တိုင်းပြည့်ရန်သူ

တိုင်းပြည့်ရန်သူ (အပိုင်း – ၂)

တိုင်းပြည့်ရန်သူ ~~~~ ထိုည နှစ်ချက်တီးကျော်မှ စ၍ ကြက်ဦးတွန်အထိ အသံများ အဆက်မပြတ် ကြားရသည်။ အသံစဲလေသော်မှ ငဘနှင့်တကွ အိမ်နီးပါးချင်းတို့ပါ အိပ်နိုင်တော့သည်။

မောမောနှင့် အိပ်လိုက်သည်မှာ ဇွန်းသံ၊ ပန်းကန်သံ ကြားမှပင် ငဘ နိုးတော့သည်။ မျက်စိဖွင့်ကြည့်လိုက်သောအခါ မိဖော့တို့သားအမိအားလုံး ထမင်းစားနေကြသည်ကို တွေ့ရသည်။ မိဖော့က ငဘ အိပ်ရေးဝပါစေတော့ ဟူ၍ မနှိုးဘဲ ထားခြင်း ဖြစ်သည်။

ငဘ မျက်နှာသစ်ရန် ထလိုက်သောအခါ ထမင်းပွဲတွင် မိဖော့တို့သားအမိနှင့်အတူ ဖိုးလှပါ ဝိုင်းထိုင်နေသည်ကို တွေ့ရ၍ အံ့အားသင့်သွားသည်။

“ဘယ့်နှယ် ညကတော့ ခင်ဗျားမလာနိုင်ဘူးဆို”

“ကဲ…..ကဲ…..ကိုငဘက ထမင်းဝင်စားဦး၊ ပြီးမှ အလုပ်အကြောင်းပြောမယ်”

ထမင်းစားပြီး ဆေးလိပ်ခံတွင်းချဉ် ပြေအောင် သောက်ကြရင်း ငဘနှင့် ဖိုးလှတို့ ညက အဖြစ်အပျက်ကို စားမြုံ့ပြန်သည်။

“ဂျပန်တွေ မနည်းဘူးဗျို့၊ ကျုပ်တို့မှန်းတာက ၂၀ လောက်ပဲ မှန်းတယ်။ အခုတော့ ဆိတ်ကြီးကုန်း ရွာစောင့်တပ်က ပါလာပြီး ကြိုးဝိုင်းအောက်မှာ စုနေကြတာကလား၊ စိတ်အထင် တစ်ရာနီးပါးလောက် ရှိမယ်။ သမ္ဗာန်သုံးစင်းနဲ့ အထွက်မှာ ကျုပ်တို့ဘက်က အားလုံးပေါင်းမှ ခုနစ်ယောက် ရှိတယ်။ အဲဒီနှစ်ယောက်နဲ့ ချတာ သမ္ဗာန်နှစ်စင်းတော့ မီးလောင်ပြီး သွားတာပဲ၊ ဂျပန်တွေလဲ ကုန်သလောက်ပဲ၊ ကျုပ်လာတော့ အလောင်းတွေ ဆယ်တုန်းပဲဗျို့၊ တချို့လဲ ရေကျနဲ့ ပင်လယ်ထဲ ပါသွားမှာပါပဲ၊ စာရင်းအရတော့ ဂျပန်အလောင်းလေးဆယ် ရတယ်။ ကရင်ရွာစု ဗမာရွာစုကို တက်ပြီးခိုနေတဲ့ အကောင်တွေလဲ ရှိသေးတယ်။ ကရင်နှင့်ဗမာ တောသား ပြောက်ကျားတွေက အရှင်ဖမ်းတာက နှစ်ယောက်။ အသေဖမ်းတာက ငါးယောက်ရှိတယ်။ ကျုပ်-ဒီလာတာက သမ္ဗန်ကြီး တစ်စင်းမှာ ဂျပန်စစ်ဗိုလ် မျဉ်းသုံးကြောင်း ကြယ်နှစ်ပွင့်နဲ့ အကောင်ပါသွားတယ်။ တော်လှန်ရေးနဲ့ မသင်္ကာဘူး ဆိုပြီး ကျုပ်တို့ ဗမာ လူကြီးလူငယ်မရွေး ဖမ်းသွားတယ် ကြားတယ်။ အဲဒါ ဗိုလ်ကြယ်နီက သူတို့ မြို့တက်မယ့်လမ်းကို ပန်းပြီး တက်သွားလေရဲ့၊ ကျုပ်ကတော့ ဒီသမ္ဗန် ဒီကနေ့ တချောင့်ချောင် ဝင်ခိုလို့ အစအန ရရင် သတင်း အမြန်ပေးနိုင်ဖို့ ထွက်လာတာပဲ၊ ကိုငဘတို့ တဲက ချောင်ကျတော့ သည်တဲကို ဝင်နိုင်မှာ မဟုတ်ဘူး၊ ခင်ဗျားနဲ့ ကျုပ်နဲ့ မြစ်ကြီး ပိုးထောင့်ကွေ့က စောင့်ပြီး ကြည့်ရအောင်။”

ဤသို့ ဖိုးလှက နောက်ကြောင်းပြန်ပြီးသော် သမ္ဗန်ကြီးကို မြင်လျှင် ခြေမြန်တော်နှင့် အကြောင်းကြားရအောင် လက်ရွေးစင်လူများ ရွေး၏။ ပြီးသော် မြစ်ကြီး ပိုးဘက်သို့ ဖြတ်လမ်းမှ ဖိုးလှနှင့် ငဘတို့ လူစု ခြေကျင်သွားကြသည်။

ငဘက တော်လှန်ရေးကိစ္စများ ပြီးစီး၍ ကာလ ငြိမ်သက်သည့်အခါ သူပါ ပါဝင်ဆင်နွှဲခဲ့ရသော တိုက်ပွဲအကြောင်းကို ပြန်ပြောင်းပြောဆိုရာ၌ ထိုနေ့က ဖြတ်လမ်းမှ ခြေကျင် လျှောက်မိ၍သာ တစ်နည်းပိုကောင်းသည် ဟု ဆိုလေ့ရှိသည်။ ယင်းသို့ ခြေကျင်သွားသောကြောင့် မြစ်ကြီးပိုးတစ်လျှောက် မြို့ဘက် ပြန်မတက်ဘဲ ရေကျော်ထဲ ဝင်လာသော ဂျပန်စစ်ဗိုလ် သမ္ဗန်နှင့် လွဲသွား၍ ရေကျော်အတိုင်း သွားလျှင် ငဘရော ဖိုးလှပါ ဘယ်လိုမှ စီမံနိုင်မည် မဟုတ်။ ဂျပန်က တစ်ခါတည်း ပစ်သတ်လိုက်မည် ဖြစ်သည်။ ယခုမူ မိမိတို့ ဂျပန်သမ္ဗန်ကို စောင့်ရာ အကြောင်းမထူး၍ အိမ်အပြန်မှာမှ ဂျပန်များတဲကို ဝင်ခိုနေသည်ကို တွေ့ရ၍ ပါသွားသော လက်ပစ်ဗုံးများကို ကပျာကသီ ဝှက်ထားနိုင်သည်။ ငဘသားမက် ချက်ကြီးကမူ ရေကျော်အတိုင်း သွားခဲ့လျှင် ဂျပန်သမ္ဗန်ကို အနားကပ်ပြီး လက်ပစ်ဗုံးနှင့် ပစ်နိုင်သည်။ ယခုတော့ အလျင်မလိုသင့်သည့် နေရာမှာ အလျင်လို၍ အဖမ်းခံရပြီး ကံကြီးလွန်း၍သာ ဤအကြောင်းတွေ ပြန်ပြောနိုင်သည် ဟု ဆိုသည်။ သခင်မျိုးညွှန့်ခမျာမှာ အမိမခံရသင့်ဘဲ အမိခံရသည် ဟု ဆိုသည်။

ဖြစ်ပျက်ပုံမှာ ထိုနေ့က ညနေအထိ မြစ်ကြီးပိုးကွေ့မှာ စောင့်ရာ ဘာအကြောင်းမျှ မထူး၍ အိမ်ပြန်လာသည်။ ခပ်လှမ်းလှမ်းက ဂျပန်တွေ တဲပေါ် ရောက်နေသည်ကို တွေ့ရသည်။ ဖိုးလှက လက်ပစ်ဗုံးနှင့် ချိန်ရန် စိတ်ကူးသည်။ ငဘက မိဖော့တို့ သားအမိအကြောင်း ပြော၍ လက်ပစ်ဗုံးကို အသုံးမချရသည်သာမက လွတ်ရာကျွတ်ရာ၌ ဝှက်ထားခဲ့ရသည်။ ပြီးလျှင် တဲသို့ ပြန်လာသည်။

ဂျပန်တို့က မေးသည်။ သူတို့နှစ်ယောက်က ထင်းသွားခုတ်သည် ဟု စွပ်မိစွပ်ရာ ပြောရာ ထင်းခုတ်ဓား၊ လွှ စသည်တို့မပါ၍ မသင်္ကာစရာ ဖြစ်သော်လည်း ဂျပန်တို့က ယုံကြည်သည်။ သို့သော် ကံဆိုးချင်တော့ သည်အထဲ ဖြိုးတုပ်ပါလာသည်ကို တွေ့ရသည်။

ဖြိုးတုပ်က ငဘကို မြင်လျှင် ဂျပန်စစ်ဗိုလ်အား လက်ကုတ်သည်။ ဂျပန်စစ်ဗိုလ်လည်း ဖြိုးတုပ် ဂျပန်လိုပြောမှ ပြူးတူးပြဲတဲ ဖြစ်ပြီး ငဘနှင့် ဖိုးလှကို ခေါ်သည်။ ဖြိုးတုပ်က စကားပြန်အနေနှင့် စစ်သည်။

ဂျပန်ကိုယ်စားလှယ် ဖြိုးတုပ်က ငဘကို စွဲချက်တင်သည်။ ပထမ ငဘသည် တော်လှန်ရေးသမား ဖိုးလှ ခေါ် သခင်မျိုးညွှန့်အား လက်ခံသော ပြစ်ချက်၊ ဒုတိယ ငဘသည် သူ၏ သမက်လောင်း ချက်ကြီးမှာ တော်လှန်ရေး ဗမာ့တပ်မတော်ထဲ ရောက်နေသည်ကို သိလျက်နှင့် သတင်းမပေးသော ပြစ်ချက်၊ ဤနှစ်ချက်နှင့် စွဲချက်တင်သည်။

ဖြိုးတုပ်က သခင်မျိုးညွှန့်ကို စွဲချက်တင်ပြန်သည်။ တစ်အချက်မှာ သခင်မျိုးညွှန့်သည် ရဲအဖွဲ့မှ ရှောင်တိမ်းနေသူ ဖြစ်သည်။ နှစ် အချက်မှာ ရဲအဖွဲ့ သတင်းပေးအရ သခင်မျိုးညွှန့်သည် ဒေးဒရဲ သခင်များနှင့် အဆက်အသွယ်လုပ်၍ တော်လှန်သူ ဖြစ်သည်။

ငဘက သူ ဘာမျှ မသိပါဟု ဆိုသည်။ သခင်မျိုးညွှန့်က သူ ဖိုးလှဖြစ်ပါသည်ဟု ထွက်သည်။

ထိုအခါ ဖြိုးတုပ်က “ဟေ့-မင်းတို့နှစ်ယောက်ကို ငါ သိပါတယ်ကွ။ ငါ့ကို ဖြီးမနေပါနဲ့။ ဗိုလ်ကြီးမာစတာကို ငါ ဟုတ်သလောက် ပြောပြပြီးပါပြီ” ဟု ဆိုလေ၏။

“ဟေ…..ဒီလိုကြေးလား ဖြိုးတုပ်ရဲ့ မင်းဟာ သခင်နာမည်တပ်ပြီး သစ္စာဖျက်လုပ်ငန်း လုပ်နေတယ်ဆိုတာ ငါသိပါတယ်ကွ။ နို့ပေမယ့် ဒီလောက် ဗြောင်ရိုင်းလိမ့်မယ် မထင်ဘူး။ မင့်လိုလူမျိုးဟာ အသက်ရှည်နိုင်လွန်းသကွာ၊ ခွေးမသား။”

ဤစကားဆုံးလျှင်ပင် ဖြိုးတုပ်သည် ပါးချပ်၌ လက်သီးခသွား၍ မြေပေါ်၌ ပုံလျက်လဲ၏။

ဂျပန်စစ်ဗိုလ်လည်း ရှူးရှူးရှဲရှဲ ဖြစ်ကာ ငဘနှင့် သခင်မျိုးညွှန့်တို့ကို ခြောက်လုံးပြူးနှင့် ချိန်၍ ဖမ်းဆီးပြီး သမဲ့ပင်ကြီး၌ ချည်ထားသော လယ်သမားတို့ထံမှ အဓမ္မလုယူခဲ့သော သမ္ဗန်ထဲသို့ ခေါ်ဆောင်၏။ လမ်းတစ်လမ်းလုံး သခင်မျိုးညွှန့်က သူ တော်လှန်ရေးသမား အစစ် ဖြစ်သည်။ ငဘမှာ ဘာမျှမသိ။ ငဘ၌ အပြစ်မရှိ။ လွှတ်လိုက်ပါ ဟု စစ်ဗိုလ်ကို ပြောသည်။ သို့သော် မရ။ နှစ်ဦးသား ကန့်လန့်ကန့်လန့်နှင့် ပါသွားသည်။

သမ္ဗန်ထဲ၌ ဂျပန်စစ်သား သုံးဆယ်ခန့်၊ ရဲသားနှစ်ယောက်၊ ဂျပန်ထံသို့ နိုင်ငံရေးအကျဉ်းသမား ဟု ဆိုပြီး လာပို့ထားသော ဗမာခြောက်ယောက်တို့ကို တွေ့ရလေ၏။

နိုင်ငံရေးအကျဉ်းသမားထဲတွင် ဦးသာဂေါင်ကို တွေ့ရသောအခါ ငဘမှာ များစွာ အံ့အားသင့်သည်။ ခြေကိုဖက်၍ ငိုကြွေးသည်။

ဦးသာဂေါင်မှာ ချက်ကြီး၏ ဦးလေးတော်သူ ဖြစ်၍ အဖမ်းခံရသည် ဆိုသည်။

‘ငါတော့ ဘာမျှ မသိဘူးကွာ၊ သူတို့ကို ကြောက်လွန်းလို့ ချွေးတပ်ဆိုလဲ စုပေးရတာပဲ။ စပါးပို့ဆောင်ရေးဆိုလဲ ပို့ပေးရတာပဲ။ တလောက ရပ်ရွာမှာ သူခိုးသူဝှက်များလို့ ဖဲဝိုင်းတေါ ပိတ်ပင်ဖို့ဆိုပြီး ရဲအဖွဲ့နဲ့ အတိုက်အခံ ပြောဖူးပါရဲ့။ အဲဒီနောက်မှ ချက်ကြီးအကြောင်း ရဲကြပ် ခဏခဏ လာစစ်တော့တာပဲ။ သူ လာစစ်ပြီး များမကြာမီ ကမ်းရိုးတန်းစစ်တပ်က စစ်ဗိုလ်က အလိုရှိတယ်ဆိုပြီး ဖမ်းလို့ လိုက်ခဲ့ရတယ်။ ညကလဲ ဒုန်းဒုန်း အသံတွေထဲက လွတ်ထွက်လာတာပဲ’

‘ဒါနဲ့တောင် ညကအကြောင်း ကျုပ်တို့ကို မမေးဝံ့သေးဘူးဗျို့။ ခွေးသားတွေ ကျုပ်တို့ကို နောက် ဘယ်လို ညှဉ်းဦးမလဲ မသိသေးဘူး။ ဒီကိစ္စကို ကျုပ်တော့ သေသည်အထိ ကွယ်ထားမှာပဲ’ ဟု သခင်မျိုးညွှန့်က တိုးတိုးပြောလေသည်။

ထိုနေ့ညနေ သမ္ဗန်ကို မှောင်ခိုခတ်လာရသည်။ လထွက်ပြန်သော် မတက်သာ၍ မြစ်ကြီးပိုး အလယ်ခေါင်တွင် ပြောင်ပြောင်ပင် ထွက်၍ ရွက်နှင့် နှင်ခဲ့လေသည်။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts