သင်ဘာဖြစ်ဖြစ်

သင်ဘာဖြစ်ဖြစ် ကျွမ်းကျင်လိမ္မာစွာဖြစ်ပါ

(Whatever you are, be a good one)

အလုပ်ဆိုသည်မှာ ပုံမှန်လုပ်ခ၊ လစာရသည့်လုပ်ငန်းတစ်ခုသာ မဟုတ်ပါ။ ထိုအလုပ်သည် လူမူရေးပွဲခင်းအဖြစ်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုအတွက် ကစားကွင်းအဖြစ်လည်းကောင်း၊ အုပ်စုကုထုံးအဖြစ်လည်းကောင်း၊ မိမိကိုယ်ကိုနားလည်ရန် အကောင်းဆုံးတန်ဆာပလာအဖြစ်လည်းကောင်း စွမ်းဆောင်သည်။ အလုပ်ပြုတ်ဖူးသူ မည်သူမဆို ယင်းသိသာသည့် စိတ်ဖိစီးမှုသည် နာကျင်သော်ငြားလည်း သူ့အတွက်အကောင်းဆုံး လေ့လာသင်ယူမှု အတွေ့အကြုံကိုပေးသည်ဟု ပြောပြလိမ့်မည်။ ပို၍အရေးကြီးသည်ဟု ဆိုကောင်းဆိုနိုင်သည်မှာ ကျွန်မတို့ လုပ်ငန်းခွင်တွင် စိတ်မချမ်းမြေ့လျှင် အိမ်တွင်လည်း စိတ်မချမ်းမြေ့ပါ။ ကျွန်မတို့ အလုပ်တွင် ပျော်မွေ့နေလျှင် အလုပ်မလုပ်နေသည့် အချိန်၌ပင် ထိုပျော်မွေ့မှု ခံစားချက်ကို မိမိပတ်ဝန်းကျင်သို့ ဖြန့်ကြက်သည်။

လူများသည် လူသားတို့ဖြစ်တည်မှု၏ အရေးကြီးဆုံး ရှုထောင့်နှစ်ခုဖြစ်သည့်အလုပ်နှင့် အချစ်ကို မခွဲထုတ်နိုင်ကြပါ။ တစ်ခုကို ထိခိုက်လျှင် နောက်တစ်ခုကိုလည်း ထိခိုက်သည်။ သင်သည် တစ်နေ့လျှင် အလုပ်ချိန် (အနည်းဆုံး) ရှစ်နာရီ ရှိသည်။ သင် လုပ်ခလစာရ၍ လုပ်ခြင်းမှန်သော်လည်း ထိုအချက်သည် သင့်ကို ထုတ်လုပ်မှုစွမ်းအား မတက်စေသလို ကျေနပ်ရောင့်ရဲမှုလည်း မပေးပါ။ သင့်ကို တက်ကြွစေရန်၊ ဖိစီးမှု လွတ်ကင်းရန်၊ စေ့ဆော်မှုရှိရန်၊ ပျော်ရွှင်ရန်၊ သစ္စာရှိရန်၊ လုပ်ခလစာတစ်ခုတည်းက မစွမ်းဆောင်နိုင်ပါ။

ထိုသို့ဆိုလျှင် သင့်အား နေ့စဉ်နှင့်အမျှ စေ့ဆော်မှုရှိစေသည့်သော့ချက်မှာ အဘယ်နည်း။

သင့်အလုပ်သည် အခြားလူများ၏ဘဝကို အနည်းဆုံးတော့ပိုမိုလွယ်ကူစေသည်ဟု မခံစားရလျှင် တစ်ချိန်ချိန်တွင် သင်စိတ်ပျက်ပြီးနံရံနှင့်ခောင်း ဆောင့်ချင်လာမည်။ အတိုချုပ်ပြောရလျှင် သင့်အလုပ်ကို အဓိပ္ပာယ်ရှိစေလိုပါက အခြားလူများ၏အကျိူးအတွက် သင်ဘာလုပ်သနည်းဆိုသည့် ရှုထောင့်မှ ကြည့်ရမည်။ စေတနာ့ဝန်ထမ်း အလုပ်သဘောမျိုး ဖြစ်ပါသည်။ ကွာခြားချက်မှာ သင့် အလုပ်အတွက် သင်လုပ်ခလစာရပါသည်။

 ဥပမာ- ကျွန်မ၏ လေ့ကျင့်မှုသင်တန်းများတွင် ကျွန်မ၏ပို့ချချက်များကြောင့် ပါဝင်တက်ရောက်သူများ ပြန်သွားသည့်အခာ သူတို့ကို ပြောင်းလဲမှုအနည်းငယ်တော့ ဖြစ်စေသည်ဟု ကျွန်မ မျှော်လင့်ချက်ထားသည်။ ကျွန်မ၏ သီးသန့်ရည်မှန်းချက်မှာ သူတို့အလုပ်ဌာနများသို့ ပြန်သွားသည့်အခာ အလုပ်ခွင်မှလူများသည် မည်သို့ ခံစားလှုပ်ရှားကြသည်၊ ထိုသူတို့ကို တွန်းအားမည်သို့ပေးနိုင်သည်၊ မိမိအပါအဝင် လုပ်ဖော်ကိုင်ဖက်များထံမှ အကျိုးအမြတ် မည်သို့ရအောင်လုပ်မည်ဆိုသည်တို့ကို နားလည်သွားအောင် ပို့ချသည်။ သူတို့ကိုရရှိသွားသည့် ကျွမ်းကျင်မှုအသစ်များကို သူတို့လုပ်ငန်းခွင်များတွင် အသုံးချသည့်အခာ လုပ်ငန်းဖောက်သည်များ၊ နိုင်ငံသားများ၊ ထို့ပြင် သူတို့မိသားစုများပင် ဆက်စပ်အကျိုးခံစားရမည်။ ယင်းသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်သည်ဟု ထင်ပါသလား။ ဟုတ်ကောင်းဟုတ်ပါမည်။

သို့သော်လည်း ဤအလုပ်သည် ကျွန်မအား နံနက်ချိန်တွင် နှိုးစက်နာရီမြည်တိုင်း တစ်မှေးပြန်အိပ်ရန် ခလုတ်ကို ကိုးကြိမ်ခန့် ပြန်နှိပ်ခြင်းမျိုးမှ လွတ်ကင်းစေပါသည်။

Related Posts