လူငယ်နဲ့လူကြီး ပူးပေါင်းကြမယ်ဆိုရင်

လူငယ်နဲ့လူကြီး ပူးပေါင်းကြမယ်ဆိုရင်

ကျွန်တော် အခုအသက် ၆၀ ကျော်ပြီး လူကြီးတစ်ယောက်ဆိုတာထက် အဘိုးကြီးတစ်ယောက်လို့ ပြောခံနေရပါပြီ။ လူကြီးပဲပြောပြော အဘိုးကြီးလို့ပဲဆိုဆို ကျွန်တော်တို့ဟာ လူငယ်ဘဝရော လူကြီးဘဝတွေကိုပါ ဖြတ်သန်းခဲ့ပြီးကြပါပြီ။ ဒီဘဝနှစ်ခုကို ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ လူငယ်တွေရဲ့ အတွေးအခေါ်စိတ်ဓာတ်နဲ့ လူကြီးတွေရဲ့ အတွေးအမြင် အယူအဆလေးတွေကို နှိုင်းယှဉ်ပြချင်ပါတယ်။

လူငယ်ဆိုတာ ငယ်ရွယ်တော့ လျင်မြန်တယ်။ ဖျတ်လတ်တယ်။ အားမာန်ခွန်အား အပြည့်ရှိတယ်။ အပင်ပန်းခံနိုင်တယ်။ စူးစမ်းချင်စိတ်ရှိတယ်။ တိုက်ရဲခိုက်ရဲတယ်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရဲတတ်တယ်။ လူငယ်တွေမှာရှိတဲ့ အရည်အချင်းတွေဟာ အများကြီးပါ။ လူကြီးတွေ ဘယ်လိုမှပြန်မရနိုင်တော့တဲ့ အရည်အချင်းတွေပါ။

လူကြီးတွေကျတော့ အသက်အရွယ်ရလာတော့ သွားတာလာတာ၊ လုပ်တာကိုင်တာ အားလုံး နှေးကွေးသွားပြီ။ အရာရာကို လူငယ်တုန်းကလို အလျင်အမြန် မလုပ်နိုင်တော့ဘူး။ လုပ်ချင်လည်း လုပ်နိုင်တဲ့ခွန်အား မရှိတော့ဘူး။ လူငယ်ဘဝတုန်းကလို မစဉ်းစားမဆင်ခြင်ဘဲ အဆောတလျင် လုပ်ခဲ့လို့ လူကြီးဘဝမရောက်သေးတဲ့လူငယ်တွေက လူကြီးတွေဟာ သတ္တိမရှိကြဘူး။ မလုပ်ရဲဘူး။ သိပ်ကြောက်တတ်တယ်လို့ ထင်ကြတယ်။ အဲဒီလိုပဲ သတ်မှတ်ကြတယ်။ ဆုံးဖြတ်ချက်ချဖို့လည်း အရမ်းနှေးကွေးတယ်လို့ ပြောကြတယ်။ ဒီခေတ်ကြီးထဲမှာ ဆုံးဖြတ်ချက်ချတာ နှေးကွေးနေရင် သူများနောက်ကျန်ခဲ့မှာပေါ့လို့ ဆိုကြတယ်။

တစ်ခါ လူကြီးတွေကလည်း လူငယ်လေးတွေ မစဉ်းစားမဆင်ခြင်လုပ်လို့ ဒုက္ခရောက်တော့မယ်၊ အမှားတွေလုပ်မိတော့မယ်၊ နောင်တရကြလိမ့်မယ်လို့ ပြောကြတယ်။ ဟုတ်တယ်လေ။ လူကြီးတွေက သူတို့ဘဝ တစ်လျှောက်လုံး အမှားပေါင်းများစွာလုပ်ခဲ့ပြီး နောင်ကျမှ မှားမှန်းသိခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့တာကိုး။

တကယ်တော့ ဒီဆန့်ကျင်ဘက် အယူအဆနှစ်ခုဟာ သူတို့ရဲ့အမြင် တစ်ဖက်စီကနေကြည့်ရင် မှန်ကြပါတယ်။ အဲဒီလို ကိုယ့်ဘက်ကပဲ မှန်တယ်ဆိုတဲ့အယူအဆကို စွဲကိုင်နေမယ့်အစား တစ်ဖက်နဲ့တစ်ဖက် နားလည်းအောင် ကြိုးစားပြီး အဲဒီ မတူတဲ့ အတွေးအခေါ် အယူအဆနှစ်ရပ်ကို ပေါင်းစပ်ပေးနိုင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့အားမာန်ဟုန်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။

Risk ယူပြီး အရဲစွန့်လုပ်ရမယ့်ကိစ္စတွေဆိုရင် လူငယ်တွေ လုပ်ရဲတယ်။ လူငယ်တွေ လုပ်ရဲတာလုပ်ကြပါစေ။ ဒါပေမဲ့ ဘယ်လိုအကျိုးတွေဖြစ်လာနိုင်တယ်။ မလိုလားအပ်တဲ့အကျိုးဆက်တွေကို ဘယ်လိုရှောင်ရှားသင့်တယ်။ သူတို့ငယ်ငယ်က မှားခဲ့တာမျိုးမဖြစ်အောင် ပြောပြသင့်တယ်။ လူငယ်ဖက်ကလည်း ဒါတွေကို ထည့်သွင်းတွက်ချက်ပြီးမှ လုပ်သင့်တယ်။

အဲဒီလို လူငယ်နဲ့လူကြီးတွေ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ဘယ်ကုမ္ပဏီပဲဖြစ်ပါစေ၊ ဘယ်လူ့အဖွဲ့အစည်းဖြစ်ပါစေ၊ ဘယ်နိုင်ငံပဲဖြစ်ပါစေ အောင်မြင်မှုတွေရမှာပဲလို့ ယုံကြည်မိပါတယ်။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts