ရုပ်လွှာအပြင်အဆင်နဲ့ လုပ်နိုင်စွမ်း

ရုပ်လွှာအပြင်အဆင်နဲ့ လုပ်နိုင်စွမ်း

၁၉၅၅ ခုနှစ် ဆောင်းရာသီ… တကယ်လို့ ကျွန်မ အလုပ်ရှာမရခဲ့ရင် စိတ်ပျက်လက်ပျက်နဲ့ ပြည်တော်ပြန်ဖို့က ကျွန်မအတွက် တစ်ခုတည်းသော ရွေးချယ်ရာလမ်းဖြစ်ခဲ့မှာပါ။ 
    ကျွန်မနောက်ထပ်တစ်ခါ ပယ်ချခံလိုက်ရပြန်ပါပြီ။ အင်တာဗျူးသူရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ကျွန်မအရမ်းပေါက်ကွဲချင်ခဲ့မိတယ်။ ကျွန်မရဲ့ အပြင်အဆင် သွင်ပြင်က ကျွန်မရဲ့ ပညာအရည်အချင်းနဲ့ မအပ်စပ်ဘူးဆိုပြီး ကျွန်မကို သူဆက်ပြီး အင်တာဗျူးမလုပ်တော့ပါဘူး။ ကျွန်မရဲ့ အပြင်အဆင်ကို ကျွန်မ ခေါင်းငုံ့ပြီး ကြည့်လိုက်ပါတယ်။ ကျွန်မရဲ့ ဝတ်စားဆင်ယင်မှုကြောင့်ဖြစ်တယ်ဆိုတာကို သိသာသွားပါတယ်။ ကျွန်မကို သူအထင်သေးသွားပါတယ်။ သူ့ရဲ့ အထင်သေးမှုကို ကျွန်မရဲ့ လုပ်နိုင်စွမ်းနဲ့ ချေဖျက်နိုင်တယ်လို့ ကျွန်မအာမခံရဲပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ လုပ်နိုင်စွမ်းကို ပြသဖို့ ကျွန်မအခွင့်အရေးမရခဲ့ပါဘူး။
    ကျွန်မရဲ့ အိမ်ရှင် စလီနာ(Selena)က စည်းကမ်းကြီးပြီး ကြမ်းတမ်းခက်ထန်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးပါ။ ည၁၂ နာရီမတိုင်ခင် ကျွန်မအိပ်ရာဝင်ရမယ်လို့ သူ သတ်မှတ်ထားပါတယ်။ ၁၀ မိနစ်အတွင်း ရေချိုးပြီးရမယ်။ အဝတ်အစားသပ်သပ်ရပ်ရပ် မဝတ်ထားရင် သူ့ဧည့်ခန်းထဲ မဝင်ရ၊ သူ့ရဲ့ လှပတဲ့ မီးဖိုဆောင်မှာ ကျွန်မရဲ့ တရုတ်ဟင်းလျာမချက်ရ၊ သူ့ဧည့်သည်တွေ အိမ်ကို အလည်လာရင် ကျွန်မ နှုတ်ခမ်းနီဆိုးထားရမယ်ဆိုတဲ့ အထိ သူ သတ်မှတ်ထားပါတယ်။
စလီနာလို စည်းကမ်းကြီးတဲ့ အင်္ဂလိပ်အမျိုးသမီးကို ကျွန်မ အရမ်းမုန်းမိပါတယ်။ ဒါပေမဲ့ အိမ်ငှားတွေထဲမှာတော့ စလီနာဟာ အကောင်းဆုံး အိမ်ရှင်ဖြစ်တယ်လို့ လူတိုင်းက ပြောကြပါတယ်။
    သူဘယ်နေရာကောင်းမှန်း ကျွန်မမမြင်မိပါဘူး။ ပြောပြရရင် ကျွန်မ အင်တာဗျူးကျပြီး ပြန်လာတိုင်း မီးဖိုထဲမှာ စားစရာတစ်ခုမှ ကျန်မနေတတ်ပါဘူး။ တကယ်လို့ အပေါ်ထပ်တက်ချိန် ခြေသံထွက်ရင် သူက အိပ်ခန်းတံခါးဝမှာ ရပ်ပြီး အသံကျယ်ကြီးနဲ့ ကျွန်မကို အပြစ်ဆိုတတ်ခဲ့ပါတယ်။
    ကျွန်မခေါင်းလျှော်ပြီးတာနဲ့ ခုတင်ပေါ်မှာ ထိုင်ပြီး တစ်ဖက်က သတင်းစာကြည့်ရင်း တစ်ဖက်က အပြင်က ဝယ်လာတဲ့ ပေါင်မုန့်ကို စားနေခဲ့ပါတယ်။ ဒါဟာ စလီနာရဲ့ စည်းကမ်းကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ အိမ်ပေါ်ကို သူ တစ်ဟုန်ထိုးပြေးတက်လာပြီး ကျွန်မရဲ့ သတင်းစာနဲ့ ပေါင်မုန့်ကို လုယူသွားပါတယ်။ ပြီးတော့ “မင်းဟာ အဆင့်အတန်းမဲ့လိုက်တဲ့ တရုတ်မပဲ။ ငါ့အိမ်ကနေ ထွက်သွားစမ်း”လို့ အင်္ဂလိပ်လို အော်ပြောပါတော့တယ်။
    ဆံပင်ဖားလျားနဲ့ ညဝတ်အကျႌပေါ် အနွေးထည်ထပ်ဝတ်ပြီး နေအိမ်ကနေ ကျွန်မပြေးထွက်လာခဲ့ပါတယ်။
ကျွန်မဟာ ကောင်းမွန်တဲ့ အောင်မှတ်၊ လှပတဲ့လုပ်နိုင်စွမ်းနဲ့ ၂၅နှစ်လုံးလုံး အောင်လံတလူလူလွှင့်ထူခဲ့သူပါ။ ဘယ်သူကမှ ကျွန်မကို အဆင့်အတန်းမဲ့တယ်လို့ မပြောခဲ့ပါဘူး။
    ကျွန်မတို့မဆင်းရဲပါဘူး။ ဒါပေမယ့် လုပ်နိုင်စွမ်း၊ အရည်အချင်း အရေးကြီးဆုံးလို့ မေမေက ကျွန်မကို ၂၅ နှစ်လုံးလုံးပြောခဲ့ပါတယ်။ ရုပ်ရည်ကို ကြည့်ပြီး လူရွေးချယ်တာဟာ ဒီနိုင်ငံမှာ တရားမျှတဲ့ စကားလုံး ဖြစ်ခဲ့တာကို ကျွန်မနားမလည်ဖြစ်ခဲ့ရတယ်။ ဒါဟာ ကျွန်မရဲ့ ၂၅ နှစ်တာ လူ့ဘဝကိုစော်ကားလိုက်တာပဲ ဖြစ်ပါတယ်။
ကျွန်မစိတ်တိုတိုနဲ့ ကော်ဖီဆိုင်တစ်ဆိုင်ထဲ ပြေးဝင်လိုက်ပါတယ်။ ရာသီဥတုကလည်း အေးလွန်းပြီး ကျွန်မလည်း အရမ်းဆာနေခဲ့ပါတယ်။
    ကော်ဖီဆိုင်မှာ လူကျနေပါတယ်။ ဝန်ထမ်းတစ်ဦးက ကျွန်မကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ပြီး နေရာလွတ်တစ်ခုဆီ လမ်းပြပါတယ်။ ဒါဟာ ဆိုင်ထဲမှာ တစ်ခုတည်းသော နေရာလွတ်ပါ။ ကျွန်မရဲ့ မျက်နှာချင်းဆိုင်မှာ အင်္ဂလိပ်မကြီးတစ်ဦးထိုင်နေပါတယ်။ သူ့ကို ကြည့်ရတာ စလီနာထက်ပိုပြီး ဇီဇာကြောင်မယ့်ပုံပါပဲ။ သူဟာ အယ်လီဇဘတ်ဘုရင်မလို မြင့်မြတ်ခန့်ညားစွာနဲ့ ထိုင်နေခဲ့ပါတယ်။ ညဝတ်အကျႌဖားဖားအောက်က အားကစားဖိနပ်ကို ကျွန်မအမှတ်တမဲ့ ရုပ်လိုက်မိပါတယ်။ ပြီးတော့ သူ့စကပ်အောက်က အသားကပ်ခြေအိတ်နဲ့ လှပတဲ့ ဒေါက်ဖိနပ်ကို ကျွန်မကြည့်လိုက်မိပါတယ်။ ဒီလို အသက်အရွယ်နဲ့တောင် သူဟာ ဒီလို ဖိနပ်မျိုးကို လှလှပပဆွဲဆောင်မှုရှိအောင် ဝတ်ထားနိုင်ပါသေးတယ်။
    ဥရောပတိုင်းပြည်က အဆင့်မြင့် စားသောက်ဆိုင် တော်တော်များများက အဝတ်အစားမသပ်မရပ်ရင် ဆိုင်ထဲပေးမဝင်ပါဘူး။ ဒီဆိုင်ထဲ ကျွန်မဝင်လာနိုင်တာဟာလည်း တန်ဖိုးမနည်းတဲ့ အနွေးထည်ကို ကျွန်မဝတ်ထားလို့ပဲ ဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။ ဒေါသကို ခဏတာ ကျွန်မရုပ်သိမ်းပြီး “ကော်ဖီတစ်ခွက်ပေးပါ။ ကျေးဇူးတင်ပါတယ်”လို့ ပြောလိုက်ပါတယ်။
ဆိုင်ဝန်ထမ်းထွက်သွားပါတယ်။ မျက်နှာချင်းဆိုင်က အမျိုးသမီး ကျွန်မကို ကြည့်မနေပါဘူး။ ဒါပေမဲ့ သူက စာရွက်တစ်ရွက်နဲ့ စာတစ်ကြောင်း ရေးပြီး ကမ်းပေးပါတယ်။ စာရွက်ပေါ်မှာ လက်ရေးအင်မတန်လှတဲ့ အင်္ဂလိပ်စာလုံးနဲ့ ဒီလိုရေးထားပါတယ်။
    “မင်းရဲ့ဘယ်ဘက်နောက်ကျောထောင့်ကွေ့မှာ သန့်စင်ခန်းရှိတယ်”
    သူ့ကို ကျွန်မခေါင်းမော့ကြည့်လိုက်တယ်။ သူက ကြော့ရှင်းသိမ်မွေ့တဲ့ ဟန်ပန်နဲ့ ကော်ဖီသောက်နေခဲ့ပါတယ်။ ကျွန်မဘက်ကို တစ်ချက်တောင် လှည့်မကြည့်ပါဘူး။ မကျေနပ်မှုကို ဘယ်လို စကားလုံးနဲ့ ကျွန်မဖော်ပြရမှန်း မသိခဲ့ပါဘူး။ လေးစားမှုမခံရတာဟာ ဖြစ်သင့်ပါတယ်လေလို့ ပထမဆုံး အကြိမ် ကျွန်မခံစားလိုက်မိပါတယ်။
    လေတိုက်ခံထားရတဲ့ ကျွန်မရဲ့ ဆံပင်တွေ ရှုပ်ပွနေပါတယ်။ ကျွန်မရဲ့ နှာခေါင်းဘေးမှာလည်း ပေါင်မုန့် အကြွင်းအကျန်တချို့ကပ်နေပါသေးတယ်။ ကျွန်မရဲ့ အနွေးထည်က တန်ဖိုးမနည်းဘူးဆိုပေမယ့် ကျွန်မရဲ့ ညဝတ်အင်္ကျီက ဟောင်းနွမ်းနေခဲ့ပါပြီ။ ကျွန်မကိုယ်ကျွန်မ ပထမဆုံး အကြိမ်ကြည့်မရဖြစ်ခဲ့ပါတယ်။ ဒီလို အပြင်ဆင်က ကျွန်မကိုယ်ကျွန်မဘယ်လောက်မလေးစားသလဲ၊ ပြီးတော့ တခြားသူကိုလည်း မလေးစားရာရောက်နေခဲ့ပါတယ်။ နေ့လယ်က အင်တာဗျူးသွားချိန် ကျွန်မရဲ့ ဖြစ်သလို ပြင်ဆင်ခဲ့မှုကို ကျွန်မသတိရလာခဲ့ပါတယ်။ ဒါဟာလည်း အဆင့်မြင့်ရာထူး မန်နေဂျာတစ်ဦးကို ကျွန်မ မလေးစားရာရောက်ခဲ့တာပဲ မဟုတ်လား။
    ထိုင်ခုံနေရာဆီ ကျွန်မပြန်ရောက်ချိန် အဲဒီအမျိုးသမီးမရှိတော့ပါဘူး။ နူးညံ့ပျော့ပျောင်းတဲ့ စားပွဲခင်းပေါ်က စာရွက်ပေါ်မှာ လှပတဲ့ လက်ရေးနဲ့ အင်္ဂလိပ်စာကြောင်းတစ်ကြောင်း ထပ်ရေးထားတာကို တွေ့လိုက်ပါတယ်။
    “မိန်းကလေး တစ်ဦးဖြစ်ပြီး မင်း ကြော့ရှင်းရည်မွန် ယဉ်ကျေး သိမ်မွေ့ရတယ်။ ဒါဟာ မိန်းမတို့ရဲ့ ဂုဏ်သိက္ခာဖြစ်တယ်”
    ကော်ဖီဆိုင်ထဲကနေ ကျွန်မ အပြေးတစ်ပိုင်း ထွက်လာခဲ့တယ်။ စလီနာက ဧည့်ခန်းမှာ ထိုင်ပြီး ကျွန်မကို စောင့်နေပါတယ်။ ကျွန်မကို တွေ့တာနဲ့ သူက ကျွန်မ အချိန်ကျော်ပြီး ၁၂ နာရီ ၁၀ မိနစ်မှ အိမ်ပြန်ခဲ့တဲ့အတွက် မနက်ဖြန်မှာ သူ့ကို ကျွန်မ မြတ်ရိတ်ကူရမယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ သူ့အပြောကို ကျွန်မလက်ခံပြီး သူ့ကို တောင်းပန်လိုက်ပါတယ်။
စလီနာက ကျွန်မကို အသုံးဝင်တဲ့အရာတွေ အများကြီးသင်ပေးခဲ့တယ်ဆိုတာကို ကျွန်မသတိပြုမိလိုက်ပါတယ်။ ၁၂နာရီမတိုင်ခင် အိပ်ရာဝင်တာဟာ နောက်တစ်နေ့မှာ ကျွန်မကို အင်အားပြည့်ဖြိုးစေပါတယ်။
    သေသပ်တဲ့ ဝတ်စားဆင်ယင်မှုက ကျွန်မကို လူလေးစားမှုခံစေပါတယ်။
    ဒေါက်ဖိနပ်စီး၊ နှုတ်ခန်းနီဆိုးတာဟာ လူကြီးလူကောင်းဆန်သူတွေရဲ့ အကူအညီကို ရစေပါတယ်။
    မိမိကိုယ်ကို ယုံကြည်စိတ်တွေ ပြည့်ဝလာတယ်လို့ ကျွန်မ စပြီး ခံစားမိပါတယ်။ ကျွန်မ အရည်အချင်း ရှိမရှိ၊ လုပ်နိုင်စွမ်း ရှိမရှိကို ကျွန်မရဲ့ ကိုယ်ရေးမှတ်တမ်းကြည့်ပြီး ဆုံးဖြတ်တာမျိုး ကျွန်မ ထပ်မလိုလားတော့ပါဘူး။
    နောက်ဆုံးတစ်ကြိမ် ကျွန်မအင်တာဗျူးသွားခဲ့တာက နာမည်ကြီး တံဆိပ် အလှကုန် ဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကျွန်မရဲ့ ကြော့ရှင်းသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုက ကျွန်မကို အမှတ်တိုးစေခဲ့ပါတယ်။ အဲဒီကုမ္ပဏီက အရာရှိအမျိုးသမီးက ကျွန်မကို “မင်း အရမ်းထူးချွန်ထက်မြက်တယ်… ငါတို့ ကုမ္ပဏီက မင်းကို ကြိုဆိုပါတယ်” လို့ ပြောခဲ့ပါတယ်။
    အဲဒီ အမျိုးသမီးက ကျွန်မ ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့ အမျိုးသမီးဖြစ်မယ်မှန်း ကျွန်မလုံးဝ တွေးထင်မထားခဲ့မိပါဘူး။ သူက အလှကုန်ဖြန့်ချိရေးမှာ ဘုရင် တစ်ဆူအဖြစ် နာမည်ကြီးသူဖြစ်ပါတယ်။
    “ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်.. မိန်းကလေးတစ်ဦးဖြစ်ပြီး ကြော့ရှင်းရည်မွန် ယဉ်ကျေးသိမ်မွေ့ရတယ်ဆိုတဲ့ စကားတစ်ခွန်းအတွက် ကျွန်မအရမ်းကျေးဇူးတင်ပါတယ်”
    ကျွန်မကို သူမှတ်မိပုံမရခဲ့ပေမယ့် သူ့ကို ကျေးဇူးတင်ကြောင်း ကျွန်မပြောခဲ့ပါတယ်။
    ဟုတ်ပါတယ်… သင်ကိုယ်တိုင်တောင် မလေးစားချင်တဲ့ အပြင်အဆင်နဲ့ သင့်ရဲ့ အတွင်းစိတ် ထူးချွန်ထက်မြက်မှုကို မြင်ဖို့ရာ ဘယ်သူကမှ တာဝန်ယူမှာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင်ပဲ တာဝန်ယူရပါတယ်။
    “မိန်းကလေး တစ်ဦးဖြစ်ပြီး ကြော့ရှင်းရည်မွန် ယဉ်ကျေး သိမ်မွေ့ရတယ်။ ဒါဟာ မိန်းမတို့ရဲ့ ဂုဏ်သိက္ခာဖြစ်တယ်”ဆိုတဲ့ စကားကို ကျွန်မအမြဲအမှတ်ရနေခဲ့ပါတော့တယ်။

စာရေးဆရာမ ⇒Nine Nine Sanay @ နိုင်းနိုင်းစနေ

Related Posts