ဘောလုံးရှာဖွေခြင်း

ဘောလုံးရှာဖွေခြင်း နှင့် ခွဲခြားရွေးချယ်ခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၁၂)

Rule 12-1. Seeing Ball; Searching for Ball
စည်းမျဉ်း ၁၂-၁ ဘောလုံးအားတွေ့မြင်ရခြင်း၊ ဘောလုံးရှာဖွေခြင်း

ကစားသူသည် ဘောလုံးကို ရိုက်စဉ်အချိန်တွင် ဘောလုံးအား တွေ့မြင်နေရမည်ဟု သတ်မှတ်ချက်မရှိပါ။
မိမိ၏ဘောလုံးကို ရှာဖွေနေစဉ်တွင် ကွင်းအတွင်းပေါက်နေသော မြက်များ၊ ချုံပုတ်များ၊ မြက်ရိုင်းအပင်ရှည်များနှင့် ထိုသို့ အလားသဏ္ဍာန်တူအပင်များကို ကွေးညွှတ်ကိုင်တွယ်၍ ရှာဖွေနိုင်သည်။

သို့သော် မိမိ၏ ဘောလုံးရှာဖွေခြင်းနှင့် ခွဲခြားရွေးချယ်ရန်အတွက် လိုအပ်သည်ထက် ပို၍ အပင်များကို ဖယ်ရှားကြည့်ရှုခြင်းဖြင့် ဘောလုံး၏ဘေးဝန်းကျင်နှင့် ရပ်မည့်နေရာ၊ ဆွင်းနှင့် ရိုက်မည့်လမ်းကြောင်းတစ်လျှောက်တွင် မူလအနေအထားမှ ပိုမိုကောင်းမွန်သော လမ်းကြောင်း (သို့မဟုတ်) ဘောလုံးအနေအထားဖြစ်အောင် မပြုလုပ်ရပါ။ ယခုစည်းမျဉ်း၏ 12-1 အပိုဒ်ခွဲ a မှ d တွင် ဖော်ပြထားသော ခြွင်းချက်များမှလွဲ၍ ရှာဖွေနေစဉ်တွင် ဘောလုံးရွေ့သွားပါက စည်းမျဉ်း 18-2 အရ ပြစ်ဒဏ် အချက်ပေးရမည်။ အထက်ဖော်ပြပါ ခွင့်ပြုထားသော ရှာဖွေရန် နည်းလမ်းများအပြင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း စည်းမျဉ်း 12-1 အရ ရှာဖွေနိုင်သည်။

a. Searching for or Indentifying Ball Covered by Sand
သဲအတွင်း နစ်မြုပ်နေသည့်ဘောလုံးကို ရှာဖွေခြင်း၊ မိမိ၏ ဘောလုံး ဟုတ်မဟုတ် စစ်ဆေးခြင်း

ဘောလုံးသည် သဲအတွင်း နစ်မြုပ်နေသည်ဟု ယူဆပါက သဲအား ထိုးဆွဖယ်ရှား၍ ရှာနိုင်သည်။ တူးဆွဖယ်ရှားစဉ်နှင့် မိမိ၏ဘောလုံး ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုစဉ် ဘောလုံးရွေ့သွားပါက ပြစ်ဒဏ်မရှိပါ။ မိမိဘောလုံးကို တွေ့လျှင် ဘောလုံးကို မူလနေရာတွင် ပြန်ထား၍ ဖယ်ထားသော သဲများအား အနီးစပ်ဆုံး မူလအနေအထား ဖြစ်အောင် ပြန်လုပ်ရမည်။

ဘောလုံးကို မူလအနေအထားဖြစ်အောင် ယခုစည်းမျဉ်းအရ အနီးစပ်ဆုံး ပြန်ထားသောအခါ ဘောလုံး၏ အစိတ်အပိုင်း အနည်းငယ်ကို တွေ့မြင်နိုင်အောင် ချန်ထားနိုင်သည်။

b. Searching for or Indentifying Ball Covered by Loose Impediments in Hazard
ဟဲဇတ်အတွင်း လုစ်အင်ပက်ဒိမန့်ထဲတွင် နစ်မြုပ်နေသည့် ဘောလုံးကို ရှာဖွေခြင်း၊ မိမိ၏ဘောလုံး ဟုတ်မဟုတ် ခွဲခြားရန် စစ်ဆေးခြင်း

ဘောလုံးသည် ဟဲဇတ်အတွင်းရှိ လုစ်အင်ပက်ဒိမန့်အတွင်း နစ်မြုပ်နေသည်ဟု ယူဆပါက ဘောလုံးရှာဖွေစဉ် ဟဲဇတ်အတွင်းရှိ လုစ်အင်ပက်ဒိမန့်များအား ထိခြင်း၊ ဖယ်ရှားခြင်းကို ပြစ်ဒဏ်မရှိဘဲ ပြုလုပ်နိုင်သည် (သို့မဟုတ်) မိမိ၏ဘောလုံး ဟုတ်မဟုတ် ခွဲခြားစစ်ဆေးစဉ် ပြုလုပ်နိုင်သည်။

မိမိဘောလုံးအား တွေ့ရှိသောအခါ ဖယ်ရှားထားသော လုစ်အင်ပက်ဒိမန့်အား ပြန်ထားရမည်။ လုစ်အင်ပက်ဒိမန့်များအား ဖယ်ရှား၍ ရှာဖွေစဉ် ဘောလုံးရွေ့သွားပါက စည်းမျဉ်း 18-2 အရ ပြစ်ဒဏ်အချက်ပေး၍ မူလနေရာတွင် ပြန်ထားရမည်။ လုစ်အင်ပက်ဒိမန့်များကို မူလနေရာတွင် ပြန်ထားစဉ် ဘောလုံးရွေ့သွားပါက ပြစ်ဒဏ်မရှိပါ။ လုစ်အင်ပက်ဒိမန့်များကို ပြန်ထားသောအခါ ဘောလုံး၏ အစိတ်အပိုင်းအနည်းငယ်ကို တွေ့မြင်နိုင်အောင် ချန်ထားနိုင်သည်။

c. Searching for Ball in Water Hazard
ဝါတာဟဲဇတ် အတွင်းရှိ ရေထဲတွင် ဘောလုံးရှာဖွေခြင်း

ဘောလုံးသည် ဝါတာဟဲဇတ် WH အတွင်းရှိ ရေထဲတွင် ရှိသည်ဟု ယူဆလျှင် ဂေါက်တုတ် (သို့မဟုတ်) အခြားပစ္စည်းတစ်ခု အသုံးပြု၍ ရှာဖွေနိုင်သည်။ ကစားသူက တူးဆွဖယ်ရှား၍ ရှာဖွေစဉ်အတွင်း ဘောလုံး မတော်တဆ ရွေ့သွားပါက ပြစ်ဒဏ်မပေးရဘဲ မူလနေရာတွင် ပြန်ထားရမည်။ ဝါတာဟဲဇတ် စည်းမျဉ်း 26-1 အရ ကစားမည်ဆိုပါက မူလနေရာတွင် ပြန်ထားရန် မလိုပါ။

သို့သော် ဝါတာဟဲဇတ်၏ ရေထဲတွင် မဟုတ်သော ဘောလုံး (သို့) ရေထဲတွင် ရှိသော်လည်း တူးဆွဖယ်ရှားစဉ် မဟုတ်ဘဲ မတော်တဆ ထိမိခြင်းကြောင့် ဘောလုံးရွေ့သွားလျှင် စည်းမျဉ်း 18-2 အရ ပြစ်ဒဏ်အချက်ပေး၍ မူလနေရာတွင် ပြန်ထားရမည်။

d. Searching for Ball Within Obstruction or Abnormal Ground Condition အော့စရပ်ရှင်း (သို့မဟုတ်) အက်နော်မယ်ဂရောင်းအတွင်းရှိ ဘောလုံးကို ရှာဖွေခြင်း

အကယ်၍ ဘောလုံးသည် အော့စရပ်ရှင်း (သို့မဟုတ်) အက်နော်မယ်ဂရောင်းကွန်ဒီရှင်အတွင်း ရောက်သွား၍ ဘောလုံးရှာစဉ်အတွင်း မတော်တဆ ထိမိ၍ ဘောလုံးရွေ့သွားပါက ပြစ်ဒဏ်မပေးရပါ။ မူလနေရာတွင် ပြန်ထားရမည်။

မဖယ်ရှားနိုင်သော အတားအဆီး (စည်းမျဉ်း 24-2b) နှင့် အက်နော်မယ်ဂရောင်းကွန်ဒီရှင် (စည်းမျဉ်း 23-1b) အတွင်းရှိနေလျှင် (သို့) တင်နေလျှင် စည်းမျဉ်းများအတိုင်း သက်သာခွင့်ယူမည် ဆိုပါက ဘောလုံးကို မူလနေရာတွင် ပြန်ထားရန် မလိုပါ။ ဘောလုံးအား မူလနေရာတွင် ပြန်ထားပြီးမှ သက်သာခွင့်ယူလိုကလည်း ယူနိုင်သည်။

စည်းမျဉ်း 12-1 ၏ ပြစ်ဒဏ်သတ်မှတ်ချက်
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး                  အချက်ရေကစားခြင်း – ၂ ချက်

Rule 12-2. Lifting Ball for Identification
စည်းမျဉ်း ၁၂-၂ မိမိဘောလုံး ဟုတ်မဟုတ် ခွဲခြားရန် ကောက်ယူခြင်း

မိမိ၏ ကစားနေသော ဘောလုံးအမှန်ကို ကစားရန်မှာ ကစားသူ၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် မိမိဘောလုံးကို လွယ်ကူစွာ ခွဲခြားနိုင်ရန် အမှတ်အသား ပြုလုပ်ထားသင့်သည်။

အကယ်၍ ကစားသူသည် ဘောလုံးတစ်လုံးကို တွေ့၍ မိမိဘောလုံးဟု ယူဆပါက ဟုတ်မဟုတ် စစ်ရန်အတွက် ဘောလုံးကို ကောက်ယူ၍ စည်းမျဉ်း 12-1 ၏ ဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း ပြစ်ဒဏ်မရှိဘဲ ကြည့်ရှုစစ်ဆေးနိုင်သည်။ မကောက်ယူမီ ကျင်းပြတ်ကစားခြင်းတွင် မိမိ၏ ပြိုင်ဘက် (အောပိုနန့်)၊ အချက်ရေကစားခြင်းတွင် မိမိ၏ ပြိုင်ဖက်ကစားဖော် (ဖဲလိုးကွန်ပီတစ်တာ) (သို့မဟုတ်) မာကာကို မိမိဘောလုံး ဟုတ်မဟုတ် ကြည့်ရှုစစ်ဆေးလိုကြောင်း မကောက်ယူမီ ပြောရမည်။ ထို့နောက် ဘောလုံးကို မှတ်၍ စည်းမျဉ်း 12-1 သတ်မှတ်ချက်အတိုင်း ကောက်ယူစစ်ဆေးနိုင်သည်။

ပြိုင်ဘက်ကစားဖော် (သို့မဟုတ်) ကစားဖော်မာကာကို ဘောလုံးကောက်ယူစဉ်နှင့် ပြန်ထားပြီးသည့်တိုင်အောင် ကြည့်ရှုခွင့်ပြုရမည်။

စည်းမျဉ်း 12-1 အတိုင်း လုပ်ဆောင်သောအခါ မိမိဘောလုံး ဟုတ်မဟုတ် စစ်ဆေးရန်အတွက် သန့်စင်ခြင်းကို လိုအပ်သည်ထက် ပို၍ မလုပ်ရပါ။

စစ်ဆေးသောအခါ ကစားသူ၏ ဘောလုံးဖြစ်ပြီး အထက်ဖော်ပြပါ လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခု (သို့မဟုတ်) အားလုံးနှင့်အညီ မပြုလုပ်ခဲ့လျှင် (သို့မဟုတ်) စစ်ဆေးရန် မလိုအပ်သော ဘောလုံးကို အကြောင်းပြ၍ ကောက်ယူစစ်ဆေးခဲ့လျှင် ပြစ်ဒဏ် ၁ ချက်ပေးရသည်။ မိမိဘောလုံးဖြစ်ပါက မူလနေရာတွင် ပြန်၍ ထားရမည်။ ပြန်လည်၍ မူလနေရာတွင် မထားခဲ့ပါက စည်းမျဉ်း 12-2 ၏ အထွေထွေပြစ်ဒဏ်သတ်မှတ်ချက်အတိုင်း ပြစ်ဒဏ်ပေးပြီးပါက ၎င်းစည်းမျဉ်းနှင့် ပက်သက်၍ အခြားထပ်ဆောင်း ပြစ်ဒဏ်မပေးရပါ။

Note မှတ်ချက် – ဘောလုံးကို ကောက်ယူထားစဉ်တွင် ဘောလုံးရှိခဲ့သည့်နေရာအနေအထား ပြောင်းလဲသွားလျှင် စည်းမျဉ်း 20-3b အတိုင်း ဆောင်ရွက်ရမည်။

ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 12-2
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး                          အချက်ရေကစားခြင်း – ၂ ချက်
စည်းမျဉ်း 12-2 ၏ အထွေထွေ ပြစ်ဒဏ်ပေးပြီးပါက ဤစည်းမျဉ်းနှင့် ပက်သက်၍ အခြားထပ်ဆောင်း ပြစ်ဒဏ် မရှိပါ။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts