သင်အနေကျမည့်အတွေးနေရာသစ်တစ်ခုရှာပါ

သင်အနေကျမည့်အတွေးနေရာသစ်တစ်ခုရှာပါ

(Get a new groove)


ကျွန်ုပ်တို့အတွေးများသည် အာရုံကြောလမ်းကြောင်းများ၊ သို့မဟုတ် ဦးနှောက်ထဲတွင် ပုံသေမြောင်းများဖန်တီးသည်ဟု အတည်ပြုသည့်အချက်အလက်များ လုံလောက်စွာ ရှိသည်။ ကျွန်ုပ်တို့အသေးစိတ် အချက်အလက်တစ်ခုအကြောင်း ပို၍တွေးလေ ထိုအတွေးသည် ဦးနှောက်ထဲတွင် ပို၍နက်ရှိုင်းသောချိုင့်မြောင်းတစ်ခုဖြစ်လာလေဖြစ်သည်။နောက်ဆုံးတွင် ထိုချိုင့်မြောင်းသည် ပင်ကိုစရိုက်၊ သို့မဟုတ် အလေ့အထတစ်ခု ဖြစ်လာပြီး ကျွန်ုပ်တို့၏အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။


သုတေသနပညာရှင်များက ဦးနှောက်ကို ဓာတ်ပုံရိုက်ယူနိုင်သည့်နည်းပညာကို အသုံးပြုပြီး အထက်ပါအကြောင်းအရာကို စူးစိုက်လေ့လာသည်။ စိတ်ရောဂါရှိသူများအကျိုးရှိနိုင်မည့်နည်းလမ်းကို ရှာဖွေခြင်းဖြစ်သည်။ လေ့လာချက်များအတွက် အုပ်စုသုံးစုခွဲပြီး (OCD- Obessive Compulsive Disorder) ဟုခေါ်သည့် လွန်ကျွံသောအာသာဆန္ဒမထိန်းနိုင်မှုကြောင့် စိတ်ဖောက်ပြန်သူများကို လေ့လာသည်။ ထိုအုပ်စုများ၏လုပ်ဆောင်ချက်နှင့်ရလဒ်များကို ဖော်ပြပါသည်။


(၁) ပထမအုပ်စုသည် ၂၁ ရက်တာအတွက် မည်သည့်ကွဲပြားသော မည်သည့်လုပ်ဆောင်ချက်ကိုမှ မလုပ်ပါ။


(၂) ဒုတိယအုပ်စုသည် OCD ဖြစ်စေသည့်အာရုံကြောယိုယွင်းမှုကိုပြုပြင်ရန်ဆေးဝါးများ သောက်သုံးသည်။


(၃) တတိယအုပ်စုသည် အမူအကျင့်ပြုပြင်ခြင်းကုထုံးတွင် ပါဝင်ပြီး သူတို့၏အတွေးနှင့်အပြုအမူများကို ပြုပြင်ရန်အာရုံစူးစိုက်သည်။
ခိုင်မာသောရပ်တည်မှု၊ သို့မဟုတ် ယင်းကိုအထောက်အကူပြုသည့်စာပိုဒ်များကို အဖန်ဖန်ရွတ်ဆိုရသည်။


လေ့လာချက်တွင် ပါဝင်သူတစ်ဦးစီ၏ ဦးနှောက်ကို လေ့လာချက်မတိုင်မီနှင့် လေ့လာချက်အပြီးတွင် ဓာတ်ပုံရိုက်ယူထားသည်။


တွေ့ရှိချက်များမှာ –


(၁) ပထမအုပ်စုတွင် ဦးနှောက်၌ မြင်သာသည့်ပြောင်းလဲမှု ဘာမှ မရှိပါ။


(၂) ဒုတိယအုပ်စုတွင် သိသာသည့် အပြောင်းအလဲများရှိပြီး ချိုင့်မြောင်းအသစ်များလည်းတွေ့ရသည်။


(၃) တတိယအုပ်စုတွင် ဒုတိယအုပ်စုနှင့် အလားတူ သိသာသည့်ပြောင်းလဲမှုများ တွေ့ရသည်။


ဤလေ့လာချက်များ၏ ကျိုးကြောင်းဆက်စပ် ညွှန်ပြချက်များက မိမိတို့၏အတွေးများကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ပြီး မိမိတို့အတွက် ကျေနပ်ဖွယ်ရာဖြစ်ထွန်းသောဘဝကို တည်ဆောက်ရန် အရေးကြီးသည့် အချက်အလက်များကို အသိပေးသည်။ ဦးနှောက်တွင် ချိုင့်မြောင်းအသစ် (အာရုံကြောလမ်းကြောင်းသစ်) တစ်ခု ဖြစ်ထွန်းရန် ၂၁ ရက်မှ ၂၈ ရက် ကြာမြင့်သည်။


ဤသုတေသန တွေ့ရှိချက်ကို အသုံးပြုရန် အကြံပြုချက် အချို့ကို လာမည့်အခန်းတွင် ဖော်ပြထားပါသည်။


မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်  စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts