ပြောင်းဖူး

ပြောင်းဖူး ၏ ဆေးဖက်ဝင်စွမ်းအင်

ပြောင်းဖူးပင်ဟာ ဂျုံနဲ့ ဆန်ပြီးရင် ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး စားပင်ပါ။ ကောက်နှံပင်တွေထဲမှာ အစေ့အားဖြင့် တစ်မူထူးခြားတဲ့ ပုံသဏ္ဍာန် ရှိနေပါတယ်။ အောင်မြင်တဲ့ ပြောင်းဖူး တွေဟာ အစေ့အဆန် အပြည့်ရှိနေပြီး အသားနူးညံ့ကာ အရသာလည်း အချိုကဲပါတယ်။ အချိုဓာတ် ပိုကဲတဲ့ ပြောင်းတစ်မျိုးကိုတော့ သကြားပြောင်းလို့ ခေါ်ပါတယ်။

ပြောင်းပင် စတင်တွေ့ရှိရာဒေသ
Origin & Distribution

ပြောင်းဖူး (Maize) ဆိုတဲ့ စကားဟာ Arawak-carib စကားလုံးဖြစ်တဲ့ mahiz ကနေ ဆင်းသက်လာပါတယ်။ ရှေးကျတဲ့ အမေရိက လူ့ယဉ်ကျေးမှုမှာ ပြောင်းဖူးကို အများအပြား စားသုံးခဲ့ကြတာတွေ သိခဲ့ရပါတယ်။ အထူးသဖြင့် အာဖရိကအလယ်ပိုင်းဒေသနဲ့ မက္ကဆီကိုဒေသတွေမှာ စပြီး တွေ့ရှိခဲ့ကြောင်း ယူဆရပါတယ်။ အဲသည်မှတစ်ဆင့် ကာဗိုဟိုက်ဒရိတ် ပြည့်ဝတဲ့ အစားအစာအဖြစ် အဓိကစားသုံးနိုင်တဲ့အတွက် ဆင်းရဲတဲ့နိုင်ငံတွေမှာ ပျံ့နှံ့စိုက်ပျိုးလာကြရာက တစ်ကမ္ဘာလုံးကို ပျံ့သွားပါတယ်။

အာဟာရတန်ဖိုး (Food Value) နှင့် သဘာဝအကျိုး (Natural Benefits)
ပြောင်းဖူး (Maize) ကို ရုက္ခဗေဒအမည်ရ Zea Mays လို့ ခေါ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် Indian Corn လို့ ခေါ်ပါတယ်။ ဟိန္ဒီဘာသာအရ Bhutta, Makka စသည်ဖြင့် အမည်ရပြီး သင်္သကရိက်ဘာသာအရ Yavanala ပါဠိလိုရေးရင် ယဝက လို့ ခေါ်ပါတယ်။ ပြောင်းဖူး ကို အာဟာရဓာတ် ပြည့်ဝတဲ့အတွက် အမှုန့်ပြုပြီး ပေါင်မုန့်လုပ်စားကြပါတယ်။ ပြောင်းဖူးပေါင်မုန့်ဟာ အစာကြေလွယ်တဲ့အတွက် ကလေး၊ လူကြီး မရွေး စားသုံးနိုင်တယ်။ ပြောင်းဖူးကနေ ထုတ်ယူရရှိတဲ့ dextrose သကြားဓာတ်ဟာ ဆေးဝါးအဖြစ် များစွာ အသုံးဝင်တာကို တွေ့ရှိရပါတယ်။

ပြောင်းဖူးမှာ ပါဝင်တဲ့ အာဟာရဓာတ်ကို ဓာတ်ခွဲကြည့်တဲ့အခါ စားလို့ရတဲ့အပိုင်း ပြောင်းစေ့ ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်အချိုးအစားကတော့ ရေဓာတ် ၁၄.၉%၊ ပရိုတင်း ၃.၆%၊ အဆီ ၁.၅%၊ အမျှင်ဓာတ် ၁.၅%၊ သတ္တုဓာတ် ၂.၇%၊ ကာဗိုဟိုက်ဒရိတ် ၆၆.၂% ဖြစ်ပြီး သတ္တုဓာတ်နဲ့ ဗီတာမင်ပါဝင်မှုကတော့ ကယ်လ်စီယမ် ၁၀ မီလီဂရမ်၊ ဖော့စဖရပ် ၃၈၄ မီလီဂရမ်၊ သံဓာတ် ၂ မီလီဂရမ်၊ ဗီတာမင်ဘီဒြပ်ပေါင်းစုံနဲ့ ဗီတာမင်အီးများ ပါဝင်ကြောင်း သိရပါတယ်။ ကယ်လိုရီတန်ဖိုးဟာ ၃၄၂ ကယ်လိုရီ ရှိပါတယ်။

ဝမ်းချုပ်ခြင်း
Constipation

ပြောင်းဖူးက ရတဲ့ ပြောင်းဖူးပေါက်ပေါက်ဟာ ဝမ်းချုပ်ခြင်းကို ကောင်းစွာ သက်သာပျောက်ကင်းစေတဲ့ ဆေးတစ်ပါးပါ။ ပြောင်းဖူးစေ့လေးတွေကို အပူပေးပြီး ရရှိတဲ့ ပေါက်ပေါက်ဟာ အစာကြေလွယ်တဲ့ သတ္တိလည်း ရှိပါတယ်။ ဒါကြောင့် ပေါက်ပေါက်ကိုစားရင် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းပျော့ဆေးသဖွယ် ဝမ်းသွားလွယ်စေပါတယ်။

အဝလွန်ခြင်း
Obesity

အဝလွန်သူအတွက် သင့်လျော်တဲ့ အစားအစာထဲမှာ ပြောင်းဖူးပေါက်ပေါက်လည်း ပါဝင်ပါတယ်။ ထောပတ်နဲ့ ဆားထည့်မထားဘဲ သဘာဝအတိုင်း ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်ကို အဝလွန်သူများ နှစ်သက်သလောက် စားနိုင်ပါတယ်။ ပြောင်းဖူးကို ပေါက်ပေါက် ဖောက်လိုက်တဲ့အခါ ပြောင်းဖူးမှာ လုံးဝ ကစီဓာတ်မရှိတော့တဲ့အတွက် ကိုယ်အလေးချိန် တိုးမလာဘဲ အာဟာရဖြစ်စေပါတယ်။

အားဖြည့်ဓာတ်စာ
Nutrition

အားနည်းပိန်ချုံးပြီး အာဟာရချို့တဲ့သူတွေကိုတော့ ပြောင်းဖူးမှုန့်နဲ့ ပေါင်မုန့်ဖုတ်ပြီး ကျွေးရင် အားဖြည့်ကျန်းမာပြီး ဝလွယ်စေပါတယ်။

သုက်ရည်ပွားစေခြင်း
အမျိုးသားများ ပြောင်းဖူးကို ပြုတ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ မကြာခဏ စားပေးပါက သုက်ရည်ကို ပွားစေပြီး ကျန်းမာသုခနဲ့ ပြည့်စုံစေပါတယ်။

အူအတွင်းပိုင်း ပြုစုခြင်း
ပြောင်းဖူးဟာ အူလမ်းကြောင်း ကျုံ့ရုံ့ပြီး အူလိုင်းထခြင်း (peristalsis) ဖြစ်နေတဲ့အခါ ပြောင်းဖူးမှာ ပါဝင်တဲ့ ရေဓာတ်ကို အူအတွင်းပိုင်းတစ်လျှောက် စုပ်ယူရရှိသွားတဲ့အတွက် အူအတွင်းမှာ အစာဟောင်းများ အလွယ်တကူ ရွေ့လျားနိုင်စွမ်းရှိအောင် ပြုပြင်ပြီးသား ဖြစ်သွားပါတယ်။

အသုံးပြုပုံ
ပြောင်းဖူးကို နည်းအမျိုးမျိုးနဲ့ ပြုပြင်စားသုံးလို့ ရပါတယ်။ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးဖုတ်၊ ပြောင်းဖူးကြော် စသည်ဖြင့် နှစ်သက်သလို စားသုံးနိုင်တယ်။ ပြောင်းဖူးကို ထောင်းပြီး ဟင်းအဖြစ် ကြော်ချက်တဲ့အခါ သကြား၊ နို့ဆီ၊ နွားနို့ထည့်ပြီး ခပ်ပျစ်ပျစ်ချက်ရင် အရသာထူးပြီး အားအင်ဖြစ်ထွန်းမှုမှာ လျင်မြန်ပါတယ်။ အစိမ်းသက်သက် ကြော်ချက်ရုံနဲ့ အားမရသေးဘဲ တာရှည်ထားပြီး စားလို့ရအောင် စည်သွပ်ဘူးလုပ် ရောင်းချကြတာကိုလည်း တွေ့နိုင်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts