ရောမမြို့မှာလမ်းသလားနေတဲ့ ခြင်္သေ့ကြီး

ရောမမြို့ မှာ လမ်းသလားနေတဲ့ ခြင်္သေ့ကြီး(အပိုင်း-၂)

အန်ဒရိုစီလိစ်ကို ရက်ပေါင်းများစွာ အကျဉ်းချထားခဲ့ပြီး တစ်ရက်ကျတော့ ရဲမက်တွေ ရောက်လာတယ်။ “ဟေ့ ကျွန်ကောင်လေး၊ မင်းတော့ ဒီနေ့ သတ္တိကောင်းပြီး လျင်မြန်မှ ဖြစ်မယ်ဟေ့။ မင်းနဲ့ တိုက်ခိုက်ရမယ့် သားရဲကြီးက အစာမစားရသေးတာ ကြာလှနေပြီ။ ဆီဇာ ကိုယ်တိုင်လာကြည့်မယ့် ပွဲပဲ။ မင်းတော့ နှစ်ခြမ်းပြဲမှာ မြင်ယောင်သေးသဟေ့” လို့ ပြောလိုက်တယ်။

အန်ဒရိုစီလိစ်ဟာ ဒူးတွေတောင် တုန်တယ်။ သူ သေရတော့မှာပါလား။ သူဟာ တိုက်ခိုက်ရေးကွင်းထဲကို ဝင်လိုက်တယ်။ လက်ထဲမှာ ရောမမြို့ စစ်သုံး ကြေးဓါး နဲ့ ဒိုင်းတစ်လက်ပဲ ပါတယ်။ လူအုပ်ကြီးဟာ ဝေါကနဲ အားပေးလိုက်တယ်။ ဒါပေမဲ့ ဒီလိုအားပေးတဲ့ အသံဟာ ဟိုဘက် တံခါးပေါက်ကနေ အကောင်လိုက် မထွက်လာခင် ပေါ်ထွက်လာတဲ့ သားရဲ ဟိန်းသံကြီးကို မကျော်နိုင်ပါဘူးတဲ့။

ကိုလိုစီယမ် ကွင်းကြီးရဲ့ တစ်ဖက် က တံခါးဝဆီက လှောင်အိမ်ကြီးကို ဖွင့်ပေးလိုက်တဲ့ အချိန်မှာပဲ သားရဲကြီးက “ဝေါင်း၊ ဂရောင်း” ဆိုပြီး ဟိန်း လိုက်သတဲ့လေ။ ခြင်္သေ့ကြီး တစ်ကောင်ပဲ။ ခြင်္သေ့ကြီးဟာ ကျေးကျွန်ကောင်ကလေးရှိရာ ကွင်းတစ်ဖက်ကို အားအင်အပြည့်နဲ့ ခြေကုန်သုတ်ပြေးလာတယ်။ ကောင်လေးဟာ သူ့ဓါးကို ကျစ်နေအောင် ဆုတ်ထားပြီး အဆင်သင့်နေလိုက်တယ်။ မြို့တော်စောင့် နတ်ဘုရားမ ကယ်တင်တော်မူပါ။ ခြင်္သေ့ကြီးဟာ ဆာလောင်စွာ မြည်ဟိန်းလိုက် သေးရဲ့။

အနားလည်းရောက်လာရော ခြင်္သေ့ကြီးဟာ သူ့ရန်သူ မဟုတ်ဘူးဆိုတာကို အန်ဒရိုစီလိစ် သိလိုက်ပါတော့ တယ်။ “ဟေ့ မင်းပါလား။ ငါ့သူငယ်ချင်းကြီး” လို့ ကောင်လေးက အော်လိုက်တယ်။ ခြင်္သေ့ကြီးဟာ ပြေးနေရာကနေ ရပ်လိုက်ပြီး ကောင်လေးကို ခေါင်းနဲ့တိုးဝှေ့ပြီး လျှာနဲ့ လိုက်လျက်နေတယ်။ ကောင်လေးကလည်း ဓါးကို ပစ်ချလိုက်ပြီး ခြင်္သေ့ရဲ့ လည်ဆံမွှေးတွေပေါ်ကနေ ဖက်ထားလိုက်တယ်။ “မင်းနဲ့ ဒီတစ်သက်လုံး ပြန်မတွေ့တော့ဘူးလို့ ထင်နေတာလကွ” လို့ ကောင်လေးက ပြောလိုက်တယ်။

ကိုလိုစီယမ် ကွင်းကြီးတစ်ခုလုံး ရောမမြို့သားတွေဟာ အသံတောင် မထွက်နိုင်အောင် တိတ်ဆိတ်သွားခဲ့တယ်။ ဘုရင် ဆီဇာ လည်း အပါအဝင်ပေါ့။ လူတစ်ယောက်ဟာ သားရိုင်းခြင်္သေ့ကြီးကို ခုလိုမျိုး ကြောင်ကလေးလို ထိန်းလိုက်တာ သူတို့ မမြင်ဖူးသေးဘူးလေ။ သူတို့အားလုံး ဒီ လူသတ်ကွင်း ထဲမှာ ခင်မင်မှုဆိုတာကို မမြင်ဖူးတာ အသေအချာပဲလေ။ “ဒီကျေးကျွန်ကို လွတ်လပ်ခွင့် ပေးပါဗျို့” လို့ လူအုပ်ထဲက အသံတစ်သံ ထွက်လာတယ်။ တခြားလူတွေကပါ လိုက်ပြီး ဒီလို အော်ကြလေတယ်။

ဆီဇာ ဟာ ဘယ်လိုကြောင့် ဒီလိုဖြစ်ရပ်မျိုးရှိတယ်ဆိုတာ သိပ်ကို သိချင်တာပေါ့။ ဆီဇာက ပွဲကြည့်ရာ မင်းစင် ရှိရာ ဘက်ကို လျှောက်လာခဲ့ဖို့ ကောင်လေးကို လှမ်းပြောလိုက်တယ်။ အန်ဒရိုစီလိစ် ဟာ သူ့သူငယ်ချင်း ခြင်္သေ့ကြီးကိုပါ ဆွဲခေါ်လာပြီး ဆီဇာပွဲကြည့်နေတဲ့ စင်ရှေ့ဘက်ကို သွားပြီး ဦးညွှတ်လိုက်တယ်။ “ခြင်္သေ့ဟာ ဘာကြောင့် မောင်မင်းကို မတိုက်ခိုက်ရတာလဲ” လို့ ဆီဇာ က မေးလိုက်တယ်။ သူအရမ်းသိချင်နေပြီလေ။

“ကျွန်တော်တို့ အချင်းချင်း သိကျွမ်းခင်မင်လို့ပါ ဆီဇာ” လို့ ကောင်လေးက ဟစ်အော်ပြီး ဖြေကြားတယ်။ သူတို့ ဆုံတွေ့ခဲ့ကြတုန်းက ခြင်္သေ့ကြီး ဒဏ်ရာရနေစဉ် ဘယ်လို ကူညီခဲ့ဖူးတယ်ဆိုတာကိုပါ ပြောပြလိုက်တယ်။ ဆီဇာ ဟာ သိပ်ကို အံ့သြသွားခဲ့တယ်။ အရမ်းလည်း သဘောကျသွားတယ်။ ဒါကြောင့် အမိန့်ချလိုက်တယ်။ “ကျေးကျွန်ကောင်ကလေး အန်ဒရိုစီလိစ်ဟာ ယနေ့မှစပြီးတော့ ကျွန်အဖြစ်မှ လွတ်ငြိမ်းခွင့်ရစေ။ ခြင်္သေ့ကိုလည်း လွှတ်လိုက်စေ” တဲ့။

ကောင်လေးနဲ့ ခြင်္သေ့ကြီးဟာ ရောမမြို့ပြင် က တောအုပ်ထဲကို ဝင်သွားကြတယ်။ သူတို့ဟာ တူတူနေထိုင်ပြီး ရှာဖွေ စားသောက်ကြတယ်။ တခါတလေ တော့ ရောမ မြို့ရဲ့ လမ်းတွေပေါ်မှာ ကောင်လေးနဲ့ ခြင်္သေ့ကြီးကို တွေ့ရတတ်တယ်။ သူတို့ လမ်းလျှောက်လာပြီဆိုရင် မြို့သူမြို့သားတွေက စားစရာတွေ၊ အသားတွေ၊ ငွေစ တွေ ပစ်ချပေးလေ့ရှိတယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒါတွေကို ကောက်ပြီး ပြန်ကြတာပေါ့။

-စိတ်ခွန်အားပြည့် စာစုလေးများ မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။

Related Posts