စိတ်ထားမှန်မှ ထိုက်တန်တဲ့အကျိုးခံစားရမယ်

စိတ်ထားမှန်မှ ထိုက်တန်တဲ့ အကျိုးခံစားရမယ်

တစ်နေ့မှုာ အတော်လေးဆင်းရဲတဲ့ အသက် ၇၀ ကျော်အရွယ် အဘွားကြီးတစ်ယောက်ဟာ သူထိုးထားတဲ့ ထီလက်မှတ်တစ်စောင်ကို ထီပေါက်စဉ်မှာတိုက်ကြည့်ရင်း တစ်သိန်းထီဆုပေါက်နေတာ တွေ့လိုက်တယ်။ အဘွားကြီးလည်း ဝမ်းသာပြီး ဘာလုပ်ရမှန်းမသိတာနဲ့ ချက်ချင်းပဲ အိမ်တံခါးသော့ခတ်ပြီး စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ သူ့သားဆီကို ဆိုက်ကားတစ်စီးငှားစီးပြီး သွားပါတော့တယ်။ လမ်းမှာ စိတ်လှုပ်ရှားနေတဲ့ အဘွားကြီးကို ဆိုက်ကားသမားက ဘာဖြစ်နေတာလဲလို့ မေးပါတယ်။

ရိုးသားတဲ့အဘွားကြီးကလည်း ထီတစ်သိန်းဆုပေါက်လို့ အခုသားဆီသွားပြောမလို့လို့ အမှန်အတိုင်းပြောလိုက်ပါတယ်။ ဆိုက်ကားသမားကလည်း ထီပေါက်တာ သေချာလို့လား မေးတယ်။ အဘွားကြီးကလည်း “မယုံရင် ဟောဒီမှာ ထီလက်မှတ်နဲ့ ထီပေါက်စဉ် တိုက်ကြည့်လေ” လို့ ပြောပြီး ဆိုက်ကားသမားလက်ထဲကို ထီလက်မှတ်နဲ့ ပေါက်စဉ်ကို ပေးလိုက်တယ်။

ဆိုက်ကားသမားကလည်း သူ့ဆိုက်ကားကို လမ်းဘေးက သစ်ပင်ရိပ်မှာ ထိုးရပ်လိုက်ပြီး အဘွားကြီးပေးတဲ့ ထီလက်မှတ်နဲ့ ထီပေါက်စဉ်ကို တိုက်ကြည့်လိုက်တယ်။ ဟာ… တကယ်ပဲ တစ်သိန်းဆုပေါက်နေတာပဲဆိုပြီး ဆိုက်ကားသမား အံ့အားသင့်သွားတယ်။ ငွေမြင်တော့ လောဘတက်လာတဲ့ ဆိုက်ကားသမားဟာ ဘာလုပ်လိုက်သလဲ။

အဘွားကြီးရဲ့ ထီလက်မှတ်ကို သူ့အင်္ကျီအိတ်ထောင်ထဲက သူထိုးထားတဲ့ ထီလက်မှတ်တစ်စောင်နဲ့ အဘွားကြီးမမြင်အောင် ခပ်သွက်သွက်လဲယူလိုက်တယ်။ နောက်ပြီး အဘွားကြီးကို လဲလိုက်တဲ့ ထီလက်မှတ်နဲ့ ထီပေါက်စဉ်ကို ပြန်ပေးရင်း တစ်သိန်းဆုပေါက်တာ မှန်တယ်။ ဝမ်းသာတယ်။ သူ့ကိုလည်း ဘောက်ဆူးပေးဖို့ မမေ့နဲ့နော်လို့ အဘွားကြီးကို လမ်းတစ်လျှောက်‌ လေပြေတွေ ပစ်ပါတော့တယ်။

အဘွားကြီးလည်း သားလုပ်နေတဲ့ စက်ရုံကိုရောက်လာပြီး ဆိုက်ကားပေါ်က ဆင်းဆင်းခြင်း စက်ရုံတံခါးဝကနေ သူ့သားကိုအော်ခေါ်လိုက်တယ်။ သူ့သားလည်း‌ အပြေးအလွှားရောက်လာပြီး ဘာဖြစ်လို့လဲအမေလို့ စိုးရိမ်တကြီး မေးတယ်။ အဘွားကြီးကလည်း “အမေလေ ထီတစ်သိန်းဆုပေါက်လို့ဟေ့” လို့ ဝမ်းသာအားရ ပြောလိုက်တယ်။ ဒီအချိန်မှာ လိမ်ထားလို့ စိတ်မလုံတဲ့ ဆိုက်ကားသမားကတော့ ဆိုက်ကားကို ကမန်းကတန်းနင်းပြီး ထွက်သွားပါပြီ။

သားဖြစ်တဲ့သူလည်း သူ့အမေဆီက ထီလက်မှတ်နဲ့ ထီပေါက်စဉ်ကို ဆွဲယူပြီးတိုက် ကြည့်လိုက်တယ်။ အတော်လေးကြာတော့ သားက “ဟာ… အမေရာ ဘယ်ကသာ တစ်သိန်းဆုပေါက်ရမှာလဲ”တဲ့။ အဘွားကြီးက “သားရယ် သေချာကြည့်စမ်းပါ။ တစ်သိန်းဆုပေါက်တာ တကယ်ပါ။ လမ်းမှာ ဆိုက်ကားသမားကတောင် စစ်ကြည့်ပြီးလို့ ပေါက်တာ သေချာတယ်လို့ ပြောသေးတယ်”။ သားဖြစ်သူက ပြောလိုက်တယ်။ “အမေရေ အမေပေါက်တဲ့ထီက တစ်သိန်းဆု မဟုတ်ဘူးဗျ။ သိန်း (၂၀၀) ဆုကြီးပေါက်နေတာ အမေရေ”တဲ့။

ငယ်ငယ်တုန်းက မဂ္ဂဇင်းတစ်စောင်မှာ ဖတ်ဖူးတဲ့ဝတ္ထုလေးကို မှီငြမ်းရေးလိုက်တာပါ။ အဖြစ်မှန်လား စိတ်ကူးယဉ်လားတော့ မသိပါ။ ဒါပေမဲ့ စိတ်ထားမှန်တဲ့သူနဲ့ မမှန်တဲ့သူအကြောင်း အသိပညာပေးထားတာမို့ သဘောကျလွန်းလို့ ရေးပြလိုက်တာပါ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts