ရောမမြို့မှာလမ်းသလားနေတဲ့ ခြင်္သေ့ကြီး

ရောမမြို့ မှာ လမ်းသလားနေတဲ့ ခြင်္သေ့ကြီး(အပိုင်း-၁)

ရှေးခေတ်ရောမပြည်မှာ အန်ဒရိုလိစ် လို့ ခေါ်တဲ့ ကျွန်ကောင်လေးတစ်ဦးဟာ ရက်စက်လှတဲ့ သခင် တစ်ယောက် အိမ်မှာ နေရသတဲ့။ ကျွန်ပိုင်ရှင်ကြီးဟာ ရက်စက်ကြမ်းကြုတ်တာမို့ ကောင်ကလေး ဟာ ထွက်ပြေးချင်နေတာပဲ။ အဲဒီခေတ်တုန်းက ကျွန်ပိုင်ရှင်တွေ ဟာ ကျွန်တွေကို လုံးဝပိုင်ဆိုင်သတဲ့လေ။ ပိုင်ရှင်ထံက ထွက်ပြေးတယ်ဆိုတာ ကြီးမားတဲ့ ရာဇဝတ်မှုပဲ။ ကျွန်လိုက်ဖမ်းသူတွေလည်းရှိတယ်။

“ဒီမှာ အရိုက်အနှက် အထုအထောင်း ခံနေမယ်အစား တောထဲကိုပဲ ပြေးတော့မယ်” လို့ အန်ဒရိုလိစ် က တွေးသတဲ့။

တစ်ရက်တော့ စံအိမ်မှာ သခင်မရှိတုန်း ကျေးကျွန်ကောင်လေးဟာ ထွက်ပြေးသွားခဲ့တယ်။ တောအုပ်ထဲကို ပြေးတာပါ။ မရပ်မနားပြေးတယ်။ ဒါမှ ကျွန်ဖမ်းသမား ရဲမက်တွေ လက်က လွတ်မှာကိုး။ အန်ဒရိုလိစ် ဟာ တောနက်ထဲအထိ ဝင်ပြေးတယ်။ တောထဲလည်း ရောက်ရော ပင်ပန်းလွန်းလို့ သစ်ပင်ကြီး တစ်ပင်အောက်မှ ဝင်အိပ်နေလိုက်တယ်။ လွတ်လပ်ခြင်း ရဲ့ အရသာဟာ ကောင်းလိုက်တယ်။ ဒါပေမဲ့ ခဏနေတော့ ဗိုက်ဆာ လာပါရောလား။

ဘယ်ရီသီးတွေ လိုက်ရှာစားရတယ်။ မှိုတွေ တွေ့ပေမယ့် ဘယ်ဟာက စားလို့ရတယ်၊ ဘယ်ဟာက စားလို့မရဘူးလဲ သူမသိဘူးလေ။ နေ့ရက်တွေ ကြာလာတော့ အန်ဒရိုလိစ် ဟာ အားနည်း လာခဲ့တယ်။ တစ်ညနေမှာတော့ သူဟာ အားနည်း ပင်ပန်းလွန်းလာတာမို့ ဂူတစ်ခုထဲကို ဝင်ပြီး အိပ်စက် နေလိုက် လေရဲ့။

ညကျတော့ ခြင်္သေ့ဟိန်းသံကြီးတစ်သံ ကြားလိုက်ရတယ်။ ခြင်္သေ့ကြီးတစ်ကောင် သူ့ဆီကို လာနေပါရောလား။ ခြင်္သေ့ဂူထဲမှာ သူဝင်အိပ် မိတာပေါ့။ ဂူထဲမှာ သူပိတ်မိနေပြီ။ ကာကွယ်ဖို့ လက်နက်အပြေးရှာတယ်။ ကျောက်တုံးတွေကလွဲလို့ ဘာမှလည်း မတွေ့ပါဘူး။ ဒါပေမဲ့ ခြင်္သေ့ကြီးဟာ သူ့ကို တစ်ချက်ပဲ ကြည့်ကာ “ဂရား” လို့ အော်လိုက်ပြီး မြေပြင်ပေါ် လှဲချလိုက်တယ်။ ဘယ်လိုပါလိမ့်။ ပြီးတော့ သူ့ရဲ့ ခြေထောက် ဖဝါးကို လျှာနဲ့ လျက်နေသတဲ့။ ခြင်္သေ့ကြီးရဲ့ ခြေထောက်မှာ ဆူးကြီးဝင်နေတာကို အန်ဒရိုလိစ် တွေ့လိုက်ရတယ်။

“မင်းက နာကျင်နေတာကိုး ခြင်္သေ့ကြီးရယ်။ မင်းကိုငါ ကူညီရင် ငါ့အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ရမှာပဲ” လို့ အန်ဒရိုလိစ် က ပြောလိုက်တယ်။

အန်ဒရိုလိစ် ဟာ ဖြည်းဖြည်းချင်း ခြင်္သေ့ကြီးနားကို ကပ်သွားလိုက်တယ်။ ခြင်္သေ့ကြီးနား ဒူးထောက် ထိုင်ချလိုက်ပြီး သူ့ခြေထောက်ကို ကိုင်ကြည့်လိုက်တယ်။ ကောင်လေးဟာ လက်တွေ တုန်လို့ပေါ့။ ခြင်္သေ့ဖဝါး က ဆူးကြီးကို သူဟာ စိတ်ရှည်လက်ရှည် ဆွဲနူတ်နေတယ်။

“ဂရား” လို့ အော်လိုက်ပေမယ့် ခြင်္သေ့ကြီးက ငြိမ်ခံနေတယ်။ ကောင်လေးက အားရပါးရ ဆွဲနူတ်လိုက်အပြီးမှာတော့ ခြင်္သေ့ကြီးခြေမှာ စိုက်နေတဲ့ ဆူးကြီး အကုန်ထွက် သွားသတဲ့။

ကောင်လေးက သူ့ရဲ့ ခြုံလွှာကို ဖြဲလိုက်ပြီး ခြင်္သေ့ကြီးရဲ့ ခြေထောက်က အနားကို စည်းပေးထားလိုက်တယ်။ ခြင်္သေ့ကြီးဟာ မျက်လုံးကို ဖြည်းညှင်းစွာ ပိတ်လိုက်တယ်။ ဒီလိုနဲ့ ကောင်လေး နဲ့ ခြင်္သေ့ကြီးဟာ ဂူကြီးထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျသွားကြလေတယ်။

အဲဒီနေ့ကစလို့ မြင်နေကျမဟုတ်တဲ့ အံ့သြထူးဆန်းဖွယ်ရာ ခင်မင်ရင်းနှီးမှု စ တော့ တာပါပဲ။ ခြင်္သေ့ကြီးဟာ အန်ဒရိုလိစ် နဲ့ပဲ တူတူနေသတဲ့။ သူရလာတဲ့ စားစရာတွေကို ကောင်လေးကို မျှပေးတယ်။ ကောင်လေး ဟာ ခြင်္သေ့ကြီးရဲ့ ခြေထောက်ဖဝါးကို လှန်လှန်ကြည့်ပြီးတော့ အနာသက်သာအောင် ပြုစုပေးတယ်။

တစ်ရက်တော့ ခြင်္သေ့ကြီး အမဲလိုက်နေတုန်း အန်ဒရိုလိစ် က ရေသွားခပ်တယ်။ ရုတ်တရက်ဆိုသလို တောအုပ်ထဲက ကျွန်ဖမ်းသမား ရဲမက်တွေ ပေါ်လာပြီး သူ့ကို ဆွဲခေါ်သွားကြတယ်။ သူဟာ ကျွန်ပိုင်ရှင်တွေ လက်ကို ပြန်ရောက်သွားခဲ့ရပြီ။

သူ့ကို ရောမ မြို့ဘက်ကို ပြန်ဆွဲခေါ်သွားခဲ့တယ်။ ပြီးတော့ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးတယ်။ ဒါမှ တခြားကျွန်တွေ ထွက်မပြေးရဲမှာ မဟုတ်လား။ သူ့ကို တိုက်ခိုက်ရေးသမား ဂလက်ဒီယေတာ အဖြစ် သားရိုင်း တိရစ္ဆာန် တွေနဲ့ တိုက်ခိုက်ခိုင်းပါတော့မယ်။

ရောမ ခေတ်တုန်းက ကိုလိုစီယမ် လို့ခေါ်တဲ့ ကွင်းကြီးထဲမှာ လူသားကျေးကျွန်အချင်းချင်း ဒါမှမဟုတ်၊ လူနဲ့ တိရစ္ဆာန် တို့ကို တိုက်ခိုက်ခိုင်းပြီး ကျေးကျွန်ပိုင်ရှင်တွေက အပျင်းပြေ ကြည့်ကြသတဲ့လေ။

-စိတ်ခွန်အားပြည့် စာစုလေးများ မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။

Related Posts