မဖြစ်နိုင်ဘူးထင်သလား

မဖြစ်နိုင်ဘူးထင်သလား (Part 2 – The End)

အဲဒါပဲဖြစ်၏။ လူတွေ ကြည့်လိုက်လျှင် ပက်လက်ကုလားထိုင်မှာ ထိုင်ကာ မဖြစ်နိုင်ပါဘူးဟု တွေးနေသူများ၏။ ဘယ်သူတွေ ဘာတွေဖြစ်နေကြပေမယ့် ငါ့အတွက်တော့ မျှော်လင့်ချက်မရှိပါဘူးဟု စိတ်ဓာတ်ကျနေသူနေတွေ များ၏။ ဒီအတိုင်း အပျက်ပဲ တွေးကာ ငုတ်တုတ်ထိုင် မှိုင်နေသရွေ့တော့ ဘာမှ ဖြစ်မလာနိုင်တာ အမှန်ပင်။

သို့သော် လယ်ရီဝေါ်လတား(စ)လို ပုဂ္ဂိုလ်မျိုးအဖို့တော့ လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိ။ လေမှာ ပျံဝဲချင်သလား။ တခြားနည်းနဲ့ မဖြစ်နိုင်လျှင် ကုလားထိုင်မှာ ပူစီဖောင်းချည်သော နည်းနဲ့ ဖြစ်ရမယ်။ ပေသောင်းတစ်ထောင် ရောက်သည့်အခါ “ဟေး၊ ရောက်ပြီကွ၊ ငါလေထဲ ပျံနေပြီ” ဟု အော်မယ်။ တစ်ကမ္ဘာလုံး ကြားအောင် ရေဒီယိုနဲ့ လှမ်းပြောမယ်။

မှန်တယ်။

လောကကြီးမှာ အပြီးသတ် အဆုံးအဖြတ်ပေးမယ့် အရာက စိတ်ဓာတ်ပဲ ဖြစ်တယ်။ အချိန်ကာလ ကြာချင်ကြာသွားမယ်။ ပုံစံက အများထင်တာ၊ မျှော်လင့်တာနဲ့ ကွာခြားကာ ဆန်းဆန်းပြားပြားတွေ ဖြစ်ချင်ဖြစ်နေမယ်။ သို့သော် အရေးကြီးသည်က ကောင်းကင်သို့ ရောက်ဖို့ရင်ထဲ နှလုံးသားထဲက ဆန္ဒပြည့်ဝဖို့၊ ရည်မှန်းချက် ပန်းတိုင် ပေါက်မြောက်အောင်မြင်ဖို့ ဒါပဲ ဖြစ်တယ်။

ကိုယ့်စိတ်ကူးကို မဖြစ်နိုင်ဘူးဟု မချုပ်ချယ်နဲ့။ သူများ စိတ်ကူးကိုလည်း အဓိပ္ပါယ်မရှိတာဟု မလှောင်ပြောင်နဲ့။

လူတွေ လေထဲ မပျံနိုင်ဘူးဟု ဆိုခဲ့သည်။ လေမှာ ပုံစံအမျိုးမျိုးဖြင့် ပျံသူတွေ ပျံပြခဲ့ကြပြီ။ “ဟေး တခြားကိရိယာ အကူအညီတွေနဲ့ ပျံတာပါကွ၊ ငှက်တွေလို သူ့ခန္ဓာကိုယ် သက်သက်နဲ့ ပျံနိုင်သလား” ဟု ဆိုသူတွေ ဆိုကြပါလိမ့်မယ်။

စောင့်သာကြည့်ကြစမ်းပါ။ ဗီတာမင်ဆေးတွေ တီဗီမှာ ကြော်ငြာသည့် စွမ်းအားမြှင့်ဆေးရည်တွေ သောက်ကာ တစ်ယောက်တည်း ကျိတ်ပြီး တောင်ပံခတ်ကျင့်နေသော ပုဂ္ဂိုလ်တွေ မရှိဟု မပြောနိုင်။ တစ်နေ့သောအခါ ဒီလူတွေ လေမှာ ပျံမပြဘူးဟု ဘယ်သူမှ မပြောနိုင်။

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts