စေ့စပ်သေချာမှု

လွန်ကဲသော စေ့စပ်သေချာမှု

(Perfectionism) စေ့စပ်သေချာမှု သည် ထားသင့်သည့် စံတစ်ခုဖြစ်သည်။ သို့သော် ယင်းသည် တစ်ခုတည်းသော လက်ခံထားသည့် စံဖြစ်ပါက ဖောက်ဖောက်ပြန်ပြန် ဖြစ်လာတတ်သည်။ အချို့က စေ့စပ်သေချာမှု ကို လွန်လွန်ကဲကဲ ဖြစ်စေသည်။ ယင်းအတွက် ပေးဆပ်မှုရှိသည်။ လွန်ကဲသော စေ့စပ်သေချာသူများသည် ဘယ်သောအခါမှ ကျေနပ်ရောင့်ရဲမှုမရှိပါ။ စေ့စပ်သေချာမှုကို တာရှည်စွာစွဲနေခြင်း၊ သို့မဟုတ် နေ့စဉ်ပြုကျင့်ခြင်းသည် မိမိကိုယ်ကို သိမ်ငယ်စိတ်ထားရှိခြင်း၊ သို့မဟုတ် မိမိကိုယ်ကို မုန်းတီးခြင်းအတွက် တွန်းအားပေးသည်။ ယင်းသည် ထိုစေ့စပ်သေချာသူများနှင့် ၎င်းတို့၏ ကျန်းမာရေးကိုသာ ထိခိုက်စေသည်မဟုတ်၊ ထိုသူတို့၏ လုပ်ဖော်ကိုင်ဖက်များ၏ စိတ်ဓာတ်ကိုပါ ထိခိုက်စေသည်။

ယင်းသည် နှောင့်နှေးကြန့်ကြာမှု၏ အဓိကအကြောင်းအရင်းလည်းဖြစ်သည်။ နှောင့်နှေးကြန့်ကြာမှုသို့ ယိမ်းယိုင်ခြင်းသည် မိမိကိုယ်ကိုရွံရှာခြင်းကို ဖန်တီးသည်။ သို့နှင့် စက်ဝန်းတစ်ပတ်လည်သည်။လွန်ကဲသောစေ့စပ်သေချာမှုသည် လုပ်ငန်းကဏ္ဍတွင်လည်းအာရုံထားခြင်းမခံရပါ။ ထိုဉာဉ်လက္ခဏာသည် လူတစ်ဦးချင်းကို လည်းကောင်း၊ အခြားလူများ၏ စေ့ဆော်မှုရှိခြင်းကိုလည်းကောင်း၊ လုပ်ငန်းတွင် ရိုသေကြည်ညိုမှုကိုလည်းကောင်း ဖျက်လိုဖျက်ဆီးလုပ်နိုင်သည်။ စေ့စပ်သေချာမှုကို တမ်းတမ်းစွဲလိုလားခြင်းထက် ပို၍ ခဲရာခဲဆစ်ဖြစ်သော ပင်ကိုလက္ခဏာမျိုးကို ကျွန်မ မတွေ့ဖူးသလောက်ပင်။
သင်သည် လွန်ကဲစွာ စေ့စပ်သေချာသူတစ်ဦးဖြစ်ပါသလား။
–    သင်သည် အခြားသူများလောက် ဘဝတွင် ခရီးမပေါက်နေသဖြင့် သင့်ကိုယ်သင် မချင့်မရဲ ဖြစ်နေပါသလား။
–    သင့်ကို အခြားသူများ (ချစ်ရသူများ အပါအဝင်) က သင်၏ ဝတ်ပုံစားပုံမှအစ သင်၏စကားလုံးရွေးချယ်မှုအထိ သင့်ကို အမြဲတမ်းအကဲဖြတ်နေသည်ဟု ခံစားရပါသလား။ သင့်ဘဝထဲမှလူများက သင့်ကို ပုံမှန်ကြည့်ရှုစစ်ဆေးနေသည်ဟု ခံစားရပါသလား။
–    ပညာအသစ်တစ်ခု သင်ယူနေလျှင်ပင် သင့်ကိုယ်သင် ဆန်းစစ်ဝေဖန်ပါသလား။
–    သင်သည် အရာရာကို ကောင်းမွန်စွာ လုပ်နိုင်ရမည်ဟု မျှော်လင့်ချက်ထားပါသလား။
–    သင်စိတ်ဝင်စားမှုနည်းပါးသည့် လှုပ်ရှားမှုများတွင် သူများအထင်ကြီးအောင် ပါဝင်လှုပ်ရှာခြင်းမျိုး ရှိပါသလား။
–    သင့်ကိုယ်သင် ကျေနပ်မိသည့် လုပ်ရပ်တစ်ခုလုပ်ပြီးလျှင်ပင် ထိုကျေနပ်မှုသည် တာရှည်မခံသည်ကို တွေ့ရှိပါသလား။  (ဥပမာ နောက်တစ်နေ့တွင်သင့်အနေဖြင့်စေ့စပ်သေချာမှုကိုပြန်လည်လိုက်စားခြင်း)
–    သင့်ပတ်ဝန်းကျင်မှလူများက သင်သည် ဘဝပြဿနာများကို အာရုံစိုက်လွန်းသည်။ အရာရာအဆင်ပြေနေလျှင်ပင် သင့်အနေဖြင့် သင့်အား စိတ်အနှောင့်အယှက်ပေးသည့်အရာတစ်ခုကို ရှာဖွေတတ်သည်ဟု ပြောဆိုကြပါသလား။
–    လုပ်ငန်းတာဝန် အများစုနှင့် စပ်လျဉ်းပြီး ‘မှန်’ သည့် လုပ်ရပ်နှင့် ‘မှား’ သည့် လုပ်ရပ်ဟူ၍သာ ရှိသည်ဟုခံယူပြီး အခြားနည်းလမ်းဖြင့် လုပ်ကိုင်ရမည်ကို ကသိကအောက်ဖြစ်ပါသလား။

သင့်အနေဖြင့် အထက်ပါမေးခွန်းနှစ်ခုထက်ပိုသော မေးခွန်းများကို ‘ဟုတ်ပါသည်’ ဟု ဖြေဆိုပါက သင်၏ လွန်ကဲသော စေ့စပ်သေချာမှုကို စတင်ပြုပြင်သင့်ပြီဟု ကျွန်မထင်ပါသည်။ အခြားသူများထံမှ စေ့စပ်သေချာမှုကို မရမနေတောင်းဆိုတတ်ခြင်းနှင့် နေ့စဉ် သင့်ကိုယ်သင် မရမနေခိုင်းတတ်ခြင်းထက် သင့်အလုပ်ကို ပိုပြီး မုန်းတီးစရာအကြောင်း ကျွန်မ တကယ်စင်စစ် မမြင်မိပါ။

ထိုမျှ ရိုးရှင်းပါသည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts