ဝတ်စားဆင်ယင်မှု

ဝတ်စားဆင်ယင်မှု

လူမျိုးတိုင်း … လူမျိုးတိုင်းတွင် မိမိတို့ ဓလေ့ထုံးစံအရ သတ်မှတ်ဝတ်စုံ ရှိကြသည်။ ယင်းကို “ရိုးရာဝတ်စုံ” ဟု ခေါ်ဆိုကြသည်။ လူမျိုးတိုင်း ၁၃၅ မျိုး ရှိသော ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အသီးသီးသော ရိုးရာဝတ်စုံတို့ တိုင်းရင်းသားအလိုက် ရှိကြသည်။

ယင်းဝတ်စုံကို သူ့နေရာ၊ သူ့ဒေသနှင့် သက်ဆိုင်သောအခါများတွင် ဝတ်ဆင်ကြသည်။ ပြည်သူ့နီတိ ကျင့်ဝတ်စည်းကမ်းများ ဖြစ်ပေသည်။ ထို့အပြင် အကြည့်ဆိုးသော၊ အကျည်းတန်စေသော ဟီရိသြတ္တပ္ပသင်းသော အဝတ်အစားမျိုးကို ရှောင်ရှားသင့်သည်။ “ယဉ်ကျေးမှု ကူးလူးယှက်နွယ်သည်” ဟူသော အကြောင်းပြချက်ဖြင့် ဝတ်စားဆင်ယင်မှုများကို လျှော့ယဲယဲပြုလုပ်လာခြင်းသည် လူမျိုး၏ဂုဏ်ကို နိမ့်ကျထိပါးစေပြီး၊ အခြားယဉ်ကျေးမှု လောင်းရိပ်မိစေ၏။

ထို့ကြောင့် ပြည်သူ့နီတိကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားတို့အဖို့ မိမိတို့ဝတ်စားဆင်ယင်မှုကိုပါ အလေးထားရပေမည်။ မြန်မာတို့အဖို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဥပုသ်သီတင်းသီလ ဆောက်တည်ရာတွင် ဘောင်းဘီရှည်နှင့် မသင့်လျော်ပေ။ ထို့အတူ ဘုရားဝတ်ပြုရှိခိုးရာတွင် စကပ်ပေါင်တိုနှင့် မတင့်တယ်ပြန်ပေ။ ထို့ကြောင့် ဝတ်စားဆင်ယင်မှုကို သတိထား၍ သင့်လျော်မည့် အဝတ်နှင့်သာ သွားလာသင့်ကြသည်။

သန့်ရှင်းသောအဝတ်အစား၊ သပ်ယပ်သော ဝတ်ဆင်မှု၊ လုံခြုံသော အဝတ်တန်ဆာတို့ကိုသာ ဆင်မြန်းလျက် ယဉ်ကျေးသိမ်မွေ့စွာ နေသင့်သည်။ လူတွင် အဝတ်အစားသည် အရေးပါအရာရောက်ပြီး လူ့တန်ဖိုးကို အကဲဖြတ်နိုင်သည်။ ဝတ်ဆင်ထားသည့် ရုပ်ပိုင်းဝတ္ထု (အင်္ကျီလုံချည်၊ ထဘီ၊ လက်ဝတ်ရတနာ) ကို မဟုတ်ဘဲ … စိတ်ဝတ္ထုဖြစ်သော အဇ္ဈတ္တကို အကဲဖြတ်နိုင်ခြင်း ဖြစ်သည်။

အဝတ်အစား ဖြစ်ကတတ်ဆန်း ဝတ်ခြင်း၊ ကပိုကယိုဝတ်ခြင်း စသည်တို့သည် ထိုသူ၏ အတွင်းစိတ်ကို ဖော်ပြခြင်းတွင် များစွာ ထောက်ပံ့သည်။ အဝတ်အစား ဖြစ်ကတတ်ဆန်း ဝတ်ဆင်တတ်သူ၊ စည်းကမ်းမလိုက်နာတတ်သူအဖြစ် အကဲဖြတ်နိုင်သည်။

အညစ်အပေ ဝတ်ဆင်တတ်သူအဖို့၊ သူ၏စိတ်ဓာတ်များပါ ညစ်နွမ်းနေတတ်သကဲ့သို့၊ အလိမ်အညာနှင့် ပရိယာယ်ကြွယ်ဝသူအဖြစ် ခန့်မှန်းနိုင်သည်။ မသင့်မလျော် လော်လည်စွာ ဝတ်ဆင်တတ်သူကို အချို့ကို အပေါ်ယံကြည့်၍ “ခေတ်မီသူ” ဟု ဆိုကြသော်လည်း သူ၏အတွင်းစိတ်တွင် မတည်ငြိမ်မှု၊ ပလွှားလိုမှု၊ ခက်ထန်မောက်မာမှု စသည့် အရိပ်လက္ခဏာများ လွှမ်းမိုးနေကြောင်း ခန့်မှန်းနိုင်သည်။

ထို့ကြောင့် ရှေးမြန်မာတို့သည် “တောင်းမှာအကွပ်၊ လူမှာအဝတ်” ဟု သင့်လျော်ညီညွတ်သော စကားရပ်ကို ထားအပ်ခဲ့ခြင်း ဖြစ်သည်။ တကိုယ်ရေ သန့်ရှင်းစင်ကြယ်မှုနှင့် ဝတ်စားဆင်ယင်မှုမှာ ဆက်နွယ်နေပေသည်။ တကိုယ်ရေ သန့်ရှင်းစင်ကြယ်မှုနှင့် ဝတ်စားဆင်ယင်မှုမှာ ဆက်နွယ်နေပေသည်။ တကိုယ်ရေသန့်ရှင်းစင်ကြယ်မှုရှိသူသည် အဝတ်အစား ဝတ်ဆင်ရာတွင် သန့်ပြန့်သောအဝတ်ကိုသာ လိုလားကြသည်။ ထို့ကြောင့် အဝတ်သန့်ကိုရစေရန် လျော်ဖွတ်ခြင်း၊ မီးပူတိုက်ခြင်း၊ ညီညွတ်စွာ ဝတ်ဆင်ခြင်းကို ပြုလေ၏။

သန့်ရှင်းစင်ကြယ်၍ သပ်ရပ်စွာ ဝတ်ဆင်တတ်သူတစ်ဦး၏ မျက်နှာသည် လန်းဆန်းနေတတ်သည်။ ရွှင်ပျခြင်းနှင့် စိတ်နှလုံးသာယာခြင်းတို့ကြောင့် လူမှုဆက်ဆံရေးတွင် ပြေပျစ်ချောမောစေသည်။ ထို့ကြောင့် အဝတ်အစားသည် ပြည်သူ့နီတိတွင် မပါမဖြစ်သော ယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္ထုဖြစ်၏။

ယခုအခါတွင် အလုပ်တာဝန်အတွက် အင်တာဗျူးဖြေကြရာတွင် ဖြစ်စေ၊ လူတွေ့အကဲဖြတ်ကြရာတွင် ဖြစ်စေ၊ ယှဉ်ပြိုင်မှုပွဲတို့တွင်ဖြစ်စေ၊ အကြိတ်အနယ် သူနိုင်ကိုယ်နိုင် အနိုင်ကြဲကြရာတွင် ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး အမှတ်ပေးခြင်း၊ အနိုင်ပေးခြင်း၊ ရွေးချယ်ခြင်းကို ပြုကြသည်။

ပြိုင်ဆိုင်မှုတူညီနေလျှင်ပင် ဝတ်စားဆင်ယင်မှု၏ ယဉ်ကျေးခြင်း၊ ညီညွတ်ခြင်း၊ လိုက်ဖက်မှုရှိခြင်းတို့ကို အကဲခတ်ဖြတ် အနိုင်ပေးလေ့ရှိသည်။ ထို့ကြောင့် ဝတ်စားဆင်ယင်မှုကို ပြစ်ပယ်၍ မရကောင်း၊ မိမိ၏ ဂုဏ်သတ္တိကို အမွှမ်းတင်နိုင်စွမ်းရှိကြောင်း ငြင်း၍မရပေ။

ကျောင်းသားသည်၎င်း၊ အလုပ်သမားသည်၎င်း၊ စစ်သားသည်၎င်း၊ ရှေ့နေသည်၎င်း အသီးသီးတို့သည် မိမိတို့ဆိုင်ရာဆိုင်ရာ အလုပ်တာဝန်ခွဲဝေမှုရှိသည့် အဝတ်တန်ဆာကို သပ်ရပ်ယဉ်ကျေးစွာ ဝတ်ဆင်တန်ဆာရမည် ဖြစ်သည်။ ယဉ်ကျေးစွာ ဝတ်ဆင်ခြင်းသည် ပြည်သူတို့၏ ကျင့်ဝတ်ဖြစ်ပေသည်။

တကိုယ်ရေသန့်ရှင်းစင်ကြယ်ခြင်းမရှိသဖြင့် အနံ့သက်ဆိုးများကြောင့် ပတ်ဝန်းကျင်ရှိ ဘေးလူအားများစွာ အနှောင့်ယှက်ဖြစ်စေသည်။ အဝတ်၊ ဆံပင်၊ ခန္ဓာကိုယ် စသည်တို့မှ အနံ့ဆိုးသည် အနီးကပ်နေသူအား နှာခေါင်းရှုံ့စေ၏။ ကျောင်းသူကျောင်းသားများ၊ ရုံးသူရုံးသားများနှင့် အများနှင့် ရောနှောလုပ်ကိုင်ရသူများသည် တကိုယ်ရေသန့်ရှင်းမှုနှင့် အဝတ်အစားစင်ကြယ်ဖို့ရန် ဂရုပြုသင့်သည်။

ကျောင်းနေအရွယ် မူလတန်းမှ အလယ်တန်းထိ ဖြစ်သော ၅ နှစ်မှ ၁၃ နှစ်အရွယ်တို့သည် အစားတွင်၎င်း၊ အဝတ်တွင်၎င်း ဂရုမစိုက်ကြပေ။ ထိုအခါ အုပ်ထိန်းသူတို့သည် ဂရုစိုက်ညွှန်ကြားလုပ်ဆောင်ရမည် ဖြစ်သည်။ ညစ်နွမ်းခြင်းနှင့် နံစော်မှုသည် မလိုလားအပ်သော အရေပြားရောဂါငယ်ကလေးများ၊ ဘက်တီးရီးယားပိုးမွှားများ ကပ်ရောက်ကူးစက်တတ်ပေသည်။ အချို့သော အလုပ်ကြမ်းသမားတို့သည်လည်း အလုပ်ဝတ်တွင် ချွေးတရွှဲရွှဲနှင့် အချိန်ကုန်လုပ်ဆောင်ကြပြီး၊ နောက်တစ်နေ့တွင်လည်း ထိုခြွေးစို၍ ခြောက်သောအဝတ်ကို ပြန်ဝတ်ဆင်လုပ်ကိုင်ကြပြန်၏။ ခန္ဓာကိုယ်မှ ထွက်သော ဆားဓာတ်ပါရှိသည့် ချွေးစိုတို့သည် ကိုယ်လက်လှုပ်ရှားလိုက်သည်နှင့် အသစ်ထွက်လာသော ချွေးတို့ဖြင့် ထပ်မံရောယှက်စိုထိုင်းသွားပြန်လေ၏။

ယင်းဆားဓာတ်ပါသော ချွေးတို့သည် မိမိ၏ကျောပြင်၊ ရင်အုပ်ပိုင်း၊ ခါး စသည့်နေရာအသီးသီးတို့တွင် ရှိသည့် အရေပြားအား လောင်ကျွမ်းစေသည်။ ယင်းမှတစ်ဆင့် အရေပြားဆိုင်ရာ အပူလောင်နာများ၊ ညှင်းကဲ့သို့သော မှိုစွဲနာမျာအနှံ့အပြား ပေါက်ရောက်လေ့ရှိသည်။ ယင်းသို့ဖြစ်ခြင်းမှာ ညစ်ပေသော အဝတ်ကို ထပ်ခါတလဲလဲ ဝတ်ဆင်မှုကြောင့် ရရှိသော ဆိုးကျိုးဖြစ်သည်။

ယင်းကြောင့် ဝတ်စားဆင်ယင်မှုနှင့် သန့်ရှင်းမှုသည် ကျန်းမာခြင်းကိုလည်း အထောက်အကူပြုကြောင်း သိရန်ဖြစ်သည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts