တေမိယ

တေမိယ ဇာတ်တော်ကြီး

တေမိယ ဇာတ်တော်သည် ဇာတ်ကြီးဆယ်ဘွဲ့အနက် ပထမဦးဆုံးဘဝဖြစ်စဉ် မှတ်တမ်းဝင်သော ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် မဟာဘိနိက္ခမ ပါရမီတော်ကို အကြောင်းပြု၍ ဂါထာပေါင်း ၁၂၁ဂါထာခွဲတို့ဖြင့် တန်ဆာစီခြယ်သော တေမိယဇာတ်တော်ကို ဟောတော်မူသည်။ ဤတေမိယဇာတ်တော်ကြီးကို မင်းဘူးမြို့လသာကျောင်းတိုက်၌ သီတင်းသုံးသော မင်းဘူးဦးသြဘာသ အရှင်သူမြတ်သည် ဒါယိကာမောင်ဝက အဖန်တလဲလဲ တောင်းပန်အပ်သည် ဖြစ်၍ မြန်မာစကားပြေသတ်သတ်ဖြင့် ပြုစုရေးသားရာ  မြန်မာသက္ကရာဇ် ၁၁၄၈ခုနှစ် တပို့တွဲလဆန်း၁၁ရက်နေ့တွင် ပြီးမြောက်သည်။
ထိုတေမိယဇာတ်တော်မှာအောက်ပါအတိုင်းဖြစ်သည်။
    ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည် ကာသိတိုင်းကို အစိုးရသောကြောင့် ကာသိကရာဇ် အမည်ရှိသော မင်းသည်မင်းပြု၏။ ထိုမင်း၏ မိဖုရားကား မဒ္ဒရာဇ်တိုင်း သာဂလပြည် မဒ္ဒရာဇ်မင်းကြီး၏ သမီးတော် စန္ဒာဒေဝီဖြစ်သည်။ ထိုမိဖုရားကြီးမှစ၍ မင်းမောင်းမအပေါင်းတို့တွင်တစ်ယောက်သောမိဖုရာမောင်းမတို့ကမျှ သားသမီးမထွန်းကားကြပေ။ ထို့ကြောင့်ဗာရာဏသီပြည်သူပြည်သား အပေါင်းတို့သည် ထီးမွေနန်းမွေကို ဆက်ခံရန် သားဆုကို တောင်းပါမည့်အကြောင်း မင်းရင်ပြင်၌ အညီအညွတ်စည်းဝေး၍ ကာသိကရာဇ်အား လျှောက်ထားကြကုန်သည်။ ထို့ကြောင့်မင်းကြီး၏ တစ်သောင်းခြောက်ထောင်သော မောင်းမအပေါင်းတို့သည် မိမိတို့ကိုးကွယ်ရာနတ်တို့ကို ပူဇော်တင်ကိုး၍ သားဆုကိုတောင်းကြကုန်၏။ သို့ရာတွင် စန္ဒာဒေဝီမိဖုရားကြီး၌သာလျှင် သားဆုပန်သည့် အလိုတော်ပြည့်၍ တေမိယဟူသော အလောင်းတော်မင်းသားသည် ဖွားမြင်လေသည်။
    တစ်နေ့သ၌ မင်းကြီးသည် တစ်လသားငယ်ကို မိဘတို့၏ချစ်ခြင်းမေတ္တာ အဟုန်ဖြင့် ရင်ခွင်၌ထား၍ မုတ်တံခါးနန်းရင်ပြင် သဘင်တော်ထီးဖြူရိပ်မှာ စိတ်နှစ်လုံးချမ်းမြေ့စွာ နေလေသည်။ ထိုအခါမင်းချင်းတို့သည် ခိုးသူလေးယောက်ကို ချီနှောင်၍ မင်းကြီးအားဆက်လာလေ၏။ ထိုအခါ မင်းကြီးလည်းခိုးသူတို့ကို အများကြောက်ရွံ့ထိန့်လန့်အောင် ထင်ရှားစွာ စီရင်ဟုဆိုတော်မူ၏။ ထိုသို့ကြောက်မက်ဖွယ်ဆိုသော မင်းကြီးစကားကို တစ်လသားအရွယ် မင်းသားငယ် ကြားသိလေသော် ရှေးဘဝက ဗာရာဏသီပြည်ဝယ် အနှစ်နှစ်ဆယ်မင်းပြုခဲ့သည့် အဖြစ်ကြောင့်နှစ်ပေါင်းရှစ်သောင်းမျှ ငရဲသို့လားခဲ့ရသည်ကို ပါရမီအလျောက် ပြန်ပြောင်းအောက်မေ့မိ၍ မင်းပြုရမည့် အခြင်းအရာကို များစွာတုန်လှုပ်မိလေသည်။
    ထိုအခါ ရှေးက အမိဖြစ်ခဲ့ဖူးသူ ထီးဖြူတော်စောင့် နတ်သမီးသည် တေမိယမင်းသားအား ဆွံ့၊ အ၊ နားပင်း၍ လူခြင်းမတူသော ကာလကဏ္ဏီကဲ့သို့ ဟန်ဆောင်၍နေရန် အကြံပေးလေသော် တေမိယမင်းသားသည် ထိုအကြံအတိုင်း တစ်ပါးသောသူငယ်များကဲ့သို့မငို၊ အလိုအလျောက်လက်ခြေတို့လည်း မယူမသိမ်း၊ မှိန်းမှိန်းရှက်ရှက် အိပ်စက်မွေ့ခြင်းလည်းမရှိ။ နား၊ မျက်စိတူရူ အမြှူအဖျော် မေးခေါ်ငြားလည်း မကြားယောင်သဖွယ် တိမ်းဘက်လှည့်၍ မကြည့်ရှု၊ ပြုစုထိန်းသူတို့ထားတိုင်းသော ခြေလက်မျက်နှာ ဣရိယာပတ်ဖြင့်သာလျှင် အင်္ဂါသုံးတန်ကို အဓိဋ္ဌန်မြဲစွာနှင့် ပါရမီဖြည့်တော်မူ၏။
    ထိုသို့ မင်းသားမတုန်မလှုပ်နေကြောင်းကို အထိန်းတော်တို့သိလတ်သော် မင်းကြီးအားလျှောက်ထားပြီးလျှင် သုခမိန်တို့ဖြင့်တိုင်ပင်၍ တစ်နှစ်အရွယ်၌ နို့ရည်ဖြင့်အလိုစမ်းခြင်း၊ နှစ်နှစ်အရွယ်၌ မုန့်ခဲဖွယ်ဖြင့် အလိုစမ်းခြင်း၊ သုံးနှစ်အရွယ်၌ သစ်သီးဖြင့်အလိုစမ်းခြင်း၊ လေးနှစ်အရွယ်၌ ကစားဖွယ်ဖြင့်အလိုစမ်းခြင်း၊ ငါးနှစ်အရွယ်၌ ဘောစဉ်ဖြင့်အလိုစမ်းခြင်း၊ ခြောက်နှစ်အရွယ်၌ မီးဖြင့်အလိုစမ်းခြင်း၊ ခုနှစ်အရွယ်၍ ဆင်ဖြင့်အလိုစမ်းခြင်း၊ ရှစ်နှစ်အရွယ်၌ မြွေဖြင့်အလိုစမ်းခြင်း၊ ကိုးနှစ်အရွယ်၌ ကချေသဘင်ဖြင့်အလိုစမ်းခြင်း၊ တစ်ဆယ့်တစ်နှစ်အရွယ်၌ ခရုသင်းဖြင့်အလိုစမ်းခြင်း၊ တစ်ဆယ့်နှစ်နှစ်အရွယ်၌ စည်းကြီးဖြင့်အလိုစမ်းခြင်း၊ တစ်ဆယ့်သုံးနှစ်အရွယ်၌ ဆီမီးဖြင့်အလိုစမ်းခြင်း၊ တစ်ဆယ့်လေးနှစ်အရွယ်၌ တင်လဲဖြင့်အလိုစမ်းခြင်း၊ တစ်ဆယ့်ငါးနှစ်အရွယ်၌ မစင်ဖြင့်အလိုစမ်းခြင်း၊ တစ်ဆယ့်ခြောက်နှစ်အရွယ်၌ မီးမယ်ဖြူးဖြင့်အလိုစမ်းခြင်း၊ တစ်ဆယ့်ခုနှစ်နှစ်အရွယ်၌ ကချေသည်ဖြင့်အလိုစမ်းခြင်းဟူ၍ မင်းအမတ်တို့သည် တေမိယမင်းသား၏ အလိုကိုသိရအောင် ဆယ့်ခုနှစ်ကြိမ်တိုင်တိုင် အလိုစမ်းကြကုန်၏။ သို့ရာတွင် အမှန်ကို မလျှောက်ထားနိုင်ကြောင်း သိရသော် မင်းကြီးသည် ပုရောဟိတ် ပုဏ္ဏားတို့အား ခေါ်ယူမေးမြန်းရာ ပုရောဟိတ်တို့သည် တေမိယမင်းသာအား ကျက်သရေမရှိသည်ဖြစ်၍ အမင်္ဂလာအင်္ဂါချို့ယုတ်သော မြင်းရထားသည် တင်စေ၍ သုဿန်တစပြင်၌ မြှုပ်နှံသဖြင့် ဖျောက်ရန်သင့်မည်ဟု ဓမ္မဝတ်ကို မငဲ့ကွက်ပဲ လျှောက်ထားကြသည်။
    ထိုအခါ မယ်တော် စန္ဒာဒေဝီမိဖုရားကြီးသည် ရှေးအခါက မိမိလိုရာခွင့်တောင်းစေဟူသော အမိန့်ကို မင်းကြီးထံမှ ကတိရရှိပြီးသည်ဖြစ်သည့်အတိုင်း သားတော်တေမိယမင်းသားအား အသက်ချမ်းသားစိမ့်သောငှာ သားတော်အား ထီးမွေနန်းမွေပေးအပ်ရန် တောင်းဆိုလေ၏။ မင်းကြီးငြင်းလတ်သော် မိဖုရားလည်း တသက်တာမျှ မင်းအဖြစ်မရလျှင် ခုနနှစ် သို့တည်းမဟုတ် ခုနစ်လ၊ ခြောက်လ၊ ငါးလ၊ လေးလ၊ နှစ်လ၊ တစ်လ၊ ဆယ့်ငါးရက်၊ ခုနစ်ရက် စသည်ဖြင့် တက်နိုင်သမျှဆုကို ရလေအောင်လျှောက်ထားရာ နောက်ဆုံး၌ တေမိယမင်းသားအား ခုနစ်ရက်ထီးနန်းအပ်လေ၏။ ဤခုနစ်ရက် ထီးနန်းစိုးစံနေစဉ် မယ်တော်စန္ဒာဒေဝီမိဖုရားသည် တေမိယမင်းသားအား စကားပြောပါရန်တောင်းပန်သည်။ သို့သော်လည်း တေမိယမင်းသားသည် မယ်တော်တစ်ယောက်ကို မထောက်မထားသနားခြင်း မရှိလေဟန်ဖြင့် အဓိဋ္ဌာန်မပျက်ရအောင် မတုန်မလှုပ်သာလျှင်နေတော်မူသည်။
    ထို့ကြောင့် ခုနစ်ရက်မြောက်သောနေ့တွင် ရထားမူးသည် တေမိယမင်းသားအား မြေတွင်မြှုပ်အံ့ဟု သုဿန်သို့ ထုတ်လေသည်။ ထိုအခါမှ တေမိယမင်းသားသည် “ငါ့ကား အထက်ပညာစွမ်း၊ ကိုယ်စွမ်းကို ဖုံးလွှမ်းမြှုပ်တိမ် အချိန်အခါ မဟုတ်သဖြင့် ထုတ်ပြုခြင်းမပြု၊ ယခုမူကား ပညာနှင့် ကိုယ်အားကို ထင်ရှားစွာ ထုတ်ပြသင့်သောအခါ ရောက်ပြီ” ဟုယူဆလျက်၊ ရထားမှ မြေသို့ဆင်းသက်ပြီးလျှင် အဝတ်တန်ဆာတို့ကို ဝတ်ဆင်ရန်တောင့်တတော်မူလေ၏။ ထိုတောင့်တချက်အရ ဝိသကြုံနတ်သားက သိကြားမင်းကိုယ်စား ဝတ်လဲတော်ကို ဆက်သရာ ထိုဝတ်လဲတော်ကို ဝတ်၍ ရထားမူး သုနန္ဒာနှင့် စကားဆိုတော်မူ၏။ ဘုရားလောင်းတေမိယမင်းသားသည် ရထားမူးအား အဆွေခင်ပွန်းတို့အား မပြစ်မှားထိုက်ကြောင်း မိတ္တပူဇာဒေသနာ ဆယ်ဂါထာဖြင့် တရားဓမ္မဟောပြသည်တွင် ရထားမူးသည် တေမိယမင်းသား၏ အဖြစ်သနစ်ကိုသိ၍ နေပြည်တော်သို့ ပြန်ပြီးလျှင် မင်းပြုတော်မူပါရန် လျှောက်ထားလေသည်။
    တေမိယမင်းသားကား မင်းအဖြစ်ကို စွန့်၍ ရဟန်းပြုလျက် ချမ်းသာစွာနေမည်ကို ပြောပြ၍ ခမည်းတော်၊ မယ်တော်၊ ဆွေမျိုးတော်တို့အား ကန်တော့လိုက်ကြောင်းကိုု မှာကြားကာ ရထားမူးကို နေပြည်တော်သို့ လွှတ်လေသည်။ ရထားမှူးလည်း နေပြည်တော်သို့ရောက်၍ အကြောင်းစုံကို လျှောက်ထားလေသော် မယ်တော်၊ ခမည်းတော်တို့သည် ရဟန်းအဖြစ်သို့ ရောက်ပြီးသော တေမိယမင်းသားထံသို့ ကိုယ်တိုင်လိုက်လာကြပြီးနောက် တေမိယမင်းသားအား မင်းအဖြစ်ကိုယူပါရန် တောင်းပန်လတ်သော် တေမိယမင်းသားသည် တောထွက်ခြင်း၏အကျိုးကိုပြ၍ တရားဓမ္မဟောကြားသည်တွင် မယ်တော်၊ ခမည်းတော်မှအစ ဗာရာဏသီ တစ်ပြည်လုံးသည် ဥစ္စာ၊ စည်းစိမ်ဟူသမျှတို့ကို စွန့်လွှတ်၍ တောထွက်ကာ ရဟန်းပြုကြလေသည်။ ထိုမှတစ်ဖန် ဗာရာဏသီ ပြည်သူပြည်သားတို့ ရဟန်းပြုကြသည်ဟူသော သတင်းကို ကြားသိရသော် အနီးအနားရှိ ခုနစ်ပြည်ထောင် မင်းအပေါင်းတို့လည်း တောထွက်၍ ရဟန်းပြုကြလေကုန်သည်။

10 Previous Life Of Buddha Edited By Buddha Knowledge Application

Related Posts