ကျောက်ခဲလေးနှစ်လုံးပုံပြင်

ကျောက်ခဲလေးနှစ်လုံးပုံပြင်

အိန္ဒိယနိုင်ငံက ရွာလေးတစ်ရွာမှာ လယ်သမားကြီးတစ်ယောက်ဟာ မျိုးစပါးဝယ်ဖို့ ပိုက်ဆံမရှိလို့ ရွာထဲကငွေတိုးချေးစားတဲ့ လူတစ်ယောက်စီက ပိုက်ဆံချေးငှားပြီး လယ်စိုက်ပါတယ်။ စပါးရိတ်သိမ်းချိန်ရောက်တော့ မိုးကြီးပြီးသူ့လယ်ဟာ ရေတွေဖုံးလွှမ်း ပျက်စီးသွားလို့ အကြွေးပြန်မဆပ်နိုင်တော့ဘူး။ 

ငွေချေးပေးသူက လယ်သမားကြီးကို တရားစွဲပြီးထောင်ကျအောင် လုပ်မယ်လို့ ခြိမ်းခြောက်တယ်။ တကယ်လို့ လယ်သမားကြီးရဲ့ ရုပ်ရည်ချောမောလှပတဲ့ သမီးပျိုလေးကို သူနဲ့လက်ထပ်ခွင့်ပေးရင်‌‌တော့ တရားမစွဲတော့ပဲ လယ်သမားကြီးရဲ့ အကြွေးကို လျှော်ပေးမယ်လို့ ကမ်းလှမ်းတယ်။ ‌ငွေချေးသူဟာ အသက်ကြီးကြီး ရုပ်ဆိုးဆိုးလူကြီးမို့ လယ်သမားကြီးရော သူ့သမီးကပါ သဘောမတူဘူးလို့ အတင်းငြင်းကြတယ်။ 

ဒီတော့ ငွေချေးပေးသူက လယ်သမားကြီးကို အလောင်းအစား တစ်ခုလုပ်ဖို့ အဆိုပြုတယ်။ သူကကျောက်ခဲအမဲတစ်လုံးနဲ့ ကျောက်ခဲအဖြူတစ်လုံးကို အိတ်လေးတစ်ခုထဲမှာ ထည့်ထားမယ်။ လယ်သမားကြီးရဲ့သမီးကို အဲဒီအိတ်ထဲက ကျောက်ခဲတစ်လုံးကို နှိုက်ခိုင်းမယ်။ ကောင်မလေးနှိုက်ယူလိုက်တာက ကျောက်ခဲအမည်းဆိုရင် သူနဲ့လက်ထပ်ရမယ်။ အကြွေးတွေကို လျှော်ပစ်လိုက်မယ်။ တကယ်လို့ ကောင်မလေးဟာ ကျောက်ခဲအဖြူကို နှိုက်မိရင်တော့ သူနဲ့ လက်ထပ်စရာ မလိုတော့ဘူး။ အကြွေးတွေလည်း လျှော်ပေးမယ်ပေါ့။ အဲဒီအကြံကို လက်မခံရင်‌တော့ လယ်သမားကြီးကို တရားစွဲထောင်ချမယ်လို့ အကျပ်ကိုင်တာကြောင့် လယ်သမားကြီးတို့ သားအဖလည်း မတတ်သာပဲ သဘောတူလိုက်ကြရတယ်။ 

ဒါနဲ့ ကောက်ကျစ်စိတ်ရှိတဲ့ ငွေချေးသူဟာ သူ့ဘောင်းဘီအိတ်ထဲက အဝတ်အိတ် အမည်းလေးတစ်ခုကို ထုတ်လိုက်ပြီး သူတို့ရပ်နေတဲ့နေရာနားက ကျောက်ခဲပုံထဲက ကျောက်ခဲနှစ်လုံးကို ကောက်ယူပြီး အိတ်လေးထဲကို ထည့်လိုက်တယ်။ ဒီလူကြီး ကျောက်ခဲအမည်းနှစ်လုံးကို ရွေးပြီးကောက်ထည့်လိုက်တာကို မျက်စိလျင်တဲ့ ကောင်မလေးက မြင်လိုက်တယ်။ ဒါပေမယ့် ဘာမှမပြောပဲ ငြိမ်နေလိုက်တယ်။ အခု ငွေချေးသူလူကြီးက ကောင်မလေးကို အိတ်ထဲက ကျောက်ခဲတစ်လုံးကို နှိုက်ယူဖို့ပြောနေပြီ။ 

ဒီနေရာမှာ သင်သာ ကောင်မလေးနေရာမှာဆိုရင် ဘာလုပ်မလဲ။ ရှင်ဟာလူလိမ်လူညစ်ကြီးဆိုပြီး ကျောက်ခဲကို မနှိုက်ဖူးလို့ ငြင်းလိုက်မလား။ အဲဒါဆိုရင် သူ့အဖေထောင်ကျသွားမှာပေါ့။ ကဲ အိတ်ထဲက ကျောက်ခဲတစ်လုံးကို နှိုက်ယူလိုက်မယ်ဆိုရင်လဲ ကျောက်ခဲအမည်းဖြစ်နေမှာ သေချာနေပြီ။ ကျောက်ခဲအမည်းဆိုတာနဲ့ ဒီလူယုတ်မာကြီးကို လက်ထပ်ရတော့မယ်။ အကြံရ ကြပ်လိုက်တာနော်။ 

ဒါပေမယ့် ကောင်မလေးဟာ အိတ်ထဲက ကျောက်ခဲတစ်လုံးကို အေးအေးဆေးဆေးပဲ နှိုက်ယူလိုက်ပါတယ်။ ကျောက်ခဲဘာအရောင်ဆိုတာ လက်ဖြန့်မကြည့်ရသေးခင်လေးမှာ ကျောက်ခဲဟာ ကောင်မလးလက်ထဲက လွတ်ကျပြီး ကျောက်ပုံထဲရောက်သွားလို့ ဘာအရောင်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။ 

ကောင်မလေးကချက်ချင်းပဲ အခုလိုပြောလိုက်ပါတယ်။ ‘ကျွန်မကလည်းပေါ့ဆလိုက်တာရှင်။ ဒီကျောက်ခဲလေးတစ်လုံးတောင် မြဲအောင် မကိုင်နိုင်ဘူး။ ဒါပေမယ် ကိစ္စမရှိပါဘူးလေ။ အိတ်ထဲမှာကျန်ခဲ့တဲ့ ကျောက်ခဲလေးကို ထုတ်ကြည့်လိုက်ရင် အခုလွတ်ကျသွားတဲ့ ကျောက်ခဲဟာ ဘာအရောင်လဲဆိုတာ သိနိုင်တာပဲလေ’ တဲ့။ ယုတ်မာတဲ့ ငွေချေးသူကြီး ဘာတတ်နိုင်သေးလဲ။ သူထည့်ထားတဲ့ ကျောက်ခဲနှစ်ခုစလုံးဟာ အမည်းရောင်ပဲလို့ ပြောလို့ကမဖြစ်တော့ ခံလိုက်ရပြီပေါ့။ 

တကယ့် ဘေးကျပ်နံကျပ် အခြေအနေထဲရောက်ရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ကူးဉာဏ်ကောင်းထွက်ကြတယ်လို့ပြောကြတာ ဒါကြောင့်မို့လို့ထင်ပါတယ်။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts