ကျရှုံးခြင်း

ကျရှုံးခြင်း ကို ကိုင်တွယ်ဖြေရှင်းခြင်း၊ သေစေနိုင်ခြင်း မရှိသလို အပြီးအပြတ်လည်းမဟုတ်ပါ။

(Dealing with failure : Neither fatal nor final) လူအချို့အတွက် စာရေးခြင်း၊ သို့မဟုတ် ဂျာနယ်မှတ်တမ်းရေးခြင်းသည် ညည်းညူစရာသာ ဖြစ်သည်။ သင်သည်စာရေးရခြင်းကို နှစ်သက်သူမဟုတ်လျှင် အမှားတစ်ခု၊ ခြေလှမ်းမှားတစ်ခု၊ သို့မဟုတ် လုံးဝ ကျရှုံးခြင်း တစ်ခုအား ထိရောက်စွာ ကိုင်တွယ်ဖို့ အခြားနည်းလမ်းအချို့ ရှိပါသေးသည်။

တစ်ဦးဦးနှင့် စကားပြောပါ (Talk to someone)

သင်စကားပြောသူသည် သင်ရိုသေသောသူ ယုံကြည်သောသူဖြစ်ပါစေ၊ သို့မဟုတ်ပါက သင့်အမှားကို ပိုဆိုးရွာစေမည်။ အကြံကောင်း ဉာဏ်ကောင်းပေးနိုင်မည့် ယုံကြည်ရသူတစ်ဦး၏ တန်ဖိုးကို မဖြတ်နိုင်ပါ။ စကားပြောခြင်းဖြင့် သင့်ဦးနှောက်ထဲမှ သတ္တဝါကို ထုတ်ပစ်ခြင်းနှင့်တူသည်။ အထက်တွင်ဖော်ပြခဲ့သလို ဂျာနယ်မှတ်တမ်းရေးခြင်းနှင့် တူသည်။ ကျွန်ုပ်တို့ထဲမှ အချို့သည် အမြင်အာရုံကို အားသန်သဖြင့် ချရေးရသည်ကို ပိုနှစ်သက်သည် (အချို့က အခြားသူများထက် ပိုသီးသန့်ဆန်သည်)။ အချို့က စကားပြောရသည်ကို နှစ်သက်သည်။ ကွဲပြားသောရှုထောင့်မှ အကျိုးခံစားရသည်။ မည်သို့ပင်ဖြစ်စေ သင့်အနေဖြင့် ကျရှုံးမှုအပေါ်တွင် ပိုမိုကောင်းမွန်သောလက်ကိုင်တစ်ခုရလိမ့်မည်။

ဆပ်ပြာမှုန့်ဖြင့်လိမ်းကျံပါ၊ ရေဖြင့်ဆေးကြောပါ၊ လိုအပ်သလို အဖန်ဖန်ပြုလုပ်ပါ (Lather, rinse, repeat as needed)

ဆပ်ပြာမှုန့်ဖြင့် လိမ်းကျံပါ။ ကျရှုံးမှုအတွက် ကြေကွဲပါ။ ရေဖြင့် ဆေးကြောပါ။ သင်၏ကျရှုံးမှုကို သေးငယ်သော ကိုင်တွယ်နိုင်မည့် အရွယ်အစားများဖြစ်အောင် ခွဲထုတ်ပါ။ ထို့နောက် သင်၏ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာတို့ကို သင့်ကိုယ်သင် သန့်စင်အောင် ဆေးကြောပါ။ (ရှေ့အကြံဉာဏ်ကိုကြည့်ပါ)လိုအပ်သလို အဖန်ဖန်ပြုလုပ်ပါ။ ပိုမိုတိကျစွာပြောရမည်ဆိုလျှင် (အမှားကိုတော့) အဖန်ဖန် မပြုလုပ်ပါနှင့်။ ယခု အမှားမှသင်ယူပြီး နောက်တစ်ကြိမ်မပြုလုပ်တော့ပါဟု သင့်ကိုယ်သင် ကတိပေးပါ၊ သို့မဟုတ် ထိုကျရှုံးမှု၏ အကြောင်းတရားသည် အဘယ်နည်းဆိုသည်ကို ရှာဖွေပါ။ သင် မည်သည့်သင်ခန်းစာ ရလိုက်သနည်း။

ကျွန်မ ကျရှုံးသည်ဟု ခံစားရလျှင် ကျွန်မအနီးအနားတွင် အမြဲလိုလို ကပ်ထားလေ့ရှိသည့် ကိုးကားချက်တစ်ခုကို ဖတ်ရှုသည်။ ‘ဤကိစ္စသည်လည်း ပြီးဆုံးသွားမည်ပင်’ (This, too, shall pass)။ အသုံးများ၍ ဟုံနေပြီဖြစ်သော စကားရပ်တစ်ခုဟု ဆိုချင်ပါသလား။ သင် ကြိမ်ဖန်များစွာ ကြားဖူးသည့် ဤစကားရပ်၏စကားလုံးများကို သေချာစဉ်းစားပါ။ ထိုကျရှုံးမှုသည်လည်းကောင်း၊ ကျရှုံးမှုအတွက်မျက်နှာပျက်ရခြင်းသည် လည်းကောင်း၊ နောက်ဆုံးတစ်ချိန်တွင် ပြီးဆုံးသွားပေမည်။ သင် ဤတစ်ခဏတာတွင်နေရန် မဖြစ်နိုင်ပါ။ နေရမည်လည်း မဟုတ်ပါ။ အတိတ်ကအမှားတစ်ခုကို ပြန်စဉ်းစားပါ။ ယခု ထိုအမှားသည် လေးနက်မှု ရှိပါသလား။ ရယ်စရာပင် မကောင်းဘူးလား။ အနည်းဆုံးတော့ ထိုအမှားသည် သင့်ကို ယခုနေရာသို့ရောက်စေခဲ့သည်။ ထိုအချက်ကိုတော့ မငြင်းဆိုနိုင်ပါ။

ကျန်အရာရာတွင် ကျရှုံးလျှင် (သင့်အတွက် ဝမ်းနည်းပါသည်) သင့်ကိုယ်သင် မေးပါ။ ‘နောက်ငါးနှစ်နေရင် ကျရှုံးမှုက အရေးကြီးဦးမှာလား’။ ထိုမေးခွန်း မေးခြင်းသည် လက်ဖွဲ့အဆောင် (Charm) တစ်ခုကဲ့သို့ပင် ထိရောက်မှု ရှိသည်။

အောင်မြင်ခြင်းသည် အပြီးအပြတ် မဟုတ်ပါ။ ကျရှုံးခြင်း သည် သေစေလောက်ခြင်း မရှိပါ။ အရေးကြီးသည်မှာ မိမိလုပ်နေသည်ကို ဆက်လုပ်ရန် သတ္တိရှိဖို့ပင်ဖြစ်သည်။

Winston Churchill

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts