အမြတ်အစွန်းထက် ပဓာနကျသော အရည်အသွေး

အမြတ်အစွန်းထက် ပဓာနကျသော အရည်အသွေး

ဒီအပတ်မှာတော့ အရည်အသွေးနဲ့ ပတ်သတ်ပြီး စီမံခန့်ခွဲရာမှာ ယေဘုယျလိုအပ်ချက် အနှစ်သာရ အချက်လေးချက်ကို ပြန်ဆွေးနွေးကြရအောင်ပါ။
ဒါက ဘာလဲဆိုတော့ အရည်အသွေးစီမံခန့်ခွဲမှုရဲ့ အနှစ်သာရလို့လဲ ပြောလို့ရပါတယ်။ ဒီအချက်တွေကို ရှေ့မှာလဲ ကျွန်မဆွေးနွေးခဲ့ထဲမှာ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ 
ဒီအချက်လေးချက်ဟာ အရည်အသွေးဆိုင်ရာ အတွေးခေါ် The QC Philosophy လို့ပဲ ခေါ်နိုင်ပါတယ်။
ဒါတွေက ဘာလဲဆိုတော့ –
၁။ Quality Control Deals with the Quality People.
အရည်အသွေး ထိန်းသိမ်းနိုင်မှုသည် လူတို့၏ အရည်အချင်းပေါ်  မူတည်သည်ဆိုတဲ့ အချက်
၂။ Quality First, Not Profit First 
အရည်အသွေးသည် အမြတ်အစွန်းထက် ပဓာနကျသည်ဆိုတဲ့ အချက်
၃။ The Next Process is the Customer
အရည်အသွေးတည်ဆောက်မှုဖြစ်စဉ်တွင် မိမိလက်ဆင့်ကမ်း ရမည့်သူသည် မိမိ၏ စားသုံးသူဖြစ်သည်ဟူသော အချက်
၄။ Customer Oriental TQC, Not Manufacturers Oriental TQM
အရည်အသွေးစီမံခန့်ခွဲမှုတွင် ထုတ်လုပ်သူထက် စားသုံးသူကို ဦးစားပေးရမည်ဆိုသော အချက်များဖြစ်ပါသည်။
အရည်အသွေးထိန်းသိမ်းနိုင်မှုဟာ လူရဲ့ အရည်အချင်းပေါ်မှာ မူတည်တယ်ဆိုလို့ အရည်အသွေးတည်ဆောက်မယ့် လူရဲ့ အရည်အချင်းကိုလဲ မြင့်မားအောင် လုပ်ဆောင်ပေးရပါမယ်၊ ဒါက သင်တန်းတွေပေးတာ၊ လေ့လာမှုတွေ ပြုစေတာ၊ စာဖတ်တာ၊ ဖတ်စရာစာတွေ၊ စာအုပ်တွေ ဖန်တီးပေးတာ၊ လေ့လာရေးခရီးတွေ ထွက်တာစတာတွေ ဖြစ်ပါတယ်။
ကျွန်မတို့ အရည်အသွေးတည်ဆောက်တာပါ၊ အမြတ်အစွန်းအတွက် အဓိကမဟုတ်ပါဘူး။ အမြတ်အစွန်းက ဒုတိယပါ၊ အရည်အချင်းဆိုတဲ့ ဂုဏ်ကို ယူလိုချင်တဲ့ အတွက် ဖြစ်ပါတယ်။
ကုန်ထုတ်လုပ်ရာမှာ မိမိလက်ဆင့်ကမ်းရမယ့် သူဟာလည်း မိမိရဲ့ စားသုံးသူလို့ သဘောထားရမှာ ဖြစ်ပါတယ်။ အရည်အသွေးတည်ဆောက်တယ်ဆိုတာဟာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲကြီးပါပဲ၊ မိမိတစ်ဦးတည်း အစွမ်းပြနေရုံနဲ့ မပြီးပါဘူး။ အဆင့်တိုင်းမှာ အရည်အသွေးရှိမှ ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အရည်အသွေးရှိမှ အရည်အသွေးက ဖြစ်ပေါ်လာမှာပါ။ ဟိုတယ်ကို ခရီးသွားတစ်စုလာ တည်းနေတယ်ဆိုပါစို့။လေဆိပ်မှာ ဆင်းလို့ ကြိုလာကတည်းက လေယာဉ်ပေါ်ပြန်တင်ပေးလိုက်တဲ့ အထိဖြစ်စဉ်အားလုံးမှာ အရည်အသွေးထူထောင်ကြရမှာပါ၊ ဒီနေရာမှာ လေဆိပ်က ကြိုတာလဲ အရည်အသွေးရှိတယ်။ ဟိုတယ်ကလည်း ကောင်းတယ်၊ အိပ်ခန်းထဲ အပြစ်ဆိုစရာ မရှိဘူး။ ဒါပေမယ့် ဟင်းချိုပန်းကန်ထဲ ယင်ကောင် တစ်ကောင်ပါသွားတာနဲ့ မိမိတို့ရဲ့ အရည်အသွေးက ပျက်ပါရော၊ ဒီတော့ ပန်းကန်ဆေးတဲ့လူက မီးဖိုချောင်က လူကို စားသုံးသူလို့ သဘောထားရမယ်။ မီးဖိုချောင်ကလူက စားသောက်ခန်းကလူကို စားသုံးသူလို့ သဘောထားရမယ်။ ပိုက်ဆံပေးပြီး မိမိဟိုတယ်မှာ လာနေတဲ့လူမှ စားသုံးသူမဟုတ်ဘူး။ မိမိလက်ဆင့်ကမ်းရမည့် သူဟာလဲ မိမိရဲ့ စားသုံးသူအဖြစ် သဘောထားရမယ်။ 
အရည်အသွေးဆိုတာ ဘာကိုမဆို ပိုကောင်းအောင် လုပ်တာဟာ အရည်အသွေးတည်ဆောက်တာပါပဲ၊ အရည်အသွေးတည်ဆောက်သူမရှိဘဲနဲ့ သူ့ဟာသူ အလိုအလျောက်ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ တည်ဆောက်မှ ရတာမျိုးဖြစ်ပါတယ်။ အရည်အသွေးဆိုတာဟာ ကြိုးစားမှုတစ်စုံတစ်ရာရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။
အရည်အသွေးတည်ဆောက်ရာမှာ လူတိုင်းပါဝင်မှ ရပါမယ်။ ပစ္စည်းထုတ်ရာမှာပဲ ဖြစ်ဖြစ်၊ ဝန်ဆောင်မှုပေးရာမှာပဲ ဖြစ်ဖြစ်၊ စားသုံးသူအတွက် အရေးပါတဲ့ အလုပ်တွေကို လုပ်ပေးမှ အရည်အသွေးကို တည်ဆောက်လို့ ရမှာဖြစ်ပါတယ်။
အရည်အသွေးတည်ဆောက်ရာမှာ ယခုရရှိနေတဲ့ အခြေအနေကနေ တစ်ဆင့် တိုးတက်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေမှ အရည်အသွေးတည်ဆောက်နိုင်မှာပါ။ ကျွန်မတို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှာ လူတိုင်းကတစ်ဆင့်တက်ပြီး တိုးမြှင့်ချင်တဲ့ စိတ်တွေ ရှိနေမှ အရည်အသွေးကို တည်ဆောက်နိုင်မှာပါ။ တိုးတက်ချင်တဲ့ စိတ်ရှိပြီဆိုတာနဲ့လည်း မပြီးသေးပါဘူး။ စဉ်ဆက်မပြတ် တိုးတက်ချင်တဲ့စိတ်ရှိပြီး မိမိရော၊ မိမိပတ်ဝန်းကျင်ပါ တိုးတက်ဖို့လိုပါတယ်။ အထက်ဆုံးကနေ အောက်ဆုံးမှာရှိတဲ့ လူအထိမိမိရဲ့ အရည်အချင်း၊ ကိုယ့်ဌာန အရည်အချင်း၊ ကိုယ်နဲ့တွဲဖက်လုပ်ဆောင်နေကြရတဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ အရည်အချင်းတွေပါတိုးတက်လာပါမှ ကျွန်မတို့နိုင်ငံရဲ့ အရည်အသွေးဟာလဲ တိုးတက်လာမှာ ဖြစ်တဲ့ အကြောင်း တင်ပြအပ်ပါတယ်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts