံကောင်းသည်ဟု မခံစားရလျှင်လည်းကောင်း၊ အခြားလူများ၏ဘဝကို ပိုမိုကောင်းမွန်အောင် ထည့်ဝင်ပေးနိုင်သည်ဟု သင်စိတ်ကျေနပ်မှု ပုံမှန်မရလျှင်လည်းကောင်း ကျွန်မအကြံပြုလိုသည်မှာ သင် ယခုမှ စတင်ပြီး တူးဖော်ရှာဖွေပါ။ (စကားမစပ် မြောင်းတူးသမားများကို မမေ့ပါနှင့်။ သူတို့မရှိလျှင် ကျွန်မတို့ မည်သို့ လုပ်မည်နည်း)။

မြနှင်းဆီ ဘာသာပြန်သော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားသည်။

Related Posts